NYU ရဲ့ မျက်နှာအစားထိုး ကုသမှု အောင်မြင်

b362924008c3d2f13c309cd9222a7746.jpg

မျက်နှာကို သေနတ်နဲ့ မတော်တဆ ပြန်ပစ်မိတာကြောင့် ဘဝဆုံးလုနီးပါးဖြစ်တဲ့အထိ မျက်နှာတပြင်လုံး ထိခိုက်ခဲ့ရတဲ့အခြေအနေကို သုံးနှစ်လောက်ကြာအောင် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ကင်မရွန် အန်ဒါဝုဒ် (Cameron Underwood) ဟာ အရင်လိုပဲ ဂေါ့ဖ်ရိုက်၊ ကားမောင်းတာတွေအပြင် လေထီးခုန်တာမျိုးကိုတောင် အခု ပြန်လုပ်ဆောင်နိုင်နေပါပြီ။

အသက် ၂၆ နှစ်အရွယ် အန်ဒါဝုဒ်ဟာ ၂၀၁၆ ခုနှစ်ကဖြစ်ခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အောက်မေးရိုး၊ သွား၊ နှာခေါင်း၊ အမြင်အာရုံ တချို့တဝက်အပါအဝင် ပါးစပ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၈ လကြာပြီး အချိန်မှာတော့ ဒီကယ်လီဖိုးနီးယားသားဟာ တစ်ကမ္ဘာလုံးမှာ အယောက် ၄၀ လောက်ပဲရှိသေးတဲ့ မျက်နှာ အစားထိုး ကုသမှု ခံယူသူတွေထဲက တစ်ဦးအဖြစ် NYU Langone Health ကို ရောက်လာခဲ့ပါတယ်။ ဒီလို မျက်နှာ အစားထိုး ကုသမှုကို “ဘဝကို အဖတ်ပြန်ဆယ်နိုင်ဖို့ ဒုတိယ အခွင့်အရေး” လို့ သတ်မှတ်ထားကြပါတယ်။

“ကျန်ခဲ့တဲ့နှစ်နှစ်လောက်အထိတော့ မျက်နှာ အစားထိုး ပြုပြင်တယ်ဆိုတာကြီးကို မဖြစ်နိုင်တဲ့အရာလို့ ထင်ခဲ့ဖူးတယ်ဗျ။ အခုတော့ ဒီကုသမှုကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ရလိုက်ပြီ။ မှန်ရှေ့မှာ ရပ်လိုက်တိုင်း ကျွန်တော့်ရဲ့ မျက်လုံး၊ မျက်နှာကို ပြန်မြင်ရပြီ။ စကားပြောနိုင်လာတာကအစပေါ့ဗျာ အရင်ကထက် အများကြီး ပိုကောင်းလာပြီလေ” လို့ အန်ဒါဝုဒ်က တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

NYU Langone Health က မျက်နှာ အစားထိုး ကုသမှု စီမံကိန်းရဲ့ ဦးဆောင်အရာရှိ ဂျီ လက်စ်လေ ဘန်းစတိန်း (G. Leslie Bernstein) က အန်ဒါဝုဒ်ဟာ ပထမဆုံးသော စီးပွားရေးဆိုင်ရာ အာမခံစရိတ်နဲ့ NYU မှာ မျက်နှာ အစားထိုး ပြုပြင်မှုခံယူသူ အမေရိကန်နိုင်ငံသားဖြစ်ပြီး ဒီအဖြစ်ဟာ တခြားလူနာတွေအတွက်တော့ အလားတူ ခွဲစိတ်ပြုပြင်မှုမျိုးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ ပိုပြီးရှိလာစေပါတယ် လို့ ဆိုခဲ့ပါတယ်။

အန်ဒါဝုဒ်လို ခံစားရပြီး အခွင့်အရေး လုံးဝမရှိနိုင်တော့ဘူးလို့ ယူဆထားကြသူလူနာတွေအတွက် ပိုအဆင်ပြေ ကောင်းမွန်လာစေတော့မယ်လို့ သူကဆိုခဲ့ပြီး အန်ဒါဝုဒ်ရဲ့ ကုသမှုမှာဆိုရင် ဒေါ်လာတစ်သန်းခွဲလောက် ကျသင့်တဲ့ကုန်ကျစရိတ်ကို အာမခံကုမ္ပဏီကနေ ကျခံပေးခဲ့တာဖြစ်ပြီး ကျန်လိုအပ်တာတွေအတွက်လောက်ကိုသာ ပရဟိတ အဖွဲ့အစည်း အကူအညီနဲ့ ချေးငွေတွေကနေ ကျခံခဲ့ရတာဖြစ်တယ်လို့ ဘန်းစတိန်းက ထပ်မံရှင်းပြခဲ့ပါတယ်။

