ကိုဗစ်ရောဂါကို ကာကွယ်ဖို့ကြိုးစားရင်း လုပ်မိနေတဲ့ အကြီးမားဆုံးအမှားများ

17-11-2020-yyl-030.jpg

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံမှာစတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ရောဂါက အခုအချိန်ထိ မပြီးသေးဘဲ ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက်ဖြစ်ပွားနေပြီး လူသန်းချီ ကူးစက်ခံနေရပါတယ်။ လူသားတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့အပြင် လူသားတွေရဲ့စိတ်မအေးချမ်းအောင်လည်း အနှောင့်အယှက်ပေးနေပါတယ်။ သုတေသီတွေနဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက တက်နိုင်သလောက် ကာကွယ်ဆေး မြန်မြန်ရဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြရင်း ကာကွယ်ဆေးရှာနေတဲ့အတောအတွင်းမှာ ရောဂါကူးစက်ပြန့်ပွားမှုတွေမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေထိုင်ကြဖို့ တိုက်တွန်းပြောဆိုနေကြပါတယ်။ ဒါပေမဲ့ တချို့လူတွေက ကိုဗစ်အန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နေရင်းက အမှားကြီးလုပ်မိနေကြပါတယ်။ ဒါကြောင့် ကိုဗစ်အန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရင်း လူအများစုလုပ်မိနေတဲ့အမှားတွေကို သိရှိစေဖို့အတွက် ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။

အိမ်မှာ နေရုံနဲ့ ဘေးကင်းပြီးလို့ ယူဆခြင်း

လူတော်တော်များများက သူတို့အိမ်မှာနေရင်း ဗိုင်းရပ်စ်အန္တရာယ်ကနေ ကင်းဝေးတယ်လို့ ယူဆကြပါတယ်။ အိမ်မှာနေတာက ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ နည်းလမ်းဖြစ်ပေမဲ့ အိမ်မှာ ရောဂါပိုးကူးစက်ခံရသူရှိနေရင်တော့ ဘေးကင်းတယ်လို့ ဆိုလို့မရနိုင်ပါဘူး။ ဒါကြောင့် အိမ်မှာနေရင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိအောင်၊ အာဟာရပြည့်ဝအောင် နေထိုင်စားသောက်သင့်တဲ့အပြင် အိမ်ထဲမှာလည်း ထိတွေ့မှုများတဲ့နေရာတွေကို သန့်စင်ပေးသင့်ပါတယ်။

အပြင်မထွက်ပေမဲ့ အိမ်မှာပဲ လူအများကြီးစုဝေးခြင်း

ကိုဗစ်အန္တရယ်ကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် လူတစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေထိုင်ရမယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။ အိမ်မှာနေတဲ့အချိန်မှာလည်း Social Distancing စည်းမျဉ်းကို လိုက်နာသင့်ပါတယ်။ အိမ်ထဲမှာ နေပေးဖို့ အစိုးရက တိုက်တွန်းထားတဲ့အတွက် တချို့က အိမ်ထဲမှာ နေပေးရင်း လူအများကြီးစုဝေးကာ စားသောက်တာကလည်း ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို မြင့်မားစေပါတယ်။ သင့်အိမ်ကို လာတဲ့ သူငယ်ချင်းတွေက သင့်နဲ့မတွေ့ခင်က ရောဂါပိုးရှိသူနဲ့ထိတွေ့ခဲ့လားဆိုတာမသိနိုင်တဲ့အတွက် သင် ဘေးကင်းနိုင်တယ်လို့ ပြောလို့မရပါဘူး။

Lockdown လုပ်ထားတာတွေဖြေလျော့လိုက်တဲ့အတွက် ဘေးကင်းသွားပြီလို့ ထင်ကြခြင်း
လူအများစုလုပ်မိနေတဲ့အမှားတွေထဲက တစ်ခုက Lockdown တွေ ဖြေလျော့လိုက်တဲ့အတွက် ဘယ်နေရာသွားသွား လွတ်လပ်ဘေးကင်းပြီလို့ ယုံကြည်နေတာပါပဲ။ ကိုရိုနာဗိုင်းရပ်စ်က ကျွန်တော်တို့နဲ့အတူ ရှိနေတုန်းပါပဲ။ ဒါကြောင့် လူတွေ ပုံမှန်တိုင်း သွားလာနေတာကို မြင်ပြီး ဘေးကင်းသွားပြီလို့ ယုံကြည်လိုက်လို့မရပါဘူးနော်။

ရောဂါပိုးရှိသူနဲ့ထိတွေ့မိပြီးနောက် (၂) ပတ်တာ Self-Quarantine မခံယူခြင်း

အလုပ်ကိစ္စနဲ့ အခြားအရေးကြီးကိစ္စအတွက် အပြင်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှစ်ဆကာကွယ်နေပေမဲ့ ရောဂါပိုးရှိသူနဲ့ထိတွေ့မိခဲ့တယ်လို့ သံသယရှိခဲ့ရရင် အိမ်ပြန်ရောက်တာအခါ အနည်းဆုံး (၂) ပတ်လောက်တော့ ကိုယ့်ကိုယ်ကိုယ် Quarantine ခံယူသင့်ပါတယ်။ ဒီလိုလုပ်တာက သင်တစ်ယောက်တည်းအတွက်မဟုတ်ပါဘူး။ သင့်အနီးနားက သင့်မိသားစုအတွက် အရမ်းအရေးကြီးပါတယ်။

သင့်သူငယ်ချင်းနဲ့မိသားစုတွေကလည်း လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေလုပ်နေတယ်လို့ သင် ယုံကြည်နေခြင်း

လူတချို့က ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ့်ကိုယ် ကာကွယ်နေရင်းနဲ့ သူတို့ရဲ့မိတ်ဆွေ၊သူငယ်ချင်းတွေလည်း သူ့လိုပဲ သေချာပေါက်ကာကွယ်မှုတွေလုပ်နေမယ်လို့ ယုံကြည်ထားကြပါတယ်။ သူတို့ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေကြလားဆိုတာ ကိုယ်တိုင်မသိနိုင်တာကြောင့် တထစ်ချယုံကြည်ထားလို့မရပါဘူး။ အဲဒီလိုယူဆထားရင် ရောဂါပိုးရှိသူနဲ့ထိတွေ့မိတဲ့အခါ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်နေရင်းနဲ့ သင့်မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေကိုလည်း လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ သတိပေးသင့်ပါတယ်။

Ref: Biggest mistakes people make while trying to protect themselves from COVID-19

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top