ထိခိုက်ဒဏ်ရာများ ပျောက်ရှင်းသွားပြီဖြစ်သော ဘရာဇီးလူမျိုးကစားသမား Bruno Pucci ၏ ကြွေးကြော်သံများ စတင်ထွက်ပေါ်လာပြီ

image2-1.png

ဘရာဇီးနိုင်ငံသား Pucci သည် လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့်ပြိုင်ပွဲကြီး၌ ကြိုးဝိုင်းတွင်းသို့ ဝင်ရောက်နိုင်တော့မည်ဟု ကြွေးကြော်ထားသည်။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပမည့် ONE: ETERNAL GLORY ပြိုင်ပွဲကြီးတွင် ယခင် ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ရှင် Kotetsu “No Face” Boku နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

Pucciသည် ယခုအခါ ဂျပန်နိုင်ငံသား Kotetsu နှင့် ယှဉ်ပြိုင်မည့်ပွဲကြီး၌ ONE Championship ပြိုင်ပွဲများ ခေါင်းစီးအောက်တွင် ဒုတိယအကြိမ်မြောက်အဖြစ် ၎င်း၏ နိုင်ပွဲဆက်တစ်ခု ရရှိလိမ့်မည်ဟု မျှော်မှန်းထားလျက်ရှိသည်။ No-Gi ဘရာဇီးဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသော Pucci သည် ပြီးခဲ့သည့်နိုဝင်ဘာလတွင် တရုတ်နိုင်ငံသား “White Dragon” Xi Chao နှင့် ထိုးသတ်ယှဉ်ပြိုင်ခဲ့ချိန်၌ ကစားချိန် ၅၆ စက္ကန့်အချိန်တွင်းပင် ပြိုင်ဖက်၏ အလဲထိုးခြင်းကိုခံခဲ့ရသည်။

အသက်၂၈ နှစ်အရွယ်ရှိပြီဖြစ်သော Pucciသည် ဒဏ်ရာအနာတရများဖြင့်ခက်ခဲသောအချိန်ကို ဖြတ်သန်းခဲ့ရပြီး သူ၏ အားကစားသမားဘဝမှာ အဟန့်အတား ဖြစ်ခဲ့ရသည်။ ၂၀၁၈ခုနှစ် မတိုင်ခင်အထိ Pucci သည် ၎င်း၏ ကစားသမားသက်တမ်းတလျောက်တွင် တစ်နှစ်အတွင်း နှစ်ပွဲကစားရခြင်း မှတ်တမ်းမရှိခဲ့ပေ။ ထို့ကြောင့်လည်း ၂၀၁၉ခုနှစ်တွင် ကစားပွဲများစေရန် မျှော်လင့်လျက်ရှိသည်။

“ပြီးခဲ့တဲ့နှစ်တွေထဲမှာ ကျွန်တော်ကအမြဲတမ်းလိုလို ဒဏ်ရာအနာတရတွေနဲ့ ရှိနေတာကြောင့် တစ်နှစ်ကို တစ်ကြိမ်ပဲ ကစားဖြစ်နေရတာပါ။ ဒီနှစ်ကတော့ အပြောင်းအလဲတစ်ခုပါ။ ကျွန်တော် ONE Championship နှင့် အတူတူ အလုပ်တွေ ဆက်တိုက် လုပ်ချင်ပါတယ်။“ ဟု Pucci မှ onefc.com သို့ ပြောခဲ့သည်။ ၎င်းသည် ONE အမျိုးသမီး အမ်တန်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ AngelaLee နှင့် လက်ထပ်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံမှ အမေရိကန်နိုင်ငံ ဟာဝါယီကမ်းခြေသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ Pucci ရွှေ့ပြောင်းသွားခြင်းကလည်း ၎င်း၏ ကျွမ်းကျင်မှုစွမ်းရည်ကို မြှင့်တင်ပေးရန် အရာတစ်ခုဖြစ်စေခဲ့သည်။ ထိုသို့အကောင်းဖက်သို့ အပြောင်းအလဲကို Pucci အနေဖြင့် သတိထားမိနေခဲ့သည်။

ယခုအခါ ဟာဝါယီကမ်းခြေ၏ အဆင့်မြင့်ဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံလေကျင့်ရေး အားကစားရုံတစ်ခုဖြစ်သည့် United MMA တွင် သွားရောက်ကာ ၎င်း၏ ထိုးနှက်တိုက်ကွက်အတွက် လေ့ကျင့်ရေးများကို အားသွန်ခွန်စိုက် ပြုလုပ်လျက်ရှိနေသဖြင့် Pucci ၏ ပရိတ်သတ်များအနေဖြင့် လာမည့် ဇန်နဝါရီလ ၁၉ရက်နေ့ ပြိုင်ပွဲကြီးအတွက် ရင်ခုန်စွာ မျှော်လင့်လျက်ရှိနေသည်။

