အရှုံးမပေးခြင်းသည် အောင်မြင်ခြင်းမည်၏

Never_Give_Up.jpg

ကမ္ဘာကျော်ဟာသသရုပ်ဆောင် ချာလီချက်ပလင်ရဲ့ ဆိုရိုးစကားတစ်ခွန်းရှိပါတယ်။ ဘဝဆိုတာ အနီးကပ်ကြည့်ရင်ဝမ်းနည်းစရာကောင်းပေမဲ့ အဝေးကကြည့်ရင်တော့ရယ်စရာပါတဲ့။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ဘဝတစ်လျှောက်မှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ အဆင်မပြေမှုတွေ၊ စိတ်ဓာတ်ကျစရာတွေ ကြုံတွေ့ဖူးကြပါလိမ့်မယ်။ အဲဒီလိုတွေ့ကြုံခံစားရချိန်မှာ ဖြေရှင်းနိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ရပေမဲ့ အချိန်ကြာလို့ ဒီအဖြစ်တွေကို ပြန်စဉ်းစားကြည့်ရင် ရယ်စရာကောင်းနေတာမျိုး ဖြစ်ဖူးကြမှာပါ။

ဘာကြောင့်လဲဆိုတော့ ဒုက္ခတွေ၊ ဝေဒနာတွေဆိုတာလည်း မမြဲတဲ့သဘောရှိလို့ပါ။ အမြဲတမ်း တည်မြဲနေတာ မဟုတ်ပါဘူး။ ဒုက္ခတွေ၊ အခက်အခဲတွေဆိုတာ လူတိုင်း ကြုံရတဲ့ အရာတွေပါပဲ။ သူဖုန်းစားလည်း သူ့ဒုက္ခနဲ့သူ၊ ဘီလျံနာလည်း သူ့ဒုက္ခနဲ့သူပါပဲ။ လူမှန်ရင် အခက်အခဲတွေကို မလွဲမသွေရင်ဆိုင်ရမှာပါ။ ပြဿနာတွေ၊ အခက်အခဲတွေကို ရင်ဆိုင်တဲ့အခါ ကိုယ့်ရဲ့စိတ်သဘောထားကသာ အရေးအကြီးဆုံးပါ။

ဘတ်စကတ်ဘောသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမား မိုက်ကယ်ဂျော်ဒန်ဆိုရင် အထက်တန်းကျောင်းဘတ်စကတ်ဘောအသင်းက ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါဟာ ငယ်ရွယ်သူတစ်ယောက်ကို ရင်ကွဲပက်လက်ဖြစ်စေနိုင်လောက်ပါတယ်။ သူ့ဘဝမှာ ပစ်ချက်ပေါင်း ၉၀၀၀ လောက် လွဲချော်ခဲ့ပြီး ပွဲ ၃၀၀ လောက်ရှုံးနိမ့်ခဲ့ပေမဲ့ အရှုံးမပေးတဲ့စိတ်က သူ့ကို မိုက်ကယ်ဂျော်ဒန်ဆိုပြီး ဖြစ်လာစေခဲ့တာပါ။

ဒီနေ့ ကမ္ဘာမှာ ဘီလျံနာအဖြစ်နာမည်ကျော်ကြားနေတဲ့ အလီဘာဘာကုမ္ပဏီပိုင်ရှင် ဂျက်မာဆိုရင်လည်း ဆရာအတတ်သင်ကျောင်းကိုတက်ရောက်ဖို့ ဝင်ခွင့်စာမေးပွဲဖြေတုန်းက သင်္ချာဘာသာရပ်မှာ ပေးမှတ် ၁၂၀ ထဲက တစ်မှတ်ပဲရခဲ့ပြီး၃ ခါတိုင်တိုင် ကြိုးပမ်းတော့မှ ဝင်ခွင့်ရခဲ့သူပါ။ ဂျက်မာရဲ့ဘဝတစ်လျှောက်မှာ ဘာအလုပ်လုပ် ကျရှုံးမှုတွေချည်းပဲ ကြုံခဲ့ရတာများပါတယ်။ ဒါပေမဲ့ အရှုံးမပေးခဲ့ပါဘူး။ ဒါဟာ သူ့အတွက် အောင်နိုင်မှုဖြစ်စေခဲ့တာပါ။

