ဘာမြူဒါ သို့မဟုတ် ခေတ်အဆက်ဆက်ရဲ့ ပဟေဠိ

27867214_491242327936720_5691935528968168295_n.jpg

ဘာမြူဒါလို့ပြောလိုက်တာနဲ့ ပြန်လမ်းမရှိတဲ့ ပင်လယ်ပြင်ကတည်နေရာတစ်ခုကို မျက်လုံးထဲပြေးမြင်မိကြမှာပဲ။

ခေတ်အဆက်ဆက်နာမည်ကြီးလှတဲ့ ဒီနယ်မြေဟာ မြောက်အတ္တလန်တိတ်သမုဒ္ဒရာရဲ့ အနောက်ဘက်ခြမ်းမှာတည်ရှိပါတယ်။ လေယာဉ်တွေ သင်္ဘောတွေအားလုံးလိုလိုဟာ ဒီနယ်မြေအနားရောက်လာတာ ဖြတ်သန်းသွားတာမျိုးတွေဆိုရင် ရေဒါတွေအကုန်အဆက်အသွယ်ပြတ်ပြီး ဆိုးဝါးလှတဲ့ရာသီဥတုကို စတင်ရင်ဆိုင်ရပါတယ်။ တစ်ကယ်လဲ ဘာမြူဒါတြိဂံနယ်မြေဟာ ရာသီဥတုကြမ်းတမ်းပါတယ်။ ပြီးတော့ ဒီတြိဂံကိုဝင်ရောက်ခဲ့တဲ့ အရာအားလုံးပြန်လမ်းမရှိခဲ့ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီလိုပျောက်ကွယ်ကုန်တဲ့အချက်ဟာ နိုင်ငံတကာမှာ အခုထိအငြင်းပွားနေဆဲပါ။ တစ်ချို့သောပညာရှင်တွေကတော့ ဘာမြူဒါတြိဂံအောက်ခြေမှာ တစ်ချိန်ကပျောက်ဆုံးခဲ့တဲ့ အတ္တလန်တာကျွန်းနိုင်ငံတည်ရှိပြီး ကျွန်းသူကျွန်းသားတွေဟာ အလွန်ထွန်းကားလှတဲ့နည်းပညာတွေနဲ့ ဆက်လက်ရှင်သန်နေဆဲဖြစ်ကာ သူတို့ဆီထောက်လှမ်းမိနိုင်တဲ့ ကိရိယာအားလုံးကို ဖျက်ဆီးပစ်တာလို့ ဆိုကြပါတယ်။ ဒီအချက်ကိုပယ်လို့မရတာက လေ့လာတွေ့ရှိခဲ့ရသမျှ အတ္တလန်တာကျွန်းနိုင်ငံအကြောင်းတွေ သူတို့ရဲ့နည်းပညာတွေဟာ ဒီနေ့ခေတ်နည်းပညာတွေထက် သာလွန်နေတယ်ဆိုတဲ့အချက်ပါပဲ။ ဒါကိုသိပ္ပံနည်းကျ သက်သေပြထားတာတွေ အများကြီးပါ။

