ညဘက်ကို ကောင်းကောင်းလေး အိပ်ပျော်စေတဲ့ ငါးမိနစ်စာ နည်းလမ်း

Pensando-en-la-vida-619x346.jpg

လူတိုင်းနီးပါး အမြဲတမ်း ကြုံဖူးနေကျ ကိစ္စလေးတစ်ခု ရှိတယ်ဗျ။ တခြားတော့ မဟုတ်ပါဘူး။ ညဘက် အေးဆေးအိပ်တော့မယ်ဆိုပြီး ခေါင်းအုံးပေါ် ခေါင်းချဖို့ ကြံခါမှပဲ ကိုယ့်ဦးနှောက်ကြီး ကိုယ့်ကို သစ္စာဖောက်တာကို ခံရတော့တာပဲ။ ရှိသမျှ အတွေးတွေ ပလုံစီလာတာလေ…

” အား…နက်ဖြန်တော့ သူဌေးနဲ့ ချိန်းထားတဲ့ အလုပ်ကိစ္စကြီး မလုပ်ချင်ဘူး ” ၊ ” မနက်ကျရင်တော့ အိမ်အတွက် ဈေးဝယ်ရမယ် ” ၊ ” ဟင်… အမေ့ဆီ ဖုန်းဆက်ဖို့ မေ့နေလိုက်တာ “စသဖြင့် ကိုယ်စီကိုယ်စီ ဖြစ်ဖူးကြပါလိမ့်မယ်။

အိပ်ခါနီး အချိန်ကျမှ အတွေးပေါင်းစုံတွေ စုပြုံလာပြီး ဟိုတွေးဒီတွေးနဲ့ အိပ်မရ ဖြစ်ရတယ်ဆိုတာ အခုခေတ်မှာ လူတိုင်းနီးပါး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တစ်နေ့လုံး အလုပ်တွေ များလွန်းတဲ့သူတွေမှာ ပိုပြီးဖြစ်ပါတယ်။ ဒီအချိန်မှပဲ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးချိန်ရတာကိုး။ ဒီလို ကြုံနေရပါတယ် ဆိုတဲ့ ကိုယ့်လူတွေအတွက် ငါးမိနစ်စာလောက် အချိန်ပေးရုံနဲ့ ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးကို အဖြေရှာပေးချင်လို့ပါ။

ထူးထူးခြားခြား မဟုတ်ပါဘူး။ ရိုးစင်းပြီး ထိရောက်ပါတယ်။ အိပ်ရာမဝင်ခင်လေးမှာပဲ ကိုယ့်အတွက် ဖိစီးဝန်လေးနေစေတဲ့ အတွေးတွေကို စာရွက်ပေါ်မှာ လက်ရေးနဲ့ ချရေးတတ်တဲ့ အကျင့်လေး လုပ်ပေးဖို့ပါပဲ။ အဲ … စာရေးပျင်းတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ မနက်ဖြန် လုပ်ရမယ့်အလုပ်၊ နောက်ထပ်ရက်တွေမှာ အရေးတကြီး လုပ်ရမယ့် ကိစ္စဝစ္စအစီအစဉ် တွေကို ခေါင်းထဲပေါ်လာသမျှ (၅) မိနစ်ဆိုမှ (၅) မိနစ်စာလေးပဲ ချရေးပေးရမှာပါ။

ကိုယ့်အနာဂတ်နဲ့ မနက်ဖြန်မှာ မေ့သွားလို့ မဖြစ်ဘဲ မဖြစ်မနေ လုပ်ရမယ့်ကိစ္စတွေကို စာရွက်ပေါ် ချရေးပေးလိုက်ပါ။ ချရေးပြီးတဲ့အခါ မေ့သွားစရာအကြောင်းမရှိတော့လို့ လူဟာ စိတ်သက်သာရာ ရပါတယ်။ အတွေးဝန်ပိုစရာ မရှိတော့လို့ စိုးရိမ်သောကကင်းပြီး စိတ်အေးလက်အေးဖြစ်တဲ့အခါ လူကို အလွယ်တကူ အိပ်ပျော်စေပါတယ်။

နောက်တစ်ချက်က ကိုယ့်စိတ်ထဲရှိသမျှကို ခံစားရသလို စာရွက်ပေါ် ချရေးပြီး ဖွင့်ထုတ်ပစ်လိုက်တဲ့ အကျင့်ဟာ စိတ်ဖိစီးမှုကိုပါ သိသိသာသာ လျော့ပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရွှင်လန်းချင်သူတိုင်း အချိန်မရွေး ကျင့်သုံးပေးသင့်တဲ့ အလေ့အကျင့်ထူးပါ။ စိတ်ကို ပေါ့ပါးစေပါတယ်။ စိတ်ရှင်းလက်ရှင်းရှိတဲ့အခါ ကျွန်တော်တို့အတွက် အလုပ် လုပ်လို့လည်း ပိုကောင်းတယ် မဟုတ်လား။ ဒါကြောင့် အတွေးတွေများလို့ ရှုပ်ထွေးလာကြရင် စာရွက်ပေါ်စာစီပြီး စာရေးပေးကြပါခင်ဗျာ။ နောက်ဆုံး စာရွက်မလွယ်ရင် ဖုန်း၊ ကွန်ပျူတာမှတ်စုထဲ ချရေးပစ်လိုက်ရုံပါပဲ။

ညစဉ်ညတိုင်း စိတ်ချမ်းသာကိုယ်ချမ်းသာ မှေးစက် အနားယူနိုင်ကြပါစေ။

Ref: Curiosity “This 5-Minute Trick Can Help You Fall Asleep Faster”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top