မျှစ်တာလပေါ့ဟင်း ချက်စားကြမယ်

20160805_110616.jpg

ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကရင်ရိုးရာဟင်းတစ်မျိုးဖြစ်တဲ့ မျှစ်တာလပေါ့ဟင်းနဲ့ မိတ်ဆက်ပေးပါရစေ။ ဝါးပိုးမျှစ်တွေပေါ်တဲ့ ခုလိုရာသီမှာချက်စားရတဲ့ မျှစ်တာလပေါ့ဟင်းက ထမင်းမြိန်စေတဲ့ဟင်းတစ်ခွက်ပါပဲ။

ပါဝင်ပစ္စည်းတွေကတော့ – ဝါးပိုးမျှစ်၊ ပုစွန်၊ ရုံးပတီသီး၊ ဒန့်ဒလွန်ရွက်၊ ဖရုံညွန့်၊ ဒညင်းဝက်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း တို့ပဲဖြစ်ပါတယ်။ ဝါးပိုးမျှစ်ကတော့ ဝယ်လာတဲ့ဝါးပိုးမျှစ်ဆို့ကို အပေါ်ကအရင့်အခွံတွေကို များများလှီးထုတ်ပြီး နုနုလေးတွေကျန်တော့မှ ပါးပါးလှီးရမှာပါ။

ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပါမယ်။

၁။ ဝါးပိုးမျှစ်ပါးပါးလှီးပြီးသားကို ရေစိမ်ထားရပါမယ်။ ဝါးပိုးမျှစ်ကို ရေများများနဲ့ နူးတဲ့အထိပြုတ်ပြီး ပြုတ်ရည်ကိုမသွန်ဘဲ ဒီတိုင်းထားရမှာပါ။

၂။ မျှစ်ပြုတ်အိုးထဲကို ဆန်လှော်မှုန့် ရေဖျော်ပြီးထည့်ပါ။ အရည်ပျစ်ပျစ်ကြိုက်ရင် ဆန်မှုန့်ပိုထည့်နိုင်ပြီး အရည်ကျဲကျဲကြိုက်ရင်တော့ ဆန်မှုန့်လျှော့ထည့်ပါ။

၃။ ဆန်လှော်မှုန့်နံ့မွှေးလာတဲ့အခါ ငံပြာရည်၊ အရသာမှုန့်နဲ့ မျှင်ငါးပိဖျော်ထည့်ပါ။ ဟင်းရည်ဆူလာတဲ့အခါ ဒညင်းဝက်ပါးပါးလှီးထားတာနဲ့ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထည့်ပါ။ ဟင်းရည်ပွက်ပွက်ဆူလာတဲ့အခါ ပုစွန်ထည့်ပါ။ ပုစွန်ကျက်ပြီး နောက်ဆုံးကျမှ အရွက်တွေခပ်ပြီး မီးအပူရှိန်နည်းနည်းလေးနဲ့တည်ထားလိုက်ရင် ချိုမွှေးစပ်အရသာ မျှစ်တာလပေါ့အရည်သောက် ရပါပြီ။

မြိတ်ငပိထောင်းစပ်နဲ့ တွဲစားလို့ရသလို ရှောက်သီးသုပ်ချဉ်ချဉ်စပ်စပ်လေးနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ တန်ဖိုးလည်းအရမ်းမကြီးသလို ထမင်းမြိန်စေတဲ့ နတ်သုဒ္ဓါတစ်ပွဲဖြစ်တဲ့ မျှစ်တာလပေါ့အရည်သောက်ကို ချက်စားကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။

Photo – KIC

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top