ကလေးငယ်လေးများ ဘေးကင်းနေစေဖို့ မေမေတို့သိထားသင့်တဲ့ ရှောင်ရန်အချက်လေးများ

yyl-025.jpg

တစ်နှစ်အောက် ကလေးငယ်များရှိတဲ့ မိခင်အများစုဟာ ပုခက်ထဲမှာ ကလေးငယ်နဲ့အတူ စောင်တွေ၊ မွေးပွအရုပ်တွေနဲ့ ကားရုပ်တွေလို ပစ္စည်းတွေ ထည့်ထားတတ်ကြပါတယ်။

ဒီလိုပြုလုပ်ခြင်းဟာ အန္တရာယ်ဖြစ်စေပြီး ကလေးငယ်အတွက် အသက်ရှုမွန်းကျပ်စေဖို့ အလားအလာ တိုးမြင့်စေနိုင်ပါတယ်။

ဒါကြောင့် မိခင်လောင်းအသစ်များအတွက် မွေးကာစကလေးငယ်များ ဘေးကင်းစေဖို့ သတိထားရမယ့် အဓိကအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မလိုအပ်တဲ့အရာတွေကို ပုခက်ထဲ ထည့်မထားပါနဲ့

မွေးကင်းစကလေးဆိုတာ လှုပ်တောင်မှ မလှုပ်နိုင်သေးတဲ့ ကလေးသေးသေးလေးပါ။ ဒါကြောင့် ခေါင်းအုံးအပို စောင်အပိုတွေ မထားသင့်ပါဘူး။

၂။ အရုပ်ရွေးချယ်ဝယ်ယူရာမှာ တစ်ရှုးလိပ်ဖြင့်စမ်းသပ်ခြင်း

အသက် ၃နှစ်အောက် ကလေးများအတွက် အရုပ်ရွေးချယ်ရာမှာ တစ်ရှုးတွေကုန်သွားတဲ့ အိမ်သာသုံး တစ်ရှုးလိပ်နဲ့ စမ်းသပ်ကြည့်သင့်ပါတယ်။ အရုပ်က အဲဒီအလိပ်ထဲ ဆန့်နေရင် မတော်မတ ကလေးငယ်က မျိုချမိရင် ကလေးရဲ့လည်ချောင်းမှာ တစ်ပြီး အသက်ရှုကျပ်ဖို့ အလားအလာရှိပါတယ်။

၃။ ကလေးကို မထားခဲ့ပါနဲ့

ကလေးငယ်လေး အိပ်စက်နေပြီဆိုတာနဲ့ မေမေက အခန်းအပြင်ထွက်သွားဖို့ လက်မှတ်ရသွားတာ မဟုတ်ပါဘူး။ ကလေးငယ်ဟာ အရမ်းသေးငယ်လွန်းပြီး ထိလွယ်ခိုက်လွယ်ပါတယ်။ တစ်စက္ကန့်ကလေး အမှုမဲ့အမှတ်မဲ့ နေလိုက်တာနဲ့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၄။ အစာကျွေးခြင်း

ခြောက်လအရွယ်ကလေးငယ်များကို အစားအစာနဲ့ စတင်မိတ်ဆက်ကျွေးနိုင်ပါပြီ။ ဒါပေမဲ့လည်း ဒါဟာ ကလေးငယ်လေးအတွက် အစားအသောက်ကို မြည်းစမ်းကြည့်ဖို့ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် သတိထားဖို့တော့ လိုအပ်ပါတယ်။ တချို့သော အစားအစာများဟာ နူးညံ့တဲ့ကလေးငယ်လေးနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။ အစားအစာတစ်မျိုးတည်းကို ၄-၅ရက်ကြာအောင် ကျွေးပါ။ ပြီးတော့မှ နောက်တစ်မျိုးပြောင်းကျွေးပါ။ ဒီလိုလုပ်ခြင်းဟာ အစားအစာရဲ့အရသာ ကွဲပြားသွားပုံကို ကလေးငယ်က စတင်နားလည်သွားပါလိမ့်မယ်။

၅။ အစားအစာနဲ့ ဖော်မြူလာနို့ကို ဂရုတစိုက် ပြန်နွှေးပါ

ရေပူပူတစ်ခွက်ပဲ လိုအပ်ပါတယ်။ မိုက်ခရိုဝေ့ဗ်နဲ့ အပူပေးခြင်းဟာ အစားအစာအပေါ်မှာ အန္တရာယ်ရှိစေနိုင်တဲ့ သက်ရောက်မှုတွေ ရှိသလို ရုတ်တရက် အပူချိန်အပြောင်းအလဲကြောင့် သင့်ကလေးငယ်ပါးစပ်ကို အပူလောင်စေနိုင်ပါတယ်။ နို့ပုလင်းကို ရေနွေးပူပူထည့်ထားတဲ့ ပန်းကန်လုံးထဲ ထားပြီးနွှေးနိုင်ပါတယ်။ တိုက်ကျွေးဖို့ အဆင်ပြေ/မပြေကို သင့်လက်ခုံပေါ်မှာ နို့စက်လေးချပြီး စမ်းပေးနိုင်ပါတယ်။

