အရောင်အသွေးစုံလင်တဲ့ ခွန်အား သို့မဟုတ် ရောင်စုံခွန်အား

mary-crop.jpg

အဆိုတော် Mary က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ “ရောင်စုံခွန်အား’’ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ဆိုထားတယ်။ သူ့ပရိသတ်တွေထဲမှာ အဲဒီသီချင်းကို ကိုယ်ပိုင်ပုံစံနဲ့ ပြန်လည်သီဆိုသူ အယောက် ၂၀ ကို သူကိုယ်တိုင် Surprise လုပ်ပေးမယ်လို့ ပြောထားတယ်။ သရုပ်ဆောင် အေးမြတ်သူ၊ Social Influencer ရန်ကုန်သူမီရှဲနဲ့ အဆိုတော် ယွန်းနီကိုတို့ကလည်း ရောင်စုံခွန်အားသီချင်းသီဆိုမှု Campaign မှာ ပါဝင်ခဲ့ကြတယ်။ ရောင်စုံခွန်အားသီချင်းကို ယွန်းနီကိုက ရေးသားသီဆိုခဲ့တာပါ။

မိန်းကလေးတွေအပေါ် ကာယိန္ဒြေပျက်ပြားအောင် ဆိုးဆိုးရွားရွား နှောင့်ယှက်မှုတဲ့ ပြဿနာတွေကို ထိထိရောက်ရောက် အသိပညာပေးနိုင်ဖို့၊ မိမိကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ လက်တွဲဖေးမကူညီနိုင်ဖို့ တိုက်တွန်းတဲ့အနေနဲ့ ရောင်စုံခွန်အားသီချင်းကို ဖန်တီးပြီး လူတွေသိအောင် ဖြန့်ဝေနေတာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီး ကျေးလက်တောရွာတွေမှာရှိတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ သူတို့အဖွဲ့ကို ရောင်စုံမိန်းကလေးအဖွဲ့(Colorful Girls) ကို ခေါ်ပါတယ်။ သူတို့ဟာ မြန်မာပြည်အနှံ့အပြားက ဘာသာရေးနဲ့ နောက်ခံမျိုးနွယ်မတူတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေကို မြှင့်တင်ပေးနေတဲ့ Girl Determined အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ ရောင်စုံမိန်းကလေးငယ်များအဖွဲ့ရဲ့ သုံးရက်တာ တွေ့ဆုံဆွေးနွှေးမျှဝေမှုကနေ ရရှိတဲ့ အတွေ့အကြုံ၊ ခံစားချက်အစစ်အမှန်ကို အခြေခံပြီး ရောင်စုံခွန်အားသီချင်းကို ရေးဖွဲ့ထားတာပါ။

ရောင်စုံခွန်အားသီချင်းထဲမှာ ကာယဣန္ဒြေပျက်ပြားအောင် နှောင့်ယှက်ခံရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ သူကြုံရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေအကြောင်း ထုတ်ပြောဖို့ အားပေးထားပြီး မိန်းကလေးတွေကို နှောင့်ယှက်တတ်တဲ့ ယောကျာ်းလေးတွေအနေနဲ့လည်း နှောင့်ယှက်မယ့်အစား မိတ်ဖွဲ့ဖေးမပြီး ယောကျာ်းပီသမှုပြသဖို့ တောင်းဆိုထားပါတယ်။

“ကာယဣန္ဒြေပျက်ပြားအောင် နှောင့်ယှက်တာဟာ နှစ်ပေါင်းများစွာကြာအောင် နှုတ်ဆိတ်နေခဲ့ကြတဲ့ ပြဿနာ တစ်ခုဖြစ်ပြီး Colorful Girls လေးတွေ ပြုလုပ်တဲ့ ဒီ Social ကမ်ပိန်းကနေ အားလုံးသိလာအောင် အသံလွှင့် ပြောပြဖို့နဲ့ တစ်ယောက်ယောက် နှောင့်ယှက်ခံရတော့မှာကို တွေ့တဲ့အခါမှာလည်း ထုတ်ဖော်ပြောဆိုဖို့ စိတ်ခွန်အားပေးခဲ့ပါတယ်” လို့ တေးရေး-တေးဆို ယွန်းနီကို ပြောပါတယ်။ “သူတို့လေးတွေအတွက်တင် သီချင်းဆိုတာမဟုတ်ဘဲ ကိုယ့်အတွက်လည်းပါပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ လူတိုင်း ပူးပေါင်းလုပ်ဆောင် ကြမယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။