NYU ရဲ့ ပထမဆုံးလူနာတုန်းက ဆေးရုံမှာ ၆၂ ရက်နေထိုင်ကုသခဲ့ရပေမဲ့ အန်ဒါဝုဒ်ကတော့ ၃၂ ရက်သာ နေခဲ့ရတာမို့ တိုးတက်လာတဲ့ နည်းသစ်တွေအရ နာလန်ပြန်ထဖို့ ကြာမြင့်ချိန်ကိုတောင် လျော့ချနိုင်ခဲ့ပြီး ချုပ်ရိုးတောင် မမြင်ရတော့အောင် ကောင်းမွန် ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ သုံးဖက်မြင် စနစ်နဲ့ မျက်နှာပုံသွင်းတဲ့စနစ်တွေကိုလည်း အန်ဒါဝုဒ်အတွက် အသုံးပြုခဲ့ကြောင်း NYU က ခွဲစိပ်ဆရာဝန်ကြီး အက်ဒွာဒို ရိုဒရီဂွက်ဇ် (Dr. Eduardo Rodriguez) က ပြောပြပါတယ်။

အန်ဒါဝုဒ်ရဲ့မိခင်ဟာ မဂ္ဂဇင်း တစ်အုပ်ကတစ်ဆင့် NYU မှာ စမ်းသပ် လုပ်ဆောင်နေတဲ့ မျက်နှာ အစားထိုး ကုသမှုအကြောင်းကို သိခဲ့ပြီး ချက်ချင်း ဆက်သွယ်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဒေါက်တာရိုဒရီဂွက်ဇ်နဲ့ အဖွဲ့က အန်ဒါဝုဒ်ရဲ့အခြေအနေဟာ ခွဲစိတ်ဖို့ သင့်တော်၊ မတော် အထူးသဖြင့် အရင်ခွဲစိပ်မှုတွေတုန်းကလိုမျိုး စိတ်ဖိစီးပူပန်မှုတွေနဲ့ ဆောင်ရွက်ရတာမျိုး ဖြစ်နိုင်၊ မဖြစ်နိုင်ကို အရင်ဆုံး စမ်းသပ် စစ်ဆေးခဲ့ကြပါတယ်။

ဒီလို စမ်းသပ်စစ်ဆေးမှုတွေ အောင်မြင်ခဲ့ပြီးတဲ့နောက် ခြောက်လအကြာမှာ NYU ဟာ ရုတ်တရက် ကွယ်လွန်သွားတဲ့ မက်ဟတ်တန်က အသက် ၂၃ နှစ်အရွယ် ဝီလျံဖစ်ရှာဆိုသူရဲ့ ရုပ်အလောင်းကို အန်ဒါဝုဒ်အတွက် မျက်နှာ အစားထိုးဖို့ ကိုက်ညီသူအဖြစ် LiveOnNY ကွန်ယက်ကတစ်ဆင့် ရရှိပြီး ရွေးချယ်လိုက်ပါတယ်။

နောက်ထပ် ရက်နည်းနည်းကြာပြီးချိန်မှာတော့ အန်ဒါဝုဒ်တစ်ယောက် သူ့ရဲ့ လက်ရှိ ဘဝအခြေအနေဆိုးကို ပြောင်းလဲပေးနိုင်မယ့် ခွဲစိပ်မှုကို ခံယူဖို့အတွက် နယူးယော့ခ်မြို့ဆီသွားတဲ့ လေယာဉ်လက်မှတ် ဖြတ်နေခဲ့ပါပြီ။

