၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် ကျန်ရှိနေသေးသော ONE Championship ပြိုင်ပွဲများအတွက် ပွဲကြိုသတင်း

21-onefc-facebook.jpg

၂၀၁၉ ခုနှစ်သည် ONE Championship ပြိုင်ပွဲများအတွက် လျင်လျင်မြန်မြန်ပင် အစပြု ခရီးနှင်နေသည်။ ဇန်နဝါရီလ မကုန်ခင်တွင်ပင် ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခုသည် လက်ပြောင်းလိုက်ရပြီဖြစ်သည်။ Yosuke Saruta နှင့် Adriano Moraes တို့သည် ONE ကမ္ဘာ့ချန်ပီယံအဆင့်သို့ တက်ရောက်လာခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသေးသော တစ်နှစ်တာအတွင်း အလားလာကောင်းသော စိန်ခေါ်သူ ကစားသမားသစ်များ ထွက်ပေါ်လာဦးမည်ဟု ယုံကြည်ရသည်။

၂၀၁၉ ခုနှစ် နှစ်ဦးသုံးလအတွင်းမှာတင် ONE Championship သည် မတ်လကုန်တွင် ကျင်းပမည့် အခမ်းနားဆုံး အားကစားပြိုင်ပွဲကြီးအပါအဝင် စိတ်ဝင်စားဖွယ်ကောင်းသော ပြိုင်ပွဲပေါင်းများစွာ စီစဉ်ထားသည်။ ONE ၏ ၂၀၁၉ခုနှစ် နှစ်ဦးပိုင်း ပြိုင်ပွဲများအကြောင်းကို ဆက်လက်ဖော်ပြထားပါသည်။

ONE: CLASH OF LEGENDS
ONE Hero Series ပြိုင်ပွဲကြီးအပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ONE: CLASH OF LEGENDS ပြိုင်ပွဲကြီးကို ကျင်းပကာ ONE Championship ၏ အရှိန်ကို အမြင့်ဆုံးကို တင်ပေးလိုက်သည်။ ထိုပြိုင်ပွဲတွင် ထိုင်းကစားသမား Nong-O Gaiyanghadao နှင့် တရုတ်ကစားသမား Han Zi Hao တို့သည် ONE မွေထိုင်း ဘန်တန်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Han သည် မွေထိုင်းယဉ်ကျေးမှုကို ထဲထဲဝင်ဝင် လေ့လာလိုက်စားနိုင်ရန် ဘန်ကောက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သို့သော် မွေထိုင်းအားကစားတွင် ပညာရည်ပြည့်ဝ၍ ထူးချွန်ကျော်ကြားသော ထိုင်းကစားသမား Nong-O နှင့် ရင်ဆိုင်ရခြင်းသည် ၎င်းအတွက် ကြီးမားသော အခက်အခဲတစ်ခု ဖြစ်လာနိုင်သည်။

ထိုပြိုင်ပွဲသည် Nong-O ၏ ခမ်းနားသော ချန်ပီယံနန်းတက်ပွဲ ဖြစ်လာမည်လော သို့တည်းမဟုတ် ထင်မှတ်မထားသော Han ၏ အောင်မြင်မှုမှတ်တိုင်ဖြစ်လာမည်လောဆိုသည်မှာ အလွန်ပင် ခန့််မှန်းရခက်သော ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ အခြားသောတွဲဆိုင်းများတွင် Smokin’ Jo Nattawut၊ Gina Iniong နှင့် တက်သစ်စ ကစားသမား Jihin Radzuan တို့၏ ယှဉ်ပြိုင်မှုကို ပရိသတ်များ တွေ့မြင်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဘန်ကောက်တွင်ပြုလုပ်သော ONE ပြိုင်ပွဲများသည် သမိုင်းတွင် အလွန်ကောင်းမွန်သော ပေါင်းစပ်မှုအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။