ဘာမြူဒါတြိဂံရဲ့ထူးဆန်းမှုတွေကို စတင်သတိပြုမိစေတာကတော့ ၁၉၅ဝခုနှစ် စက်တင်ဘာ ၁၇ရက်နေ့ထုတ် The Miami Heraldသတင်းစာရဲ့ ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဘာမြူဒါအတွင်းပျောက်ဆုံးမှုတွေကို ဖော်ပြထားပါတယ်။ နောက်နှစ်နှစ်အကြာမှာ Fate မဂ္ဂဇင်းမှာ Sea Mystery at Our Back Door ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာပါတယ်။ ဒီဆောင်းပါးမှာ ပျောက်ဆုံးခဲ့တဲ့ လေယာဉ်တွေ သဘောၤတွေရဲ့ဓာတ်ပုံတွေနဲ့တကွ အသေးစိတ်ကို ဖော်ပြထားပါတယ်။ ပျောက်ဆုံးသွားတဲ့အချိန်မှာ ရာသီဥတုဟာဆိုးဝါးမနေပဲ တိမ်တိုက်ကင်းစင်နေခဲ့တာကြောင်း သတင်းပို့ချက်တွေရနေခဲ့ပေမယ့် ဘာမြူဒါထဲဝင်ရောက်ပြီးနောက်ပိုင်းတော့ ဘာသတင်းတစ်စမှ မကြားရပဲဖြစ်သွားခဲ့ပါတယ်။ ဘာမြူဒါရဲ့ရေဆွဲအားတွေ ရေစီးကြောင်းတွေ အဆိပ်သင့်နေတဲ့လေထုတွေဟာ ပြောစရာဖြစ်နေခဲ့ပါတယ်။ UFOတွေ ပင်လယ်အောက်ခြေက အသစ်ရှာဖွေတွေ့ရှိခဲ့တဲ့ ပိရမစ်တွေဟာ အဆက်စပ်ရှိကြောင်း သီအိုရီတွေ အများအပြားထွက်ပေါ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဒီအယူအဆတွေနဲ့ ပတ်သက်ပြီးအငြင်းပွားမှုတွေရှိပါတယ်။ လေ့လာသူအချို့ကတော့ ဒီအယူအဆတွေကို လက်မခံပါဘူး။ ဘာမြူဒါရဲ့ ပင်လယ်ရေပြင်ဟာ အခြားသောပင်လယ်ရေပြင်အစိတ်အပိုင်းတွေလိုပါပဲ။ သူ့အထဲမှာ ပျက်စီးပျောက်ကွယ်ခဲ့တဲ့ သဘောၤအရေအတွက်ဟာ ပင်လယ်ပြင်ရဲ့အခြားနေရာတွေမှာ ပျက်စီးခဲ့တဲ့ သဘောၤတွေအတ်ိုင်းပါပဲ။ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းတွေတည်ရှိနေမှုအရ ဘာမြူဒါမှာလည်း အားပြင်းတဲ့စက်ကွင်းတစ်ခုရှိနေနိုင်ပါတယ်။ ဒါကြောင့် သူ့အနားကပ်လာတဲ့အခါ ရေဒါစနစ်တွေ အလုပ်မလုပ်တော့တာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ပြီးတော့ တစ်ချို့သောနာမည်ကျော်ပျောက်ကွယ်မှုတွေဟာ တကယ်မဖြစ်ခဲ့ပါဘူးလို့ ယူဆကြသူများလည်း ရှိပါတယ်။

ဘာမြူဒါအတွင်းမှာ တိုင်းတာလို့မရနိုင်တဲ့ ပြင်းထန်တဲ့ရေစီးကြောင်းတွေ ရှိနေနိုင်ကြောင်း လေ့လာသူအချို့က ဆိုပါတယ်။ ဥပမာ Gulf Stream လိုမျိုးပေါ့။ သမုဒ္ဒရာထဲက အားပြင်းစွာစီးဆင်းနေတဲ့ မြစ်စီးကြောင်းတွေပါ။ အကယ်၍သာ လေယာဉ်တစ်စီးစီးဟာ အားပြင်းတဲ့ သံလ်ိုက်စက်ကွင်းကြောင့် စက်ချို့ယွင်းလို့ အရေးပေါ်ရေပေါ်ဆင်းသက်မယ်ဆိုရင် ဒီရေစီးကြောင်းပေါ်ကိုဆင်းမိခဲ့ရင်တော့ လုံးဝကို အရှိန်နဲ့မျောပါပျက်စီးသွားနိုင်ပါတယ်တဲ့။ နောက်တစ်ချက်က ဘာမြူဒါအတွင်းက ရာသီဥတုအခြေအနေပါ။ အပူပိုင်းဟာရီကိန်းတွေ မကြာခဏတိုက်ခတ်တတ်ပါတယ်။ မိသိန်းဓာတ်ငွေ့အများအပြားကလည်း ပင်လယ်ပြင်မျက်နှာပြင်မှာ ပျံ့နှံ့လျက်ရှိတတ်ပါတယ်တဲ့။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top