မနက်စောစောထပါလို့ ပြောရတဲ့ အကြောင်းအရင်းများ

waking-up.jpg

မနက်ဆိုအစောကြီးမထချင်တဲ့ အိပ်ပုပ်လေးတွေရှိရင် လက်တို့ပြီး ဒီဆောင်းပါးလေးတူတူဖတ်ကြည့်နော်……. မနက်စောစောထရတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်တဲ့အချက်တစ်ခုမို့ ဖြစ်နိုင်ရင် အိပ်ရာစောစောထတာက ကောင်းတဲ့ အလေ့အထတစ်ခုလို့ပြောချင်ပါတယ်။

မနက်စောစောထတာကောင်းလား

မနက်ခင်းစောစောလေးထ၊ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မနက်စာစားလိုက်ရတဲ့ခံစားချက်က စိတ်ရော ကိုယ်ပါလန်းဆန်းစေနိုင်ပါတယ်။ လုပ်စရာတွေကို စောစောစီးစီနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ မနက်ခင်းနေရောင်ခြည်နဲ့ မနက်ခင်းရဲ့ သန့်စင်တဲ့လေနုအေးတွေက ခန္ဓာကိုယ်အတွက် တော်တေ်ာလေး အထောက်အကူပြုပေးနေတာပါ။ ဒီလောက်ဆိုရင်တော့ မနက်ခင်းစောစောထတာက ကောင်းတယ်လိုပ ပြောချင်နေတယ်ဆိုတာ သိလောက်ရောပေါ့……..

မနက်စောစောထရင် ရရှိမယ့်အကျိုးကျေးဇူးတွေက

မနက်စောစောလေးထလိုက်ရင် ဘာမှမထူးသွားလောက်ပါဘူး၊လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ထူးခြားသွားမှာတွေက အများကြီးပါ။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်စေနိုင်ပါတယ်

ညဘက်တော်တော်နဲ့ မအိပ်တတ်ကြသူတွေက ကိုယ်အလေးချိန်ပိုတက်နိုင်ပါတယ်။ အိပ်ရာဝင်ချိန်နောက်ကျလေလေ ကယ်လ်လိုရီများတာတွေ ပိုစားမိလေလေပါ။ ဒီလိုမျိုး အသင့်စား၊ အလွယ်စားအစာတွေကို အိပ်ရာဝင်နောက်ကျတိုင်း စားနေမှတော့ ကိုယ်အလေးချိန်တက်လာမယ်၊ဆိုတာ ပြောနေစရာတောင် မလိုအောင်ပေါ့။ ဒီလိုကနေတဆင့် ကိုယ်အလေးချိန်များလာမယ်၊ အဆီတွေပိုစုမိပြီး ရောဂါတွေပါဝင်လာနိုင်ပါသေးတယ်။

ဆီးချိုရောဂါ ကင်းစေနိုင်တယ်

ညဘက်ကို စောစောအိပ်ရာဝင်ပြီး မနက်ခင်းစောစောထသူတွေက အိပ်ရေးပျက်မှုကင်းတာကြောင့် ကျန်းမာတဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုင်ဆိုင်ကြပြီး ဆီးချိုဖြစ်နိုင်ခြေ တော်တေ်ာလေးနည်းပါတယ်။

နှလုံးရောဂါဖြစ်နိုင်နည်းတယ်

စောစောအိပ်တာက ကျန်းမာရေးနဲ့ မညီညွတ်တာတွေစားမိနိုင်ခြေကို (၅၀) ရာခိုင်နှုန်းကနေ (၆၅) ရာခိုင်နှုန်းလောက်ထိလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စောစောအိပ်သူတွေက ပြည့်ဝတဲ့ အိပ်စက်ချိန်ရရှိမှုနဲ့အတူ အဆီများပြီး အငန်ကဲတဲ့ အသင့်စားအစာအစာတွေကို စားမိနိုင်ခြေနည်းတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းစေနိုင်ပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

ညကို စောစောအိပ်ပြီး မနက်စောစောထသူတွေက အစာခြေစနစ် ပြဿနာကင်းကြသလို ဆီး၊ဝမ်းလည်းမှန်ပါတယ်။ မနက်တိုင်းဝမ်းမှန်မှန်သွားလို့ အစာခြေစနစ် ပြဿနာကင်းဖို့ဆိုရင် ညဘက်ကို စောစောအိပ်ဖို့လိုမယ်နော်။

အကောင်းမြင်စိတ်များတယ်

လူတစ်ယောက် ကျန်းမာနေဖို့က အကောင်းမြင်စိတ်ရှိဖို့လည်း လိုပါမယ်။ မနက်ခင်းစောစောထတတသူတွေက အကောင်းမြင်စိတ်ပိုများတတ်ကြပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြသလို ရုပ်ပိုင်းဆိုင်ရာလည်းကျန်းမာကြပါတယ်။ လေ့လာမှုတွေအရ မနက်ခင်းအိပ်ရာစောစောထတတ်သူတွေက စိတ်ကျေနပ်မှုအမြဲလိုလို ပြည့်နေပြီး ပျော်ရွှင်နေတတ်သူတွေလည်းဖြစ်တယ်၊လို့ သိရပါတယ်။

အထိုင်မများဘူး

မနက်စောစောထတတ်သူတွေက တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေတတ်ပြီး လှုပ်လှုပ်ရှားရှားနေတတ်ကြပါတယ်။ ဒါကြောင့်ပဲ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကင်းပြီးကျန်းမာနေစေဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ။

စိတ်ဓာတ်ကျနိုင်ခြေနည်းတယ်

မနက်စောစောထလေ့ရှိသူတွေက စိတ်ဓာတ်ကျနိုင်ခြေနည်းကြပါတယ်။ မနက်ခင်းမှာ နေရောင်နုနုလေးနဲ့ ထိတွေ့တာ၊ ကျေးငှက်လေးတွေရဲ့ အသံလေးတွေကို နားထောင်ရတာက စိတ်ကြည်လင်စေပြီး အကောင်းမြင်စိတ်များစေနိုင်ပါတယ်။ အကောင်းမြင်စိတ်များတဲ့သူတွေက စိတ်ကျေနပ်မှုအမြင့်မားဆုံးရရှိသူတွေဖြစ်ကြပြီး စိတ်ဓာတ်ကျမှုနဲ့ ခပ်ကင်းကင်းနေနိုင်ကြပါတယ်။

အသားအရေကျန်းမာစေနိုင်တယ်

မနက်စောစောထတဲ့သူတွေရဲ့ အသားအရေက အောက်ဆီဂျင်ကို ပြည့်ပြည့်ဝဝရရှိသလို သွေးလည်ပတ်မှုကောင်းတာကြောင့် ကြည်ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်စေမှာပါ။ မနက်ခင်းစောစောမှာ အသားအရေထိန်းသိမ်းမှုတွေလုပ်ပေးတာက သင့်ကို တစ်နေ့တာလုံးကြည့်ကောင်းနေစေဖို့ ထောက်ပံ့ပေးနိုင်မှာပါ။

မနက်ခင်းမှာ မနက် (၅) နာရီ ခွဲကနေ (၆) နာရီအတွင်း အိပ်ရာနိုးထမှုက ကိုယ်ရောစိတ်ပါကျန်းမာလို့ နေ့စဉ်ဘဝမှာ အောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်နိုင်သူဖြစ်စေမှာပါ။ ဒီတော့ ညဘက်ကို ညဉ့်နက်မခံဘဲ စောစောအိပ်လို့ မနက်ခင်းကိုလည်း စောစောထဖို့ ပြောပါရစေ…။

Ref: Helloဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top