iPhone ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိတ်ဆက်ခဲ့တဲ့ iPhone X၊ iPhone 8 နဲ့ 8 Plus

3540485850121_4259789612713.jpg

မနေ့ညက မိတ်ဆက်ခဲ့တဲ့ iPhone ၁၀ နှစ်ပြည့်ပွဲမှာ Apple ဟာ iPhone 8၊ 8 Plus နဲ့ Home Buttom မပါဝင်တဲ့အပြင် တခြား လုပ်ဆောင်ချက် အသစ်တွေ ပါဝင်တဲ့ iPhone X ကို မိတ်ဆက်ခဲ့ပါတယ်။ iPhone X မှာ home button မပါလာတော့အပြင် Face ID လို့ခေါ်တဲ့ မျက်နှာကို စစ်ဆေးပေးနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်ခဲ့ပါတယ်။ iPhone 8 နဲ့ 8 Plus တို့မှာတော့ Home button ပါဝင်ဆဲဖြစ်ပြီး မော်ဒယ်လ် သုံးခုလုံးမှာ ကြိုးမဲ့ အားသွင်းစနစ် ပါဝင်လာခဲ့ပါတယ်။

Apple ဟာ ဒီ မိတ်ဆက်ပွဲကို သူ့ရဲ့ spaceship နယ်မြေအတွင်းရှိ Steve Job ပြရုံထဲမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲရဲ့ ဦးစားပေးပစ္စည်းကတော့ iPhone X ဖြစ်ပါတယ်။ အစောကြီးကတည်းက ကောလာဟလများစွာ ထွက်ပေါ်ခဲ့တဲ့အတိုင်း iPhone ၁၀နှစ်ပြည့် အထိမ်းအမှတ် ထုတ်ကုန်ဖြစ်တဲ့ iPhone X ဟာ ဒီဇိုင်းအသစ်၊ မျက်နှာ စစ်ဆေးနိုင်တဲ့ လုပ်ဆောင်ချက်နဲ့ တခြားသော လုပ်ဆောင်ချက်များစွာနဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ Apple ဟာ တခြား ထုတ်ကုန်တွေဖြစ်တဲ့ Apple TV နဲ့ သူ့ချည်းသက်သက် ဖုန်းအဖြစ် အသုံးပြုလို့ရနိုင်တဲ့ Apple Watch ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

iPhone X ဟာ Apple ရဲ့ အခရာကျတဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့နဲ့ အညီ ဘေးဘောင်မဲ့၊ OLED Screen၊ ကြိုးမဲ့ အားသွင်းစနစ်နဲ့ မျက်နှာကို မှတ်သားပေးနိုင်တဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါဝင်ခဲ့ပါတယ်။ Apple ရဲ့ CEO Tim Cook ကတော့ iPhone X ဟာ Apple သမိုင်းတစ်လျှောက် ဈေးအကြီးဆုံးဖုန်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး 64GB ကို ဒေါ်လာ ၉၉၉ ခန့် ကစပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Tim Cook ကတော့ iPhone X ထဲမှာ ပါဝင်တဲ့ နည်းပညာတွေဟာ Apple ရဲ့ ဆောင်ပုဒ်နဲ့အညီ ခေတ်ရှေ့ပြေးပြီး၊ ရိုးရှင်းကာ အလွယ်တကူ အသုံးပြုနိုင်အောင် ထည့်သွင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ iPhone X ကို ခဲရောင်နဲ့ မီးခိုးရောင် နှစ်မျိုးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး မျက်နှာပြင်အနေနဲ့ Super Retina display အသစ်ကို အသုံးပြုထားပါတယ်။ iPhone X မျက်နှာပြင်ဟာ ဒေါင့်ဖြတ် ၅.၈ လက်မရှိပြီး ပုံရိပ်ပြတ်သားမှုကတော့ 2436 × 1135 pixel ရှိပါတယ်။

