မိဘများ ဘာတွေ မှားနေကြသလဲ

mother-is-scolding-child-3DGNA9Y-e1564576972156.jpg

အခု ဖော်ပြမှာကတော့ မြန်မာ မိဘအချို့ရဲ့ သားသမီး ပြုစုပျိုးထောင်ရာမှာ မှားယွင်းနေကြတဲ့ အချက်တွေ ဖြစ်ပါတယ်။ တချို့ မိဘတွေဆိုရင် ဒီ အမှားတွေကို အစဉ်အလာနဲ့ ကျင့်သုံးလာကြသလိုတောင် ဖြစ်နေကြပါပြီ။ ဒါပေမဲ့ အချိန်တန်လို့ ကလေးအရွယ်က လူကြီးတွေ ဖြစ်လာတဲ့ အခါမှာ အဲဒီ အမှားတွေဟာ သားသမီး အပေါ်တင်မက သူ့ပတ်ဝန်းကျင် အပေါ်ကိုပါ အကျိုးသက်ရောက်မှု ရှိတာမို့ ရှောင်ရှားနိုင်အောင် ဖော်ပြလိုက်ရပါတယ်။

“ကလေးပဲ၊ အလုပ် လုပ်စရာ မလိုဘူး“

သားသမီးတွေကို ဟိုး ငယ်ငယ်ကလေးထဲက ကိုယ့်တာဝန် ကိုယ်ယူတတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ စာမေးပွဲ နီးချိန်၊ အခြား မအားလပ်ချိန်တွေက လွဲပြီး ကိုယ့်ပန်းကန် ကိုယ်ဆေးတတ်အောင်၊ ကိုယ့်အဝတ်အစား ကိုယ်လျှော်၊ မီးပူတိုက်တတ်အောင် အကျင့်လုပ်ထားပေးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အပင်ပန်းခံ အကုန် လိုက်လုပ်ပေးနေတာဟာ ကလေးကို ချစ်တာ မဟုတ်ဘဲ နှစ် နေတာပါ။ နောင်တစ်ချိန် မိဘမဟုတ်တဲ့ တခြားသူတွေနဲ့ ဆက်ဆံရတဲ့ အခါမှာ ကိုယ့်လက်ကိုယ့်ခြေ လုပ်ကိုင်နိင်ဖို့ ငယ်ငယ်လေးကတည်းက ဖြည်းဖြည်းချင်း လေ့ကျင့်ပေးသွားသင့်ပါတယ်။

“အိမ်မှာပဲ ကစား တော်ရောပေါ့။ တခြား သွားမကစားနဲ့“

ချစ်လွန်းတဲ့ အခါ သားသမီးကို မျက်စိအောက်က ပျောက်မှာ စိတ်ပူတတ်ကြပါတယ်။ ဒါပေမဲ့ ကလေးရဲ့ ဉာဏ်ရည်၊ ဒေသ ပတ်ဝန်းကျင်ကို လေ့လာ စူးစမ်းမှုနဲ့ ကလေးအချင်းချင်း လူမှု ဆက်ဆံရေးမှာ တိုးတက်ဖို့ ဆိုရင် တခြားကလေးတွေနဲ့ ဆော့ကစားစေဖို့ လိုပါတယ်။ ဒီဘက်ခေတ်မှာ စိတ်မကောင်းစရာ တစ်ခုကတော့ ကလေးတွေ ပြေးလွှား ကစားနိုင်မယ့် နေရာတွေ သိပ်မရှိတော့တာပါ။ ဒါပေမဲ့ ကိုယ့်ကလေးကို တခြားကလေးတွေနဲ့ အသိအကျွမ်းဖွဲ့ဖို့၊ အတူ ကစားဖို့ အားပေးသင့်ပါတယ်။ ငယ်ငယ်က ကလေးချင်း ရင်းရင်းနှီးနှီး ကစားခွင့် မကြုံခဲ့ရင် ကြီးလာတဲ့ အခါ လူတောသူတော တိုးရမှာ ရှက်ကြောက်တာတွေ ရှိလာနိုင်ပါတယ်။

“သူများတွေတောင် လုပ်တတ်တယ်၊ မင်းက မလုပ်တတ်ဘူးလား“

ကိုယ့်သားသမီးကို တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ဆူပူကြိမ်းမောင်းတာဟာ အန္တရာယ် များပါတယ်။ ကလေးရဲ့ စိတ်ထဲမှာ “ငါ့ မိဘက ငါ့ကို လိုချင်တာမဟုတ်ဘဲ တခြားကလေးကိုသာ လိုချင်တာ၊ချစ်တာ“ ဆိုတဲ့ စိတ်မျိုးတွေ ဝင်သွားနိုင်တယ်။ ပြီးတော့ ခဏခဏ နှိုင်းယှဉ်ခံနေရရင် တခြား ကလေးအပေါ် ရန်ငြိုးဖွဲ့တာတွေ၊ မလိုမုန်းထားတာတွေအထိ ဖြစ်လာနိုင်ပါတယ်။