၆။ အရေးပေါ်ဖုန်းနံပါတ်များ အလွယ်တကူထားထားပါ

ရေခဲသေတ္တာ ဒါမှမဟုတ် ဗီရိုပေါ်မှာ စာရွက်ကပ်ပြီး ထားထားပါ။ မတော်တဆဆိုတာ ဘယ်အချိန်မဆို ဖြစ်နိုင်တာကို သတိမမေ့ပါနဲ့။ ဖုန်းနံပါတ် ရှာဖို့ အချိန်ရှိနိုင်မှာမဟုတ်ပါဘူး။ ဒီလိုလုပ်ထားရင် အချိန်ကုန်လည်း သက်သာနိုင်ပါတယ်။ ဒါကြောင့်မို့ အလွယ်တကူထားထားဖို့ လိုအပ်ပါတယ်။

၇။ ကားမောင်းတဲ့အခါ ဂရုစိုက်ပါ

ကားမောင်းနေချိန်မှာ ကလေးငယ်ထိုင်တဲ့ထိုင်ခုံဟာ အရေးကြီးပါတယ်။ အသာလေးတင်ရုံ တပ်ဆင်ထားရုံနဲ့တော့ မလုံလောက်ပါဘူး။ သေသေချာချာ တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ ထိုင်ခုံခါးပတ်ကိုလည်း lock mode ထားဖို့လိုအပ်ပါတယ်။

၈။ ကလေးရဲ့အိပ်ချိန်နဲ့အတူ သင့်ရဲ့အိပ်ချိန်ကို အချိန်ဇယားဆွဲပါ

မိခင်အသစ်လေးတွေဟာ အိပ်ရေးမဝတဲ့ ပြဿနာတွေကို ကြုံရတတ်ပါတယ်။ မိခင်တစ်ဦးဖြစ်ရခြင်းရဲ့ အဓိကအတွေ့အကြုံကတော့ ပင်ပန်းနွမ်းနယ်ခြင်းပါပဲ။ ပိုပြင်းထန်လာမယ်ဆိုရင်တော့ စိတ်ဓာတ်ကျခြင်းဆီ ရောက်သွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရလေအောင် ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းလေးကတော့ ကလေးငယ်အိပ်စက်ချိန်မှာ မေမေလည်း အိပ်စက်ဖို့ပါပဲ။

၉။ ကလေးငယ်ကို ရေချိုးပေးခြင်း

ကလေးငယ်လေးကို ရေချိုးပေးချိန်မှာ အရေးကြီးတဲ့အချက်ကတော့ တစ်ချိန်လုံး ကလေးငယ်ကို စောင့်ကြည့်နေဖို့ပါပဲ။ ဖုန်းကိုင်ဖို့ ကလေးငယ်ကို ရေချိုးကန်ထဲ တစ်ယောက်ထဲထားပစ်ခဲ့ဖို့ စဉ်းတောင်မစဉ်းစားလိုက်ပါနဲ့။ ကလေးငယ်ရဲ့အသားအရေဟာ ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ရေအပူချိန်နဲ့ ရေချိုးပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်ရဲ့အသားအရေကို လောင်မသွားအောင် ရေကို တံတောင်နဲ့ အမြဲတမ်း စမ်းကြည့်သင့်ပါတယ်။ ရေချိုးနေစဉ်မှာလည်း ကလေးငယ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။

၁ဝ။ သူ့အလိုလိုသိခြင်း

မိခင်တစ်ယောက်ရဲ့စိတ်ဟာ အရာအားလုံးကို သိမြင်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ မေမေတို့စိတ်ထဲမှာ တစ်ခုခု မသိုးမသန့်ခံစားနေရမယ်ဆိုရင် ဒါဟာ တစ်ခုခုမှားယွင်းနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမြဲတမ်း မေမေတို့ရဲ့ အလိုလိုသိစိတ်ကို ယုံကြည်ပါ။ ကလေးငယ်ရဲ့အပြုအမူ ဒါမှမဟုတ် အစားစားတဲ့ အလေ့အကျင့်တွေကို စိတ်ပူသလိုခံစားရရင် ချက်ချင်းဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မိခင်ဘဝဆိုတာ သူ့အလိုလိုရရှိလာတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ အထက်ဖော်ပြပါအဆင့်တွေကို လိုက်နာပြီး ပျော်ရွှင်မှုကို ရယူဖန်တီးလိုက်ပါ။

Ref : Knowledge : 14 Things Every Mom Should Know to Keep Their Infants Safe
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top