စမတ်ကျထက်မြက်တဲ့ ဘေဘီလေးတွေဖြစ်စေနိုင်မယ့် နည်းလမ်း (၆) သွယ်

37300442_1112262318925513_5039668312494047232_n.jpg

ကလေးရဲ့ဦးနှောက်က လေ့ကျင့်ခန်းနဲ့ အတွေ့အကြုံ အမျိုးမျိုးကတဆင့် ဖွံ့ ဖြိုးလာပါတယ်။ အထိ ၊ အတွေ့ ၊ အကြား ၊ အမြင် ၊ အရသာ စတဲ့ အာရုံခံစားမှုတွေကလည်း ဒီဖွံ့ဖြိုးမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။

အာရုံခံစားမှုအမျိုးမျိုးကိုငယ်ငယ်လေးတည်းက နားလည်ပြီး ခွဲခြားဆုံးဖြတ်တတ်အောင် သင်ပေးရပါမယ်။ ကလေးရဲ့ပိုင်းခြားဆုံးဖြတ်နိုင်တဲ့စွမ်းရည်ဖွံ့ဖြိုးလာတာနဲ့အမျှ စမတ်ကျထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရတာ လွယ်သွားပါပြီ။

စမတ်ကျတဲ့ ဘေဘီဖြစ်စေနိုင်တဲ့ အချက်၆ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ တီဗွီ ကိုရှောင်ပါ

မိဘတွေအနေနဲ့ နို့စို့အရွယ် ကလေး နဲ့ လမ်းလျှောက်တတ်ကာစ ကလေးတွေကိုတီဗွီပေးမကြည့်သင့်ပါဘူး။ တီဗွီကြည့်ချိန်ပုံသေဖြစ်နေတဲ့ ကလေးတွေရဲ့ဦးနှောက်မှာ တက်ကြွမှု မရှိတော့ပါဘူး။ ကလေးရဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို အားနည်းစေပြီး ဥာဏ်ရည်ဖွံ့ဖြိုးဖို့ အသုံးချရမယ့် အချိန်တွေကို ဖြုန်းတီးလိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကို တီဗွီကြည့်ခိုင်းမယ့် အစား လှုပ်လှုပ်ရှားရှားဖြစ်စေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ဘောလုံးသေးသေးလေးတွေကို ကြမ်းပြင်ပေါ်လှိမ့်ပြီး အသွားအပြန် ကစားပေးတာမျိုးက လည်း ကလေးရဲ့ အပေးအယူ မျှမျှ ဆောင်ရွက်တတ်တဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂။ ကလေးတွေ အပေါ်တုံ့ပြန်မှု များများပေးပါ

သိပ္ပံပညာရှင်တွေရဲ့အဆိုအရကလေးတွေနဲ့ ပုံမှန်အချိန်ပေးပြီးနေပေးတာက ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။ တယုတယပွေ့ဖက်ထားခြင်း၊ ကစားပေးခြင်းနဲ့ ကလေးတွေအပေါ်ထားရှိတဲ့ မေတ္တာကို ဖော်ထုတ်ပြောခြင်းတို့က ဘေဘီလေးတွေရဲ့ဦးနှောက်ကို လှုံ့ဆော်ပေးသလိုဖြစ်ပါတယ်။ ဒီလိုမျိုးဘေဘီလေးတွေနဲ့ စိတ်ချင်းနီးသွားတာကသူတို့ရဲ့စဉ်းစားနိုင်တဲ့စွမ်းရည် ဖွံ့ဖြိုးဖို့ကူညီရာရောက်သလိုစိတ်ချယုံကြည်မှုလည်းပိုတိုးစေပါတယ်။

၃။ အသက် ၂ နှစ်ပြည့်တဲ့ အထိ မိခင်နို့တိုက်ကျွေးပါ

မိခင်နို့ရည် သောက်သုံးရတဲ့ကလေးတွေက မိခင်နို့မထွက်တဲ့ ကလေးတွေထက် IQ ၅ရာခိုင်နှုန်း ပိုမြင့်တယ်လို့ဆိုပါတယ်။ မွေးကင်းစအရွယ်ကနေ ခြောက်လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါတယ်။ အသက်၂ နှစ်ပြည့်တဲ့အထိ ဖြည့်စွက်စာတွေကျွေးရင်းနဲ့လည်း နို့တိုက်ကျွေးလို့ရတယ်ဆိုတာ ထောက်ခံပေးတဲ့ကလေးဆရာဝန်တွေလည်းရှိပါတယ်။

၄။ ဂီတကကလေးရဲ့မှတ်ဥာဏ်၊ အာရုံစိုက်မှုနဲ့ သင်ယူမှုကို မြှင့်တင်ပေးတယ်

ဂီတကို နားထောင်ပေးတာက ကလေးရဲ့ အာရုံစူးစိုက်မှု ကို တိုးစေပြီး မှတ်ဥာဏ်ကိုတိုးစေပါတယ်။ ဂီတကိုလေ့လာတာက အကျိုးသင့် အကြောင်းသင့် စဉ်းစားနိုင်စွမ်းတိုးပြီး ကိန်းဂဏန်းနဲ့ပတ်သက်တဲ့ စွမ်းရည်တိုးစေပါတယ်။ ကြိုးတပ်တူရိယာပါတဲ့ ကလေးကစားစရာလေးတွေ ဝယ်ထားပေးရင် ပိုကောင်းပါတယ်။

၅။ ကလေးပုံပြင်စာအုပ်လေးတွေဖတ်ပြပါ

စာဖတ်ဝါသနာပါတဲ့ ကလေးတွေဖြစ်ဖို့ဆိုတာ ငယ်ငယ်လေးတည်းက စာဖတ်ခြင်းနဲ့ အသားကျအောင် ပျိုးထောင်ပေးရမှာပါ။ ဘေဘီလေးတွေ လသားအရွယ်တည်းက သတင်းစာနဲ့ စာအုပ်ထဲကအကြောင်းအရာတွေကို အသံထွက်ဖတ်ပြပေးရပါမယ်။ နည်းနည်းလေးကြီးလာတဲ့ အခါ ရုပ်ပုံပါတဲ့ စာအုပ်လေးတွေ ဖတ်ခိုင်းရပါမယ်။

၆။ ကလေးတွေအတွက် စိန်ခေါ်မှုလေးတွေဖန်တီးပေးပါ

ကလေးရဲ့ အသက်အရွယ်အလိုက် ကစားနည်းတွေနဲ့ စိတ်ဝင်စားစရာ စိန်ခေါ်မှုလေးတွေ ဖန်တီးပေးလို့ရပါတယ်။ ကိန်းဂဏန်း ၊ ပုံသဏ္ဍာန် နဲ့ အရောင်တွေကိုခွဲခြားတတ်အောင်ရိုးရှင်းတဲ့ကစားနည်းတွေသင်ပေးလို့ ရပါတယ်။ ငှက်တွေနဲ့ သစ်ပင်တွေအကြောင်းလည်း သင်ပေးလို့ရပါတယ်။

အပေါ်မှာပြောထားတဲ့အချက်တွေက စမတ်ကျထက်မြက်တဲ့ ဘေဘီလေးတွေပျိုးထောင်ရာမှာ လိုအပ်တဲ့နည်းလမ်းလေးတွေပါ။ ရိုးရာလေးပရိသတ် မိဘတွေမှာလည်း ပိုကောင်းတဲ့ နည်းလမ်းတွေရှိရင် ဝေမျှခဲ့နိုင်ပါတယ်။

Ref: momjunction “6 Simple Ways to raise a smart and intelligent baby”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top