ငယ်စဉ်ကတည်းက တတ်မြောက်သင့်တဲ့ ဘဝသင်ခန်းစာတွေ

35151298_175379333312598_6460223793548754944_n.jpg

ဘဝမှာ အဆင်ပြေပြေနဲ့ ရှင်သန် နေထိုင်နိုင်ဖို့အတွက် အခြေခံကျတဲ့ ဘဝသင်ခန်းစာတစ်ချို့ကို ကလေးဘဝကတည်းက တတ်မြောက်ထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း အသက်တွေကြီးလာတဲ့အခါ အမှီအခိုကင်းကင်းနဲ့ ရှင်သန်နေထိုင်နိုင်မှာလေ။

အနာဂတ်မှာဘာဖြစ်မလဲဆိုတာ ဘယ်သူမှကြိုတင်မသိနိုင်ပါဘူး။ ရှေ့လျှောက် ကြုံလာမယ့်အခက်အခဲတိုင်းကို သူတို့လေးတွေ ကြံ့ကြံ့ခံဖြေရှင်းနိုင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။

ကျွန်တော်၊ ကျွန်မတို့ရဲ့ကလေးတွေကို ဘယ်လိုအရာတွေမဖြစ်မနေ သင်ကြားပေးသင့်တာလဲလို့မေးရင်တော့ ဒီဘက်ခေတ်ကြီးထဲ ရှေးရိုးစွဲအဆုံးအမတွေလို့ပြောပြောနေတတ်တဲ့ အခြေခံဘဝသင်ခန်းစာလေးတွေပါပဲ။ အခုပြောပြပေးမယ့်နည်းလမ်းလေးတွေက အစပဲရှိပါသေးတယ်။ ဒါပေမယ့်မဖြစ်မနေ သင်ပေးရမယ့်အရာတွေပါ။ ကလေးရဲ့အသက်အရွယ်နဲ့ ဥာဏ်ရည်ဥာဏ်သွေးပေါ်မူတည်ပြီး လိုအပ်သလိုပြောင်းလဲ သင်ကြားပေးနိုင်ပါတယ်။

၁။ လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေ

ကလေးတွေနဲ့ ဒီလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေက ဘာဆိုင်လို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဆိုတော့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုပြီး ပြောင်းပြောကြည့်ကြရအောင်။ အတူတူပါပဲ။ နုနယ်ငယ်ရွယ်လွန်းတဲ့ သူတို့လေးတွေအတွက် ဒီအရာက စောလွန်းပါသေးတယ်။ ဆိုပေမယ့် နောက်လည်း မကျတော့ပါဘူး။ နောင်တစ်ချိန်လူမှုဘဝမှာရော၊ လုပ်ငန်းခွင်ထဲမှာရော အရေးကြီးလာမယ့်အရာဖြစ်လို့ နားလည်အောင်သင်ပြထားဖို့လိုပါတယ်။ အခုနေပြောပြလည်း အယူအဆတွေအားလုံးကို နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ အလေ့အကျင့်ပေးလို့တော့ ရပါတယ်။

ဥပမာအားဖြင့် ပန်းပင်ရေလောင်းခိုင်းတာမျိုးတွေ၊ ရေခဲသေတ္တာထဲ ကြက်ဥစီခိုင်းတာမျိုးတွေ၊ အိမ်သန့်ရှင်းခိုင်းတာမျိုးတွေနဲ့ မီးဖိုချောင်မှာ အတူတူ ဝိုင်းကူခိုင်းတာမျိုးတွေပါ။ ဒါကကိုယ့်ကလေးကို ခိုင်းနေတာမဟုတ်ပါဘူး။ တာဝန်ယူမှု၊ တာဝန်သိတတ်မှုရှိဖို့ လမ်းပြပေးနေတာပါ။ ဘာမှမလုပ်ရင် ဘာမှမသိပါဘူး။ နောက်ပိုင်းသူတို့လေးတွေ အသက်ကြီးလာတဲ့အခါ သင်နဲ့အတူအိမ်မှုကိစ္စတွေ ဝိုင်းကူလုပ်ပေးဖို့ကို မပြောပဲသိလာပါလိမ့်မယ်။ တစ်နည်းအားဖြင့် တာဝန်ယူတတ်သွားတာပါ။