သားသမီးရှေ့မှာ ရန်ဖြစ်တာ

အိမ်ထောင်သည်ချင်း ကတောက်ကဆဖြစ်တာ၊ အငြင်းပွားကြတာက ဖြစ်နိုင်ချေ ရှိပေမဲ့ သားသမီးရှေ့မှာ မလုပ်တာ အကောင်းဆုံးပါပဲ။ မိဘချင်း ပဋိပက္ခဖြစ်တာ၊ ကွာရှင်း ပြတ်စဲတာတွေကို ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ဘဝမှာ စိတ်ထိခိုက်လွယ်သူ ဖြစ်လာနိုင်ချေများတယ်လို့ လေ့လာ ဆန်းစစ်ချက်တွေအရ သိရပါတယ်။ “အဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်လဲ “ ဆိုပြီး အပျော်သဘောစပြီး တစ်ခုခု အတင်းဖြေခိုင်းတာကနေ “နင်က နင့်အဖေနဲ့ တစ်ပုံစံတည်းပဲ “ ဆိုပြီး ဆူပူကြိမ်းမောင်းတာတွေဟာလည်း ကလေးကို အပြစ်ရှိ ခံစားစိတ် (guilt) ဖြစ်စေတာမို့ မလုပ်သင့်ပါဘူး။

သားသမီးကို ချစ်ရင် ချစ်ကြောင်း မပြတာ

နံပါတ်(၁) မှာ ဖော်ပြခဲ့တဲ့ အချက်နဲ့ လုံးလုံး ဆန့်ကျင်နေတဲ့ သဘောထားဖြစ်ပေမယ့် ဒီအချက်ဟာလည်း တော်တော်မှားနေတဲ့ အချက်ပါ။ ရှေးရိုးစွဲ မြန်မာလူမျိုး မိဘအချို့ဟာ သားသမီးကို ချစ်ကြောင်း မပြကြဘူး၊ နမ်းချင်ရင်တောင် သားသမီး အိပ်ပျော်သွားမှ ခိုးနမ်းကြပါတယ်။ တကယ်တမ်းမှာတော့ သားသမီးအပေါ် မေတ္တာထားကြောင်း ပြတယ်ဆိုရင် ကလေးမှာလည်း သူ့ကိုယ်သူ ယုံကြည်မှု တိုးတက်စေပါတယ်။

မွေးကင်းစကနေ အသက် (၃) နှစ်ကြားမှာ မိဘရဲ့ ချစ်ခင် ဂရုစိုက်မှုကို ခံရတဲ့ကလေးတွေဟာ ကျောင်းစာပိုင်းမှာရော လူမှုဆက်ဆံရေးပိုင်းမှာပါ သိသိသာသာ ကောင်းမွန်ကြတယ်လို့ ၂၀၁၄ ခုနှစ် ဗြိတိန်နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသန တစ်ခုအရ တွေ့ရှိရပါတယ်။

မိဘ တချို့က ကလေး ကောင်းကောင်းမွန်မွန် နေထိုင်တဲ့ အခါ ချီးကျူးဖို့ ပျက်ကွက်ပေမယ့် အပြစ်ရှိလာရင် အမြဲ ဆူတတ် အပြစ်ပေးတတ်ကြပါတယ်။ ဒါလည်း အမှားတစ်ခုပါ။ ကလေးရဲ့ ကောင်းကွက်တွေကို အသိအမှတ်ပြုပေးဖို့ ပျက်ကွက်တာ များနေရင်၊ အပြစ်ပဲ ဖိတင်နေရင် ကလေးဟာ မလုပ်ရဲ့၊ မကိုင်ရဲ၊ မတို့ရဲ၊ မထိရဲ နဲ့ ထိုင်းမှိုင်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးစေပါတယ်။

ဒီအဖြစ်အပျက်တွေဟာ သားသမီး အသက်ကြီးလာတဲ့ အထိ အရိပ်မည်းတွေလို လွှမ်းမိုးနေမှာမို့ မိဘတွေအနေနဲ့ မပြုလုပ်မိအောင် သတိထား ရှောင်ကြဉ်သင့်ပါတယ်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top