ကျွန်တော့် အမျိုးသမီးနှင့်အတူတူ ယခု ဟာဝါယီကမ်းခြေမှာ ရှိနေပါတယ်။ကျွန်တော် ကစားသမားတစ်ယောက်အနေနဲ့ အတော်လေး တိုးတက်လာပါတယ်။ ဒါက ပြောင်းရွှေ့လာခဲ့ရတဲ့အကြောင်းထဲက တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်လည်း သက်သေပြဖို့ အချိန်ရောက်လာပါပြီ။ ကျွန်တော်က နပန်းသမားတစ်ယောက်ဆိုတာကို အားလုံးပဲ သိကြပေမယ့် ကျွန်တော့်အနေနဲ့ မဆုတ်မနစ်ကြိုးစားသွားမှာပါ” ဟု Pucci က ပြန်လည်မျှဝေခဲ့သည်။

ယခုအခါ Pucci သည် ပြိုင်ဖက် Boku နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ၎င်းဇနီး၏ မောင်ဖြစ်သူ ဖယ်သာဝိတ်တန်းထိပ်တန်းကစားသမား Christian Lee နှင့် အတူ တွဲဖက်ကာ လေ့ကျင့်ရေးများ ပြုလုပ်လျက်ရှိသည်။ မကြာသေးမီကပင် ၎င်းတို့နှစ်ဦးသည် ကနေဒါနိုင်ငံသို့ ပိတ်ရက်အတွင်း သွားရောက်လည်ပတ်ခဲ့ကြသော်လည်း ၎င်းတို့မှာ နေ့စဉ်လေ့ကျင့်ရေးကို မပျက်မကွက် ဆောင်ရွက်ခဲ့ကြသေးသည်။

“ကျွန်တော်နဲ့ Christian က လေ့ကျင့်ဖော်လေ့ကျင့်ဖက်တွေပါ။ ကျွန်တော်တို့ကတစ်လှေထဲစီးသမားတွေပါ။ ကျွန်တော်တို့တွေ ကနေဒါမှာ လည်ပတ်နေရင်း အားကစားရုံတစ်ခုကို အနီးအနားမှာ ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ နေ့တိုင်းလေ့ကျင့်ရေး လုပ်ခဲ့ပါတယ်။ ပိတ်ရက်တွေဖြစ်နေပေမယ့် ကျွန်တော်တို့ မနက်စောစော အိပ်ယာကထပြီးတာနဲ့ တန်းပြီးသွားကစားတော့တာပါပဲ”ဟု Pucci က ဆိုသည်။

Lee မှာ Team Lakay ၏ အဖွဲ့ဝင်ဖြစ်သော Edward Kelly နှင့် အတူလာမည့် ONE: BEYOND THE HORIZON ပြိုင်ပွဲကြီးတွင် မကျေပွဲအား ပြန်လည် ရင်ဆိုင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိနေသည်။ ထို့ကြောင့်လည်း ၎င်းမှာ Pucci ၏ လာမည့်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးအကူအညီများ ပေးနိုင်ရန် အခွင့်ကောင်းများရှိနေပြန်သည်။ အသက် ၂၀နှစ်အရွယ် အားကစားသမားတစ်ဦးဖြစ်သူ Lee သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သော ONE: WARRIOR’S OF THE WORLD ပြိုင်ပွဲကြီး၌ Boku အား အနိုင်ယူ ဗိုလ်စွဲခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ Pucci အတွက် မကြာမီ ရင်ဆိုင်ရမည့် ပြိုင်ဖက်နှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ အားသာချက်များကို လမ်းညွှန်ပြပေးနိုင်သော အနေအထားရှိနေသည်။

“Christian ဟာ အင်မတန်တော်တဲ့ ကစားဖော်ကစားဖက်လည်းဖြစ်သလို နည်းပြလည်းဖြစ်ပါတယ်။ သူက Boku နှင့် ယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံလည်း ရှိထားပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ လာမယ့် ကစားပွဲအတွက် ဗျူဟာကောင်းတွေ ပြင်ဆင်ထားနိုင်တယ်လို့ ယုံကြည်ပါတယ်။” ဟု Pucci က ဆိုသည်။

Pucc i၏ အရည်အချင်းများမှာ မေးခွန်းထုတ်ဖွယ်ရာမရှိအောင် ပြီးပြည့်စုံသော်လည်း ပြိုင်ပွဲဆက်တိုင်း၌ ထိခိုက်ဒဏ်ရာအနာတရ ဖြစ်ပေါ်နေခဲ့ခြင်းမှာ ၎င်း၏ ပရိတ်သတ်များအတွက် ဘရာဇီးနိုင်ငံသား၏ အကောင်းဆုံးကစားကွက်များကို မြင်တွေ့နိုင်ရန် အခွင့်အရေးများဆုံရှုံးစေခဲ့ရသည်။ Pucci သည် ယခု၂၀၁၉ ခုနှစ်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးအနေဖြင့်အရည်အချင်းများကို ကစားပွဲများ ပုံမှန်ကစားကာ ပြသနိုင်ရန်မျှော်လင့်ရပေသည်။

Ref: ONE Championship “Brazil’s Bruno Pucci Injury Free And Ready To Rumble”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top