ကမ္ဘာကျော် တေးဂီတအဖွဲ့ဖြစ်တဲ့ The Beatles အဖွဲ့ဟာ ဗြိတိန်နိုင်ငံက ဘားတွေနဲ့ စားသောက်ဆိုင်တွေမှာ ကာဗာသီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့ပေမဲ့ ဓာတ်ပြားတိုက်အားလုံးနီးပါးက သူတို့ရဲ့သီချင်းတွေကို ဓာတ်ပြားထုတ်ဖို့ ငြင်းပယ်ခဲ့ကြဖူးပါတယ်။ ဓာတ်ပြားတိုက်တစ်တိုက်ကဆိုရင် The Beatles အဖွဲ့က ရှိုးပွဲဆိုနိုင်တဲ့ အလားအလာမရှိဘူးလို့တောင် ပြောခဲ့တာပါ။ အခုချိန်မှာတော့ အဲဒီလို ငြင်းပယ်မှုတွေက ကမ္ဘာ့ဂီတသမိုင်းမှာ အကြီးမားဆုံးအမှားအယွင်းတွေ ဖြစ်နေပါပြီ။ တကယ်လို့ ငြင်းပယ်ခံရတဲ့အချိန်မှာသာ အဆင်မပြေမှုတွေကို လွန်မြောက်အောင် ရုန်းထွက်ဖို့မကြိုးပမ်းရင် The Beatles အဖွဲ့ဆိုတာလည်း ရှိလာတော့မှာမဟုတ်ပါဘူး။

ကြုံလာရတဲ့ တဒင်္ဂအဆင်မပြေမှုတွေကို လက်လျှော့အရှုံးပေးလိုက်တာနဲ့ လွတ်မြောက်မသွားနိုင်ပါဘူး။ ဘဝဆိုတာ ပင်လယ်ကြီးနဲ့တူပြီး အဆင်မပြေမှုတွေကတော့ လှိုင်းတံပိုးတွေပေါ့။ လှိုင်းတံပိုးတွေကို ရင်မဆိုင်ချင်တော့ဘူးဆိုပြီး လက်လျှော့လိုက်ရင် ဘဝဆုံးသွားမှာပါ။ လူ့ဘဝဆိုတာ တစ်ရက်၊ တစ်မနက်နဲ့ တည်ဆောက်လို့ရတာမျိုး မဟုတ်ပါဘူး။ တစ်ရက်၊ တစ်မနက်နဲ့ တည်ဆောက်လို့မရတဲ့ဘဝကို အခိုက်အတန့်ပဲကြာမြင့်မယ့် ဒုက္ခတွေကြောင့် လက်မလျှော့လိုက်သင့်ပါဘူး။

လူ့သမိုင်းတစ်လျှောက်မှာ ကြုံရတဲ့ဒုက္ခတွေကို လက်လျှော့အရှုံးပေးလိုက်လို့ လူတွေ တခုတ်တရ အမှတ်ရနေတဲ့သူမျိုး မရှိခဲ့ဖူးပါဘူး။ ရှိခဲ့ရင်လည်း အရှုံးမပေးခင်က သူတို့ရဲ့ အောင်မြင်မှု၊ ကြိုးပမ်းမှုတွေကြောင့်သာ အမှတ်တရဖြစ်ကြပါလိမ့်မယ်။ သူ့ရဲ့ လက်လျှော့အရှုံးပေးမှုကြောင့်တော့ မဟုတ်ပါဘူး။ ဘဝမှာ အခက်အခဲကြုံရတဲ့အခါ ထွက်ပြေးပြီး လွတ်မြောက်သွားတဲ့သူမရှိခဲ့တာက သေချာပါတယ်။ ကျော်လွှားပြီး လွတ်မြောက်ခဲ့ကြသူတွေပဲ ရှိပါတယ်။ အဲဒါကြောင့် ဘဝမှာ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်လွှားကြဖို့ တိုက်တွန်းရင်း အဆုံးသတ်လိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top