ရေချိုးခန်းထဲက အလှပြုပြင်နည်းအမှားများ

44156968_282555252595005_1323418387564462080_n.jpg

တစ်ကိုယ်ရည်သန့်ရှင်းစင်ကြယ်ဖို့အတွက် တော်တော်များများ ထိန်းသိမ်းမှုတွေကို ရေချိုးနေစဉ်အတွင်းမှာပဲ ပြုလုပ်ကြတာလေ။ ဥပမာ အမွေးအမှင်ရိတ်တာနဲ့ ချေးတိုက်၊ ချေးတွန်းတာတွေ အပါအဝင်ပေါ့။

ဒီလိုဆို ကိုယ်မမျှော်လင့်ထားဘဲ မှားယွင်းစွာလုပ်နေမိတဲ့ အလှအပပြုပြင်နည်းတွေက ဘာတွေဖြစ်မယ်ဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ခေါင်းလျှော်ရည်ကို အရင်သုံးပြီး ပျော့ဆေးကိုနောက်မှသုံးတာ

သင့်ရဲ့ဆံသားက ခြောက်သွေ့တဲ့ဆံသားမျိုးဆိုရင် ပျော့ဆေးနဲ့အရင် (၅-၁၀) မိနစ်လောက်နှပ်ထားပြီးမှ ခေါင်းလျှော်ရည်သုံးပြီး ရေဆေးချတာက ပိုကောင်းပါတယ်။ ခေါင်းလျှော်တိုင်း ခေါင်းလျှော်ရည်အရင်သုံးပြီး ပျော့ဆေးနောက်မှသုံးတာထက် ပျော့ဆေးနဲ့အရင်နှပ်ပြီးမှ ရေဆေးချတာက ဆံသားခြောက်သွေ့တတ်သူတွေအတွက် ပိုအဆင်ပြေပါတယ်လို့ ဆံသားပညာရှင်တွေကဆိုပါတယ်။

၂။ မကြာခဏအမွေးအမှင်ရိတ်တာ

သွားခါနီးလာခါနီး ဘာမှမပြင်မဆင်ဘဲ မကြာခဏရေချိုးရင်း အမွေးရိတ်တတ်တာက ရေရှည်အတွက် မကောင်းပါဘူး။ အမွေးလေးတွေပြန်ပေါက်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်းကြီး ဖြစ်မနေဖို့အတွက် ရိတ်ပြီးတဲ့အခါတိုင်း ရေနွေးငွေ့နဲ့ပေါင်းတင်တာမျိုးတွေ၊ ခရင်မ်တစ်ခုခုလိမ်းပေးတာမျိုးတွေကိုလည်း ပြန်ပြုလုပ်ပေးဖို့လိုပါသေးတယ်။ နောက်ထပ် exfoliate (သို့) scrub တွေကိုလည်း အမွေးရိတ်ပြီးတိုင်း ဆဲလ်သေတွေကို ကွာကျစေဖို့အတွက် ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ နူးညံ့တဲ့အသားအရေမျိုးကို ပိုင်ဆိုင်နိုင်မှာပါ။

၃။ မိတ်ကပ်မဖျက်ဘဲ မျက်နှာသစ်တာ

အိုင်းလိုင်နာတွေ၊ အိုင်းရှဲဒိုးတွေ၊ နှုတ်ခမ်းနီတွေ ဘာဆိုဘာမှမဖျက်ဘဲ ရေချိုးခန်းထဲဝင် မျက်နှာသစ်တာက သင့်ရဲ့အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဘယ်မျက်နှာသစ်ဆေးကမှ အညစ်အကြေးတွေကို (၁၀၀%) မသန့်စင်ပေးနိုင်ပါဘူး။ ဒါကြောင့်မို့ မျက်နှာသစ်ဆေးနဲ့မသစ်မီ မိတ်ကပ်ဖျက်ဆေးနဲ့ အရင်ဖျက်ပေးသင့်ပါတယ်။

၄။ အလှကုန်ပစ္စည်းတွေ အများကြီးအသုံးပြုတာ

ဆပ်ပြာများများတိုက်လေ ခန္ဓာကိုယ်ကအဆီဓာတ်တွေ များများကုန်ဆုံးလေပါ။ ယေဘုယျအားဖြင့် ဆပ်ပြာခဲတွေက ဆပ်ပြာရည်ထက် သင့်အသားအရေကို ပိုပြီးခြောက်သွေ့လွယ်စေပါတယ်။ နို့ရည်၊ ပျားရည်နဲ့ ရှားစောင်လက်ပပ်ပါတဲ့ ဆပ်ပြာရည်တွေကို ဦးစားပေးအသုံးပြုပေးပါ။

၅။ ရေပူနဲ့ချိုးတာ

ရေနွေးနဲ့ချိုးရင် အသားအရေလှတယ်ထင်ပြီး အယူအဆလွဲမှားနေတဲ့သူတွေရှိပါတယ်။ သွေးလည်ပတ်မှုကို ကောင်မွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ လျော့ကျစေနိုင်တဲ့အတွက် အေးတဲ့ရာသီတွေမှာ ရေနွေးနဲ့ချိုးတာလောက် ကောင်းတာမရှိပါဘူး။ သို့ပေမဲ့ ရေနွေးနဲ့ချိုးပြီးတိုင်း ရေအေးနဲ့ တစ်ခါပြန်လောင်းပေးဖို့မမေ့ပါနဲ့။

Ref: Pinterest “5 Beauty Mistakes You’re Making In The Shower”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top