ခိုးယူထားတဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုကို ကန်ဒေါ်လာ ပြား၈၀ နှုန်းနဲ့ ထုတ်ရောင်း

45400780_347872845969462_8520690935980359680_n.jpg

ရုရှားအခြေစိုက် ဆိုက်ဘာ ဟက်ကာတွေဟာ ဖေ့စ်ဘွတ်ခ်ထံက ခိုးယူရရှိထားတဲ့ အကောင့်ပေါင်း ၈၁,၀၀၀ ရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို နည်းနည်းချင်းစီ ