၂၂ရက်အတွင်း အလုံးရေ တစ်သန်း ရောင်းထွက်ခဲ့တဲ့ OnePlus 6

35544840_2129657140622568_7102483268733239296_n.jpg

OnePlus ရဲ့ နောက်ဆုံးထွက်မော်ဒယ် OnePlus 6 ဟာ ထွက်ပြီး ၂၂ရက်အတွင်းမှာပဲ အလုံးရေ တစ်သန်း ရောင်းရခဲ့ကြောင်း သိရပါတယ်။ OnePlus က တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းထုတ်လုပ်နေတဲ့ ကုမ္ပဏီငယ်လေး ဖြစ်ပေမဲ့ တခြား နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Apple, Samsung နဲ့ LG တို့ရဲ့ ပြိုင်ဘက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

အခု နောက်ဆုံးထွက်ရှိထားတဲ့ OnePlus 6 မော်ဒယ်ရဲ့ လက်ရှိပြိုင်ဘက်တွေက Appleရဲ့ iPhone 8 နဲ့ iPhone X, Samsung ရဲ့ Galaxy S9, LGရဲ့ G7 မော်ဒယ်တွေလို့ အံ့အားသင့်ဖွယ် သိရပါတယ်။ အရည်အသွေး အတူတူလောက်ရှိတဲ့ တခြား နာမည်ကြီး စွမ်းဆောင်ရည်မြင့် မော်ဒယ်မြင့် ဖုန်းတွေက ဒေါ်လာ ၇၀၀ကျော် ရောင်းနေတဲ့အချိန်မှာ OnePlus 6 ကို ဒေါ်လာ ၅၃ဝနဲ့ ဝယ်နိုင်မယ်ဆိုတာကတော့ သတင်းကောင်းပါပဲ။ Apple နဲ့ Samsung ရဲ့ မော်ဒယ်အသစ် ထွက်ချိန် ရောင်းအားတွေနဲ့ သွားယှဉ်လို့တော့ မရပေမဲ့ ဒီလောက် ပမာဏ ရောင်းရတာ သိပ်ကိုကျေနပ်ပါတယ် ဆိုပြီး OnePlus ရဲ့ တည်ထောင်သူ ပီတီလော (Pete Lau) က ပြောပါတယ်။

OnePlus က နယူးရော့ခ်မြို့မှာ တန်းစီပြီ စောင့်ဝယ်ရအောင်လုပ်တဲ့ ပထမဆုံးသော အန်းဒရွိုက် အမျိုးအစားဖုန်းတွေပဲ ဖြစ်ပါတယ်။ တခြား တန်းစီဝယ်ရတဲ့ ဖုန်းကတော့ Apple ရဲ့ iPhone ဆိုတာ မပြောလည်း သိကြမှာပါ။ OnePlus ဖုန်းတွေက တခြား နာမည်ကြီး စွမ်းဆောင်ရည်မြင့် မော်ဒယ်မြင့် စမတ်ဖုန်းတွေလိုပဲ လုပ်ဆောင်မှုစွမ်းရည်တွေ ပါဝင်တယ်၊ ဒီဇိုင်းပိုင်း လှပ ဆွဲဆောင်နိုင်စွမ်းရှိတယ်၊ အသုံးပြုသူတွေ သဘောကျစေမယ့် အန်းဒရွိုက် ဗားရှင်းအမြင့်တွေ သုံးထားတယ်၊ အသုံးပြုရတာ ပေါ့ပါး ရိုးရှင်းတယ်၊ ဈေးလည်း သူများထက် သက်သာတယ်။ ဒီလိုအချက်တွေကြောင့် OnePlus ရဲ့ ပရိတ်သတ်တွေ တဖြည်းဖြည်း တိုးပွားလာနေပါတယ်။ အခုဆိုရင် Apple လိုပဲ ခိုင်မာတဲ့ ပရိတ်သတ်တွေကို ရရှိနေပြီလို့ သိရပါတယ်။

Samsung ရဲ့ Galaxy S9 လောက် မျက်နှာပြင်ပိုင်း အရမ်းမကောင်းပေမယ့် အသုံးပြုသူတွေအတွက် ဒါက စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။ ခုနောက်ပိုင်းဖုန်းတွေမှာ ပါလာတဲ့ ကြိုးမဲ့ အားသွင်းနိုင်တဲ့စနစ်လည်း မပါဝင်လာသေးပေမဲ့ ဒါကလည်း ဝယ်ယူအသုံးပြုဖို့အတွက် မရှိမဖြစ် ထည့်စဉ်းစားစေတဲ့အချက် မဖြစ်လာခဲ့ပါဘူး။ ကင်မရာပိုင်းမှာလည်း တခြားဖုန်းတွေလို အရမ်းကို ကောင်းမွန်နေအောင် မလုပ်ဆောင်နိုင်ပေမယ့် သုံးစွဲသူတွေက အခုအနေအထားကိုလည်း သဘောကျ နှစ်ခြိုက်ကြတယ်လို့ သိရပါတယ်။

OnePlus 6 ရဲ့ အချက်အလက်အချို့ကို ပြောရမယ်ဆိုရင် မျက်နှာပြင်အရွယ်အစား ၆.၂၈လက်မ အရွယ်အစားရှိပြီး optic AMOLED အမျိုးအစားကို သုံးထားပါတယ်။ ဘောင်တွေကို အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီး ဖုန်းရဲ့အလေးချိန်က ၁၇၇ဂရမ်ပဲ ရှိပါတယ်။ nano အရွယ်အစား ဖုန်းကတ် နှစ်ကတ်ကို သုံးလို့ရမှာပါ။ အန်းဒရွိုက်ဗားရှင်း 8.1 ကို ထည့်သွင်းပေးထားပြီး CPU ကတော့ Octa-core ဖြစ်ပါတယ်။ Memory ကတ် ထပ်စိုက်လို့ မရပေမဲ့ သူ့မှာ ပါဝင်တဲ့ 128 (သို့) 256GB ရှိတဲ့ internal memory က ကောင်းကောင်းအသုံးပြုလို့ ရနိုင်တဲ့ပမာဏပါ။ RAM ကတော့ 8GB ပါ။ ဖုန်းရဲ့ ကျောဘက်မှာတော့ 16MPနဲ့ 20MPဆိုပြီး dual ကင်မရာပါဝင်ပြီး ရှေ့ကင်မရာကတော့ 16MP ပါတဲ့။ လက်ဗွေဖတ်စနစ်လည်း ထည့်ပေးထားပါတယ်။ Li-Po 3300 mAhအမျိုးအစား ဘက်ထရီပါဝင်ပြီး ဖြုတ်လို့တော့ မရပါဘူး။ အရောင်တွေက midnight black, mirror black နဲ့ silk white ဆိုပြီး ၃မျိုး ထုတ်လုပ်ထားပါတယ်။

ကဲ စာဖတ်သူတို့ရော OnePlus ရဲ့ ပရိတ်သတ်တွေ ဖြစ်နေပြီလား . . .

Ref : Business Insider “A million people bought this $530 Android-powered iPhone competitor in less than a month”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top