ပြီးခဲ့သောနှစ်က ကျော်ကြားထင်ရှားသော လက်ဝှေ့ချန်ပီယံ WBC စူပါဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင်ဖြစ်သည့် Srisaket Sor Rungvisai ၏ အောင်မြင်သော ပွဲဦးထွက်ပြိုင်ပွဲကို Impact Arena တွင် ကျင်းပခဲ့သည်။ ၂၀၁၈ ခုနှစ်အစောပိုင်းတွင် Martin Nguyen သည် ဝိတ်တန်း ၃ ခု၏ ချန်ပီယံဖြစ်လာရန် ဘန်တန်းဝိတ်တန်းချန်ပီယံ Bibiano Fernandes ကို စိန်ခေါ်ထိုးသတ်သည့် ONE: IRON WILL ပြိုင်ပွဲကြီးကို ထိုခန်းမတွင်သာ ကျင်းပခဲ့သည်။

ONE: CLASH OF LEGENDS ပြိုင်ပွဲကြီးသည်သာ ယခင်က ပြိုင်ပွဲကြီးများကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းလျှင် ပရိသတ်များသည်လည်း အလွန်ကျေနပ်ကြမည်ဖြစ်သည်။

ONE: CALL TO GREATNESS
ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြိုင်ပွဲများကို ONE ကုမ္ပဏီအခြေစိုက်ရာ စင်္ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။ ပရိသတ်များ မျှော်လင့်ထားသည့်အတိုင်းပင် တွဲဆိုင်းများတွင် ONE ၏ အကောင်းဆုံး ကစားသမားများကို တွဲဖက်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ အဓိကတွဲဆိုင်းတွင် ONE Super Series Kickboxing အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Stamp Fairtex သည် ONE ၏ အားကစားပညာရပ်၂ခုတွင် ပထမဦးဆုံး ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်လာရန် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ၎င်း၏ အကြီးမားဆုံးသော အဟန့်အတား ပြိုင်ဘက်သည် အမေရိကန်ကစားသမား Janet Todd ဖြစ်သည်။ ၎င်းတို့ ၂ ဦးသည် ONE မွေထိုင်းအက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ထိုအမျိုးသမီး ကစားသမား ၂ ဦးစလုံးသည် ထိုးနှက်တိုက်ခိုက်မှုတွင် ကျွမ်းကျင်ပိုင်နိုင်ကြသူများဖြစ်သည်။ Stamp သည် တိုက်ခိုက်ရေးကိုယ်ခံပညာ အားကစားလောကတွင် ထိပ်တန်းရောက်လာရန် အလားလာကောင်းသော ကစားသမားတစ်ဦးဖြစ်သည်။ ဤပြိုင်ပွဲတွင် အနိုင်ရရှိပါက ၎င်း၏ ကစားသမားသက်တမ်းတွင် မှတ်တိုင်ကောင်းတစ်ခု ဖြစ်လာမည်သာမက ရှေ့သို့ဆက်လက်တက်လှမ်းရန် အခွင့်အရေးကောင်းများ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုပွဲစဉ်၏ ကျန်ရှိနေသေးသော တွဲဆိုင်းများမှာလည်း အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းမည်မှာ အသေအချာပင်ဖြစ်သည်။

စင်္ကာပူကစားသမား Amir Khan သည်လည်း လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်ရရှိရေးခရီးစဉ်ကို ပြန်လည်အစပြုတော့မည်ဖြစ်သည်။ Kickboxing ချန်ပီယံဆုကို အကြိမ်ကြိမ်ရရှိထားသူ Nieky Holzken သည် ၂၀၁၈ ခုနှစ်နှောင်းပိုင်းက ၎င်း၏ ONE ပွဲဦးထွက်ပြိုင်ပွဲတွင် Cosmo Alexandre ကို အမှတ်နှင့် အနိုင်ရရှိထားသကဲ့သို့ အမှတ်ရဖွယ် အနိုင်ရရှိမှုမျိုး ထပ်မံရရှိရန် ကြိုးစားသွားမည်ဖြစ်သည်။