၂။ ပိုက်ဆံရဲ့တန်ဖိုး

စာရေးသူလည်း ကိုယ့်ကလေးတွေကို ပိုက်ဆံက ဘယ်လောက် ရှာရခက်ကြောင်းနဲ့ ကုန်ကျစရိတ်တွေအကြောင်းကို နားလည်စေချင်ပါတယ်။ စာရေးသူက မောင်နှမ (၆) ယောက်မှာအကြီးဆုံးဖြစ်ပြီး သိပ်မပြေလည်တဲ့မိသားစုထဲ ကြီးပြင်းလာရတာဖြစ်လို့ ပိုက်ဆံရဲ့တန်ဖိုးကို မိသားစုကျေးဇူးကြောင့် ကောင်းကောင်းနားလည်ခဲ့ရပါတယ်။

နောက်တစ်ခုက အဲ့လိုငွေကြေးမပြေလည်တဲ့အချိန်မှာတောင် မိသားစုတွေ စည်းစည်းလုံးလုံးရှိခဲ့တာပါ။ ဒီအရာက ကျွန်မဘဝမှာရခဲ့တဲ့ အကြီးမားဆုံးဆုလာဘ်လို့တောင် ပြောလို့ရပါတယ်။

ရှာဖွေစုဆောင်းခဲ့တဲ့အရာတွေကို တန်ဖိုးထားတတ်ဖို့၊ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းတတ်ဖို့နဲ့ ပိုက်ဆံရဲ့အဖိုးတန်ပုံတွေကို ကောင်းကောင်းကြီး သင်ယူခဲ့ရပါတယ်။ ငယ်ရွယ်တုန်းမှာတော့ ဒီသင်ခန်းစာတွေကို သင်ကိုယ်တိုင်လည်း နားလည်ချင်မှ နားလည်ခဲ့ပါလိမ့်မယ်။

အခုရေတွင်းတူး၊ အခုရေကြည်သောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခုလိုကလေးတွေရဲ့အမေဖြစ်လာတဲ့အခါမှာတော့ ကျွန်မကောင်းကောင်းနားလည် သွားခဲ့ပါပြီ။ ကျွန်မရဲ့ကလေးတွေကိုလည်း ဒီလိုမျိုး တဖြည်းဖြည်း နားလည်လာစေချင်တာပါ။

၃။ အိမ်ကို အိမ်နဲ့တူအောင်ဖန်တီးတတ်ခြင်း

ကျွန်မဒီနေရာမှာ အိမ်မှုကိစ္စဆိုပြီးမသုံးထားပါဘူး။ ဘာလို့ဆို ဒီနှစ်ခုကြားမှာ ကွားခြားချက်လေးတွေရှိလို့ပါ။ ဒီဘက်ခေတ်မှာတော့ အိမ်သန့်ရှင်းရေးဆိုတာက ပျောက်ဆုံးနေတဲ့ ပန်းချီကားတစ်ချပ်လိုတောင် ဖြစ်နေပါပြီ။

ကျွန်မဆိုလိုချင်တာက နွေးထွေးတဲ့အိမ်လေးတစ်ခုအဖြစ် ဖန်းတီးတတ်တာမျိုးပါ။ အလုပ်ထဲ နှလုံးသားတစ်ခုလုံး မြုပ်နှံထားလိုက်တာမျိုးပါ။ ဒါကကိုယ့်မိသားစုကို တစ်ဘက်တစ်လမ်းက အချစ်တွေပေးနေတာမျိုး၊ သက်တောင့်သက်သာဖြစ်အောင် ဖန်တီးပေးနေတာမျိုး၊ ဂရုစိုက်ပေးနေတာမျိုးနဲ့တူပါတယ်။ သန့်ရှင်းသန့်ရပ်မှုရှိတဲ့နေရာနဲ့ မရှိတဲ့နေရာဆို ဘယ်သူမဆို ရှိတဲ့နေရာမျိုးမှာပဲပိုနေပျော်ပါတယ်။

