Shannon Wiratchai ၏ RARE ကိုယ်ခံပညာနည်းစနစ်

shannon-wiratchai.jpg

ONE လိုက်ဝိတ်ချန်ပီယံ Shannon “OneShin” Wiratchai သည် ၎င်း၏ ထိုးနှက်တိုက်ခိုက်ချက်များတွင် အကောင်းဆုံး ကစားကွက်များကို စုစည်းပေါင်းစပ်ကာ ပိုမိုကောင်းမွန်သော ကိုယ်ပိုင်ကစားကွက် ထိုးနှက်ချက်နည်းစနစ်များကို ဖန်တီးထားသည်။ Wiratchai သည် ၎င်းစနစ်ကို ‘One Shine Striking system’ သို့မဟုတ် ‘R.A.R.E’ ဟု အမည်ပေးထားသည်။ ထိုနည်းစနစ်များကို ဆက်လက်ဖော်ပြသွားပါမည်။

မည်သည့် အားကစားနည်းစနစ်များတွင်မဆို ဟန်ချက်ညီအောင်ထိန်းနိုင်ခြင်းသည် အရေးပါသောအချက်တစ်ခုဖြစ်သည်။ ထိုနည်းတူစွာပင် ကိုယ်ခံပညာတိုက်ခိုက်မှုတွင်လည်း အရေးပါသည်။ ဟန်ချက်ညီခြင်းသည် ထိရောက်သော ထိုးနှက်တိုက်ခိုက်မှုများအတွက် အခြေခံအုတ်မြစ်ဖြစ်သည် ဟု Wiratchai က ယူဆသည်။

“သင်က စတင်ထိုးစစ်ဆင် တိုက်ခိုက်မယ်ဆိုလျှင် မိမိခန္ဓာကိုယ်ကို သေချာထိန်းသိမ်းနိုင်ရပါမယ်။ လက်သီးထိုးတဲ့အခါ အကွာအဝေး တိုသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ အနေအထား ကျယ်သည်ဖြစ်စေ၊ ကျဉ်းသည်ဖြစ်စေ၊ ဝိုက်လက်သီးဖြစ်ဖြစ်၊ ဖြောင့်လက်သီးဖြစ်ဖြစ် ဟန်ချက်ကိုသာ ထိန်းနိုင်ရင် RARE နည်းစနစ်ရဲ့ ပထမဆုံး R ပြည့်စုံသွားပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

အကွာအဝေး
ပထမဆုံး ‘R’ သည် ကိုယ်ခံပညာ ကြိုးဝိုင်းထဲတွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်သည့် ‘Range’ (အကွာအဝေး) ကို ကိုယ်စားပြုသည်။ သင်နဲ့ သင့်ရဲ့ပြိုင်ဘက်ရဲ့ အကွာအဝေးကို တိုင်းတာနိုင်စွမ်းသည် ကြိုးဝိုင်းအတွင်း သင့်ကို အသာစီးရစေမည်ဖြစ်သည်။

“အနီးကပ်တိုက်တာ ခွာတိုက်တာတွေနဲ့ အကွာအဝေးတွေကို ကျွမ်းကျွမ်းကျင်ကျင် တွက်ချက်တတ်မယ်ဆိုရင် ဟန်ချက်ညီအောင်ထိန်းရင်း အဝင်အထွက်တွေ လုပ်တတ်လာပါလိမ့်မယ်။ လက်သီးထိုးတာ မကျွမ်းကျင်ရင်တောင် ပြိုင်ဘက်ကို တိုက်ခိုက်နိုင်ပြီး ထိခိုက်မှုမရှိဘဲ ထွက်လာနိုင်ပါလိမ့်မယ်။ ခြေရွှေ့ကွက်တွေက ဟန်ချက်ညီမှုတိုးတက်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။

ရှုထောင့်
အဝင်အထွက်အနီးအဝေးလုပ်တတ်ရုံနှင့် တိုက်ခိုက်ရေးတွင် မလုံလောက်သေးပါချေ။ တိုက်ခိုက်နိုင်သည့် အသာစီးရမည့် နေရာများကို သိထားရန် အရေးကြီးသည်ဟု Wiratchai က ဆိုသည်။ “ရှုထောင့်များသည် ကစားပွဲကို ပြောင်းပြန်လှန်ပစ်နိုင်သည်။ တစ်ခါတလေ ကိုယ်အသာစီးရမယ့်နေရာကို ဖန်တီးယူရတတ်တယ်။ ပြိုင်ဘက်ကို လှည့်ပတ်ကြည့်ပြီး အသာစီးရမယ့်နေရာကို ရှာပြီး အကွာအဝေးတွက်ချက်ပြီး ဆက်တိုက်ခိုက်လို့ရပါတယ်” ဟု Wiratchai ပြောပြသည်။

စည်းချက်
တိုက်ခိုက်ရေးကစားကွက်များကို အဆက်မပြတ်ထိုးနှက် ကစားတတ်ရုံနှင့် ပြိုင်ပွဲကို အောင်နိုင်ရန် လုံလောက်မည် မဟုတ်ပါ။ ကစားကွက်များကို စီစဉ်တကျ ပေါင်းစပ်ကစားတတ်ရန်လည်း အရေးကြီးပါသည်ဟု Wiratchai က ပြောသည်။

“ထိုးနှက်တဲ့ကစားကွက်တွေက အားလုံးအတူတူပါပဲ။ သင်ရင်းနှီးကျွမ်းဝင်တဲ့ တွဲလုံးများကို အသုံးပြုနိုင်ပေမယ့် ကစားကွက်များကို အနှေးအမြန်ချိန်ဆခြင်း၊ အကွာအဝေး၊ ရှုထောင့်များကို လှုပ်ရှားဖန်တီးခြင်း၊ အယောင်ပြကစားခြင်း စတာတွေနဲ့ တွဲလုံးတွေအများကြီးဖန်တီးလို့ရပါတယ်။ ဂီတသမားတစ်ယောက်က တူညီတဲ့ဂီတနုတ်တွေကို ပုံစံအမျိုးမျိုး အသုံးချပြီး သီချင်းတစ်ပုဒ် ဖန်တီးသလိုပါပဲ” ဟု ၎င်းက ဆိုသည်။

အပြီးသတ်အသုံးချခြင်း
ကိုယ်ဟန်အနေအထားမှန်မှန်နှင့် တိုက်ခိုက်နိုင်ရန် သင်ယူ၍ ပထမအချီ ခေါင်းလောင်းတီလိုက်ချိန်တွင် ကစားကွက်များကို ပေါင်းစပ်တိုက်ခိုက်နိုင်ခြင်းဖြင့် အောင်နိုင်မှုကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်ဟု Wiratchai က ပြောသည်။

“အကွာအဝေး၊ ရှုထောင့်နဲ့ စည်းချက်တွေကို ပိုင်နိုင်ကျွမ်းကျင်မယ်ဆိုရင် နောက်ဆုံးတစ်ခုမှာ နည်းစနစ်ဆိုတာ မရှိပါဘူး။ ကစားကွက် နည်းစနစ်တွေကို အသုံးချနိုင်ဖို့ ကစားပွဲကို ထိန်းချုပ်ထားနိုင်သင့်တယ်”ဟု ၎င်းက နိဂုံးချုပ်ပြောကြားသည်။

Ref: ONE Championship “Check Out Shannon Wiratchai’s RARE System in Martial Arts”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top