ပြိုင်ပွဲကြီး၏ နောက်ဆုံးနှင့် အထွဋ်ထိပ်ဖြစ်သော တွဲဆိုင်းတွင် တက်ကြွဖျတ်လတ်သော Petchdam Petchyindee Academy က ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။ ပြင်းထန်သော ခြေကန်ချက်များဖြင့် အရည်အချင်းပြည့်စုံ၍ အန္တရာယ်များသောကြောင့် ကိုယ်ခံပညာကစားသမားများအားလုံးက ၎င်းကို စောင့်ကြည့်နေကြသည်။

ONE: REIGN OF VALOR
ဤပွဲနှင့်ပတ်သက်၍ သတင်းအတိအကျ ထုတ်ပြန်ထားခြင်း မရှိသော်လည်း ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထိုအားကစားရုံသည် အောင်လအန်ဆန်အပါအဝင် မြန်မာကစားသမားအချို့၏ အောင်မြေဖြစ်ခဲ့သည်ဆိုလျှင်လည်း မှားမည်မထင်ပါ။

ONE: NEW ERA
မတ်လ ၃၁ရက်နေ့တွင် ONE ပြိုင်ပွဲကြီးကို ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး ထိပ်တန်းအားကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယခင်က မပြုလုပ်ခဲ့ဖူးသော ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ ၄ပွဲကို ထည့်သွင်း ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ONE အမျိုးသမီး အက်တမ်ဝိတ်တန်း ချန်ပီယံ Angela Lee သည် ONE အမျိုးသမီး စတောဝိတ်တန်း ချန်ပီယံ Xiong Jing Nan ကို စိန်ခေါ်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Lee သည် ပထမဆုံး ဝိတ်တန်း ၂ ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်လာရန် ကြိုးစားသွားမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ၎င်း၏ ONE မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို Ken Hasegawa နှင့် ထပ်မံယှဉ်ပြိုင်ကာ ကာကွယ်သွားမည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၁၈ ခုနှစ်က ၎င်းတို့ ၂ ဦးသည် တစ်နှစ်တာအတွက် အကောင်းဆုံးတွဲဆိုင်းအဖြစ် ထိုးသတ်ယှဉ်ပြိုင်ခဲ့သည်။ အောင်လသည် ပဉ္စမမြောက်အချီတွင် အလဲထိုးကွက်ဖြင့် လှလှပပအနိုင်ယူကာ ၎င်း၏ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သောကြောင့် ထိုပြိုင်ပွဲကြီးသည် မေ့မရနိုင်ဖွယ် အမှတ်ထင်ထင်ကျန်ရှိနေမည့် ပွဲကောင်းတစ်ခု ဖြစ်သည်။

လက်ရှိ ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Kevin Belingon နှင့် ချန်ပီယံဟောင်း Bibiano Fernandes တို့၏ တတိယအကြိမ်မြောက် ထပ်မံတွေ့ဆုံပွဲမည့် တွဲဆိုင်းကို မကြာသေးခင်က ထည့်သွင်းထားသည်။ ၎င်းတို့ ၂ ဦး၏ ယခင်တွေ့ဆုံယှဉ်ပြိုင်ပွဲ ၂ ပွဲလုံးသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ပွဲစဉ်များဖြစ်ခဲ့ကာ ယခု တတိယမြောက်တွဲဆိုင်းတွင်လည်း ပိုမိုကောင်းမွန်သော ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အဓိကတွဲဆိုင်းတွင် ကျော်ကြားသော ဂျပန်ကစားသမား Shinya Aoki attempts သည် ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ Eduard Folayang ကို စိန်ခေါ်သွားမည်ဖြစ်သည်။ ထိုချန်ပီယံပွဲစဉ်များအပြင် Demetrious Johnson နှင့် Eddie Alvarez တို့၏ ပွဲဦးထွက်ပွဲများကိုပါ ပြုလုပ်သွားမည်ဖြစ်သည်။

ဖော်ပြပါပွဲစဉ်များသည် နှစ်ဦးပိုင်း ပထမသုံးလပတ်အတွင်း ခမ်းနားသော ပြိုင်ပွဲကြီးများပင်ဖြစ်တော့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top