Angela Lee ၏ ကျန်းမာစွာ စားသုံးခြင်း လျှို့ဝှက်ချက်များ

Angela-Lee-Hong-Kong-640x400.jpg

ONE အမျိုးသမီး အက်တမ်ဝိတ် ကမ္ဘာ့ချန်ပီယံ Angela Lee သည် အလေးမနည်းမျိုးစုံကို စိတ်တိုင်းကျ ကစားနိုင်သလို မိုင်ပေါင်းများစွာကိုလည်း မောဟိုက်ခြင်းကင်းစွာ ပြေးနိုင်သည်။ ထိုကဲ့သို့ လေ့ကျင့်မှုများကို မျှတသော စားသောက်မှု ပုံစံမျိုးမရှိလျှင် ထိရောက်စွာ ပြုလုပ်နိုင်မည် မဟုတ်ပါ။ တိုကျိုတွင် ကျင်းပပြုလုပ်မည့် ONE: NEW ERA ပြိုင်ပွဲကြီးတွင် Xiong Jing Nan နှင့် ချန်ပီယံခါးပတ်လုပွဲကို ယှဉ်ပြိုင်မည့် Lee သည် ၎င်း အမှန်တကယ် လိုက်နာကျင့်သုံးနေသော ကျန်းမာမျှတသော စားသောက်မှုပုံစံများကို ယခုလို မျှဝေသွားပါသည်။

၁။ ကစီဓာတ်
ယနေ့ခေတ်တွင် ကာဘိုဟိုက်ဒရိတ် (ကစီဓာတ်) ဟူသော စကားလုံးသည် အစားသောက်ကို ထိန်းသိမ်းစွာ စားသုံးသူများအနေနှင့် အဆီတက်စေသော အစားအစာဖြင့် သတ်မှတ်လေ့ရှိကြသည်။ စင်စစ်မှာမူ မျှတသောစားသောက်မှုပုံစံတွင် အရေးပါသော ကဏ္ဍတွင်ပါဝင်သည်။ သို့သော် မှန်ကန်သော ကစီဓါတ်ကိုရွေးချယ်ရန်လိုအပ်သည်။ ကြေပျက်လွယ်သော ကစီဓာတ် (simple carbohydrate) နှင့် ကြေပျက်ခဲသော ကစီဓာတ် (complex carbohydrate) ဟူ၍ နှစ်မျိုး ရှိပါသည်။ ကြေပျက်လွယ်သော ကစီဓာတ်သည် အလျင်အမြန်ဓာတ်ပြုလွယ်ကာ ချိုအီသောသရေစာများတွင် တွေ့ရတတ်သည်။ အသီးအနှံများတွင် တွေ့ရများသောကြေပျက်ခဲသော ကစီဓာတ်သည် ချေဖျက်ရန် အချိန်ယူရကာ ခွန်အားကို ကြာရှည်ထုတ်ပေးနိုင်သည်။ ထို့ကြောင့် Lee သည် ကြေပျက်ခဲသော ကစီဓာတ်ကို ရွေးချယ်စားသုံးရန် အကြံပြုထားသည်။

“ကြေပျက်လွယ်သော ကစီဓာတ် အစား ကြေပျက်ခဲသော ကစီဓာတ်ကို ပြောင်းလဲစားသောက်ပါ။ မနက်ပိုင်းမှာ ကစီဓာတ်တွေကို ပိုမိုစားသုံးခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်သော ခွန်အားများ ရရှိမည်ဖြစ်သည်။”ဟု ၎င်းက ဆိုသည်။

၂။ သဘာဝမှ ရရှိသော ပရိုတိန်း
တိုးတက်လာတဲ့ ယနေ့ခေတ်တွင် အားကစားရုံကို သွားတတ်သူအများစုသည် လိုအပ်သော အသားဓာတ်အတွက် လေ့ကျင့်ခန်း မလုပ်မီနှင့် လေ့ကျင့်မှုအပြီး သောက်သုံးရသော ပရိုတိန်းဖျော်ရည်ကို ပိုမိုနှစ်ခြိုက်ကြသည်။ကြွက်သားများ ကြီးထွားသန်မာရန် ပရိုတိန်းဖျော်ရည်များကို အားပြုစားသုံးမည့်အစား သဘာဝမှ ရရှိသော (ဥပမာ- ငါး၊ ကြက်သားနှင့် အစေ့အဆံများမှ ရရှိသော) အသားဓာတ်ကို အားထားပါရန် Lee က အလေးအနက် အကြံပြုထားသည်။

“ပရိုတိန်းမှုန့်တွေက အာဟာရတန်ဖိုးတကယ့်ကို ပြည့်ဝတဲ့ ဖြည့်စွက်စာတွေပါ။ ဒါပေမယ့် ကြက်ရင်ပုံသား၊ ငါး၊ အမဲသား၊ တို့ဖူး တို့လို သဘာဝအတိုင်းရတဲ့ အစားအစာများကို စားသုံးဖို့မမေ့ပါနဲ့။”ဟု Lee က ပြောကြားခဲ့သည်။

၃။ အိပ်ခါနီး အဝစားသုံးခြင်းမှ ရှောင်ကြဉ်ပါ
ကျွန်မတို့ခန္ဓာကိုယ်သည် တစ်နေ့တာလုံး လှုပ်ရှားသွားလာရန် ခွန်အားများလိုအပ်သည်။ ထို့ကြောင့်လည်း မနက်ခင်း စားသုံးသော အစာများသည် အားအင်ပြည့်စေကာ ညနေ အစောပိုင်းမှစ၍ စားသောက်သော အစားအစာများသည် ခန္ဓာကိုယ်အတွက် အနှောင့်အယှက်ဖြစ်သည်။ လေ့လာချက်များအရ ညဘက်နောက်ကျမှ စားသုံးသောအစားအစာများသည် မလောင်ကျွမ်းတော့သောကြောင့် အဆီအဖြစ် ခန္ဓာကိုယ်တွင် သိမ်းဆည်းကာ ကိုယ်အလေးချိန်များတက်စေသည်ဟု ဖော်ပြထားသည်။ ထိုကိစ္စနှင့်ပတ်သက်၍ Lee တွင် ရိုးရှင်းသော ဖြေရှင်းနည်းရှိပါသည်။

“ညဘက်ကို နည်းနည်းပဲစားပါ။ မနက်စာကို အများကြီးစားမယ်။ နေ့လယ်စာကို သင့်တင့်ရုံစားပါ။ ညစာကို အနည်းငယ်သာ စားပါ။ အဲ့ဒီလို စားသုံးမှုပုံစံက လူကို ကျန်းမာစေတယ်။ ဒီနည်းလမ်းက ကိုယ်အလေးချိန်တက်တာကို ကာကွယ်ပေးပြီး အဆီကျစေပါတယ်။” ဟု နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

Ref: ONE Championship “Angela Lee’s Top Tips For a Healthier Diet”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top