Apple ရဲ့ ပထမဆုံး home button မပါဝင်တဲ့ iPhone X မှာ Screen ကိုထိပေးရုံနဲ့ Screen ပွင့်လာမှာဖြစ်ပြီး Screen အောက်ခြေနားကနေ အပေါ်ကို ဆွဲတင်ပေးမယ်ဆိုရင် home screen ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။

iPhone 8 နဲ့ 8 Plus

Apple ဟာ iPhone 7 နဲ့ iPhone 7 Plus တို့ကို အဆင့်မြှင့်ထားတဲ့ ဖုန်းတွေဖြစ်တဲ့ iPhone 8 နဲ့ 8 Plus ကိုလည်း မိတ်ဆက်ခဲ့ပြီး ဒီဖုန်းနှစ်လုံးနဲ့ နောက်ကျောပြင်ဟာ ဖန်သားပြင် ဖြစ်သွားပြီး iPad မှာ ထည့်သွင်းခဲ့တဲ့ True Tone technology လို့ခေါ်တဲ့ ပတ်ဝန်းကျင် အလင်းရောင်ကို လိုက်ပြီး Screen အရောင် ပြောင်းလဲပေးမယ့် နည်းပညာ ပါဝင်လာခဲ့ပါတယ်။ မိတ်ဆက်ခဲ့တဲ့ မော်ဒယ်လ်တွေအားလုံးမှာ အဓိက ပြောင်းလဲမှုကတော့ Apple ရဲ့ A11 Bionic processor ဖြစ်ပြီး A11 Bionic processor မှာဆိုရင် performance cores နှစ်ခုအပြင် efficiency cores ၄  ခု ပါဝင်လာတာ ဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ iPhone မော်လ်ဒယ် အသစ်တွေမှာ 12-megapixel ရှိ ကင်မရာနဲ့ sensor အသစ်တွေ ပါဝင်လာပြီး အရင်မော်ဒယ်လ်တွေထက် ၈၃ ရာခိုင်နှုန်းပိုပြီး အလင်းရောင်ကို ပြတ်သားစွာ ဖမ်းယူနိုင်ပါတယ်။ iPhone 8 Plus ရဲ့ ကင်မရာမှာတော့ Portrait Lighting လို့ခေါ်တဲ့ ရိုက်ကူးတဲ့ အရာနဲ့ ပတ်ဝန်းကျင်က အလင်းရောင်တွေကို လိုသလောက် ကစားပေးနိုင်တဲ့ လုပ်ဆောင်ချက် အသစ် ထည့်သွင်းထားပါတယ်။

iPhone 8 ကိုတော့ 64GB နဲ့ 256GB ဆိုပြီး ဝယ်ယူနိုင်မှာဖြစ်ပြီး Iphone 8 ရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၉၉ ကစတင်ပြီး ဝယ်ယူနိုင်မှာ ဖြစ်ပြီး Plus Model ကိုတော့ ဒေါ်လာ ၇၉၉ က စတင်ဝယ်ယူနိုင်မျာ ဖြစ်ပါတယ်။ 8 နဲ့ 8 Plus ကို စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်မှာ တကယ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ iPhone X ကိုတော့ အောက်တိုဘာ ၂၇ ရက်နေ့မှ စပြီး ကြိုတင်မှာထားလို့ရမှာဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့မှ ရောင်းချပေးသွားမှာပါ။

Apple Watch Series 3

မနေ့က မိတ်ဆက်ပွဲမှာတော့ iPhone မလိုပဲ သူ့ချည်း သီးသန့် ဖုန်းခေါ်၊ သီချင်းနားထောင် နိုင်တဲ့ Apple Watch ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီ Watch မှာဆိုရင် processor နှစ်လုံး ပါဝင်ထားပြီး လေထုဖိအားတိုင်းနိုင်တဲ့အပြင် အမြင့် ပြသနိုင်ပါသေးတယ်။ ဒီ Watch ကိုတော့ iPhone 8 နဲ့ 8 plus တို့နဲ့အတူ တစ်ရက်တည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်းကွန်ယက် ဆက်သွယ်နိုင်တဲ့ Series 3 watch ကိုတော့ ဒေါ်လာ ၃၉၉ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဖုန်းကွန်ယက် ဆက်သွယ်နိုင်တဲ့ လုပ်ဆောင်ချက်မပါဝင်တဲ့ Series 3 watch ကိုတော့ နည်းနည်းဈေးလျှော့ထားပြီး ဒေါ်လာ ၃၂၉ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : Time Tech : Here’s Everything Apple Announced During Its Big iPhone X Event

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top