“ကျွန်မကိုယ်တိုင်လည်း ကာယဣန္ဒြေပျက်ပြားအောင် နှောင့်ယှက်မှုနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်၊ အရမ်းလည်း စိတ်ပျက်ခဲ့ရပါတယ်။ ကာယဣန္ဒြေပျက်ပြားအောင် နှောင့်ယှက်ခံရခြင်းနဲ့ ပတ်သက်ပြီး ရှုတ်ချတာကိုလည်း အစီအစဉ်တော်တော်များများမှာ ခဏခဏပြောပြခဲ့ဖူးပါတယ်၊ မီရှဲလ်အနေနဲ့ တခြားမိန်းကလေးတွေကိုလည်း ကူညီပံ့ပိုးပေးဖို့လည်း တတ်နိုင်သလောက် ကိုယ်တိုင် ပါဝင်ချင်ပါတယ်” လို့ Social influencer ရန်ကုန်သူမီရှဲလ်က ပြောပါတယ်။

ရောင်စုံခွန်အား ကမ်ပိန်းဟာ SHIFT အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီကမ်ပိန်းကို အပြည်ပြည်ဆိုင်ရာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Save the Children က ဦးစီးပြီး လူမှုဝန်းကျင်ကို ပြုပြင်ပြောင်းလဲချင်တဲ့ လူငယ်တွေနဲ့ လက်တွဲ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ “လူငယ်တွေက ကမ္ဘာကြီးကို ရွှေ့နိုင်တယ်” ဆိုတဲ့ ခံယူချက်နဲ့အညီ မြန်မာနိုင်ငံမှာရှိတဲ့ အသက် ၂၅ နှစ်အောက်လူငယ်တွေကို စိတ်အားထက်သန်တဲ့အတိုင်း လက်တွေ့ဆောင်ရွက်ပြီး အပြောင်းအလဲတွေ ဖန်တီးနိုင်အောင် SHIFT က ဖေးမကူညီနေပါတယ်။

“ယနေ့ခေတ်ရဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ နိုင်ငံရဲ့ အနာဂတ်မှာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်လာ လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ နောက်ပြီး သူတို့တွေကို စနောက်စော်ကားတာမျိုး မဟုတ်ဘဲ ပိုပြီး အားပေး ထောက်ခံဖို့လိုအပ်ပါတယ်” လို့ Save the Children ရဲ့ Communications, Campaigns and Media မှ Director of Advocacy ၊ SHIFT ကို ဖန်တီးခဲ့သူ Andy Nilsen က ပြောပါတယ်။ “ကျွန်တော်တို့ဟာ ဒီပြသနာကို ထိပ်တိုက်ရင်ဆိုင်ပြီး လမ်းပေါ်က စနောက်မှုတွေကို စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပြန်လည် တွန်းလှန်ရဲတဲ့ မိန်းကလေးတွေနဲ့အတူ ပူးပေါင်းလက်တွဲတိုက်ဖျက်ချင်တဲ့သူတွေအတွက် အစဉ်အလာတစ်ခု ဖန်တီးပေးနိုင်အောင် Girl Determined နဲ့အတူ ပူးပေါင်းတာ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ ပြဿနာကို သတိထားမိကြဖို့နဲ့ ဖြေရှင်းဖို့နည်းလမ်းရှာတဲ့အခါမှာ အကောင်းဆုံးခြေလှမ်းတစ်ခုပါပဲ” လို့ သူက ဆိုခဲ့ပါတယ်။