၂၅ နာရီလောက်ကြာမြင့်တဲ့ ခွဲစိပ်မှုကြီးအတွင်းမှာ ဒေါက်တာ ရိုဒရီဂွက်ဇ်နဲ့ အဖွဲ့သားတွေဟာ သုံးဘက်မြင် ပရင်တာနဲ့ ခွဲစိပ်မှု နည်းပညာတွေ အသုံးပြုကာ ဖစ်ရှာရဲ့ ဦးခေါင်းခွံနဲ့ မျက်နှာက လိုအပ်သမျှ အစိတ်အပိုင်းတွေကို ခွဲစိပ်ထုတ်ယူပြီး အန်ဒါဝုဒ်ရဲ့ မေးရိုး၊ သွား၊ သွားဖုံး၊ ပါးစပ်၊ အောက်မျက်ခွံ၊ ပါး၊ နှာခေါင်းအစိတ်အပိုင်း စတဲ့နေရာတွေမှာ ကိုက်ညီအံကျအောင် ဂရုတစိုက် ပြောင်းလဲ တပ်ဆင်ပေးခဲ့ကြပါတယ်။ အစားထိုး မျက်နှာရှင် ဖစ်ရှာရဲ့ မျက်နှာပုံတူ တစ်ခုကိုတော့ သူရဲ့ ဈာပန အခမ်းအနားမှာ မိသားစုဝင်တွေ ခေါင်းတလားလှပ်ပြီးနှုတ်ဆက်ချိန် ကြည့်နိုင်ဖို့အတွက် NYU က သီးသန့်ဖန်တီးပေးခဲ့ပါတယ်။

ဒေါက်တာ ရိုဒရီဂွက်ဇ်က ဒါဟာ “မျက်နှာ အစားထိုးကုသမှုရဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားစရာ ကနဦးအောင်မြင်မှု” ဖြစ်ကြောင်း အားရဝမ်းသာဆိုခဲ့ပြီး ဒီကုသမှုနည်းပညာရဲ့ နောက်ဆုံးရည်မှန်းချက်က ဘယ်အရာကိုမဆို အတိအကျအတိုင်း ပုံတူပြန်ထုတ်နိုင်တဲ့ CT စကင်န် နည်းပညာရဲ့ အကူအညီနဲ့အတူ မျက်နှာအသစ် တစ်ခု ပြန်ဖန်တီးပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိကာလထိတော့ မျက်နှာအသစ် ပိုပြီး တိုးတက်ကောင်းမွန်လာစေဖို့အတွက် ခွဲစိပ်မှုအပြီး အချိန် တစ်နှစ်မကျော်မချင်း အထူး ဂရုစိုက် နေထိုင်ကြဖို့ ကုသမှု ခံယူထားတဲ့လူနာတွေကို ဒေါက်တာရိုဒရီဂွက်ဇ်က သတိပေး ကန့်သတ်ထားပါတယ်။

“အစားထိုးထားတဲ့ မျက်နှာတစ်ခုက အမြင့်ပေ ၁၅၀၀၀ ထိတော့ သွားဖို့အဆင်ပြေပါတယ်။ အဲ သေသေချာချာလေးတော့ ကိုင်ထားပေါ့လေ” လို့ ဒေါက်တာရိုဒရီဂွက်ဇ်က လေထီးခုန်လေ့ရှိတဲ့ အန်ဒါဝုဒ်ကို ရည်ရွယ်ပြီး အရွှန်းဖောက်ခဲ့ပါတယ်။

အစားထိုးမျက်နှာအသစ်နဲ့ အဆင်ပြေနေတဲ့ ကင်မရွန်း အန်ဒါဝုဒ်ကတော့ တခြားသူတွေ နည်းတူပဲ ဘဝ ရည်မှန်းချက်တွေ ဖြစ်လာဖို့ ကြိုးစားနေပြီး ပုံမှန် ဘဝအခြေအနေ တစ်ခုဆီကို ပြန်လျှောက်လှမ်းလို့ နေပါပြီ။

“အလုပ်ပြန်လုပ်မယ်။ မိသားစုဘဝလေးတစ်ခု ထူထောင်မယ်ဗျာ…ဒီထက်ပိုကောင်းတဲ့ ဘဝတစ်ခုရအောင် ဆက်ဖန်တီးရမယ်” လို့ သူက ပြောပြခဲ့ပါတယ်။

Ref: TIME “A Face Transplant Gave This 26-Year-Old a ‘Second Chance at Life’ and Points to a Promising Future for Patients”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top