ကမ္ဘာပေါ်က ပြသနာတွေကို ခေါင်းထဲမထည့်ခင်၊ အလုပ်အကြောင်းကို မစဉ်းစားခင်လေး ကိုယ့်မိသားစုအတွက် အချိန်ပေးတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးလိုက်ပါ။ ကမ္ဘာပေါ်မှာ အစားထိုးလို့မရနိုင်တဲ့ အရာတွေရှိတယ်ဆိုတာကို သူတို့လေးတွေနားလည်အောင် သင်ကြားပေးလိုက်ပါ။

၄။ ချက်ပြုတ်တတ်ဖို့

မနက်မိုးလင်းတာနဲ့ မီးဖိုချောင်ထဲ တက်ညီလက်ညီကူညီခဲ့ရတာတွေက စာရေးသူရဲ့ငယ်ဘဝအမှတ်တရတွေပါ။ ပြီးတာနဲ့ မိသားစုဝင်အားလုံး မနက်စာစားဖို့ ထမင်းဝိုင်းထဲ စုပြုံရောက်ရှိလာကြပါတယ်။ ရယ်သံတွေ၊ စနောက်သံတွေက စေတနာအပြည့်နဲ့ ပြုလုပ်ထားတဲ့မုန့်တွေကြားထဲ ပလူပျံလို့နေပါတယ်။

အခုလို အခိုက်အတန့်လေးတွေကမှ မိသားစုသံယောဇဉ်ကိုပိုလို့တိုးစေတာပါ။ ဒီဘက်ခေတ်မှာဆို ဒီလိုအခိုက်အတန့်မျိုးက ပိုလို့လိုအပ်နေပါတယ်။ ပျားပန်းခတ်လှုပ်ရှားနေကြရတာဖြစ်လို့ မိသားစုအချိန်တော်တော်နည်းလာတာကို သင်လည်းသိပြီးသား ဖြစ်မှာပါ။

၅။ ဥာဏ်ရည်ကစားနည်းတွေ

နောက်ဆုံးမှပြောတဲ့အရာမို့ သိပ်အရေးမကြီးဘူးလို့တော့ မထင်လိုက်ပါနဲ့။ ဒီအရာကမှ ကလေးတွေရဲ့ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးလာစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းပါ။
ကျွန်မတို့ငယ်ငယ်တုန်းကလိုမျိုး အီလက်ထရွန်နစ်ပစ္စည်းတွေ ခေတ်မစားသေးတဲ့ အချိန်ကို ပြန်တွေးကြည့်လိုက်ပါ။ ကလေးဆိုတာ ကလေးနဲ့တူရပါတယ်။ အပြင်ထွက်ကစားမယ်။ ရွှံတွေထဲလူးမယ်။ သဲတွေနဲ့ ကစားမယ်။ ဒီလိုပဲဖြစ်သင့်တာပါ။

ကလေးတွေအားလုံးဟာ အခုလိုတစ်စတစ်စ ပျောက်ဆုံးလာပြီဖြစ်တဲ့ ဘဝသင်ခန်းစာလေးတွေကို ပြန်လည်သင်ယူသင့်ပါတယ်။ ဖေဖေ၊ မေမေတို့ကလည်း တတ်နိုင်သလောက် နည်းမှန်လမ်းမှန်နဲ့ ပျိုးထောင်ပေးသင့်ပါတယ်။ နောက်ပိုင်း ဘဝအောင်မြင်မှုလမ်းကို လျှောက်လှမ်းတဲ့အခါမှာသေချာပေါက် အထောက်အကူဖြစ်လာမယ့်အရာတွေပါ။

ကဲ စာလည်းတော်တော်ရှည်သွားပြီဆိုတော့ ဒီမှာပဲနိဂုံးချုပ်လိုက်ကြရအောင်နော်။ သားသား၊ မီးမီးလေးတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

Ref : Pinterest “10 basic life skills that children need to learn”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top