ကာယဣန္ဒြေပျက်ပြားအောင် အနှောင့်အယှက်ခံရသူများအတွက် စိတ်ချယုံကြည်ရတဲ့ အားပေးကူညီသူတွေ ဖြစ်လာစေဖို့ အောက်ပါ နည်းလမ်းတွေကို အကြံပြုမျှဝေထားပါတယ်။

အင်အားကြီးတဲ့သူတစ်ယောက်ဆီက အကူအညီရယူပါ – သင့်ထက် ပိုမိုသန်မာပြီး အင်အားကြီးတဲ့သူကို ထိပ်တိုက် ရင်ဆိုင်ဖို့ဆိုတာ ကြောက်စရာကောင်းပါတယ်။ ဒီလိုအခြေအနေဟာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ မိန်းကလေးတစ်ဦး အနှောင့်အယှက်ခံနေရတာကို သင့်အနေနဲ့ မကူညီနိုင်ဘူးလို့ မဆိုလိုပါဘူး။ မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်တဲ့လူနဲ့ ညှိနိုင်းဆွေးနွေးနိုင်တဲ့ အင်အားကြီးလူတစ်ယောက်ကို သင်အနေနဲ့ စကားလှမ်းပြော အကူအညီ တောင်းနိုင်ပါတယ်။

သူမ ခံစားချက်ကို မျှဝေရဲတဲ့အထိ ယုံကြည်စိတ်ချမှု ရှိလာစေဖို့ – သူမအနေဖြင့် အနှောင့်အယှက် ခံရပြီးတဲ့အခါမှာ သူမစကားတွေကို နားထောင်ပေးကာ အသိအမှတ်ပြု ပေးပါ။

သူမကို ယုံကြည်ပေးပါ – ဣန္ဒြေပျက်ပြားအောင် အစနောက်ခံရတဲ့အကြောင်း သူမပြောတဲ့အခါမှာ ယုံကြည်ပေးပါ။

ဖြစ်စဉ်ကို မှတ်တမ်းတင်ပါ – မိမိရဲ့ လုံခြုံမှုကို ဦးစွာအရေးပေးပါ။ တကယ်လို့ မိမိဟာ လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုရင် အဖြစ်အပျက်ကို မှတ်တမ်းတင်ဖို့အတွက် ကိုယ့်ရဲ့ ဖုန်းကို ဗီဒီယို သို့မဟုတ် ဓာတ်ပုံရိုက်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ မျက်မြင်ပြနိုင်တဲ့ သက်သေအထောက်အထားဟာ သူမအတွက် အသုံးဝင်လာမှာပါ။ တကယ်လို့ မိမိအတွက် မလုံခြုံဘူးလို့ ခံစားရပါက အဖြစ်အပျက်ကို မှတ်တမ်းမတင်ပါနှင့်။ မိမိရဲ့ လုံခြုံမှုက ပိုမို အရေးကြီးပါတယ်။

မိမိရဲ့ လုံခြုံမှုကို ဦးစွာအကဲခတ်ပါ – သတ္တိမွေးပြီး သူမဘက်က ကာကွယ်ပြောဆိုပေးပါ။ တကယ်လို့ သင်က ကြောက်လန့်ပြီး ကိုယ်ဘာ ပြောချင်လဲဆိုတာကို ဖော်ပြဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင် လက်ခုပ်တီးပါ။

စနောက်သူကို ရပ်တန့်ပါ – မိမိတတ်နိုင်ပါက သူမဘက်မှ ရပ်တည်ကာကွယ်ပြောဆိုပါ သို့မဟုတ် လက်ခုပ်တီးခြင်းအမှတ်အသားဖြင့် အားပေးပါ။

ရောင်စုံခွန်အား လှုပ်ရှားမှုနှင့် ချိတ်ဆက်ပါ – သီချင်းကိုနားထောင်ပြီး ရောင်စုံခွန်အားအဖွဲ့ကို ထောက်ခံအားပေးပါ။

Image may contain: 1 person, sitting and close-up

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top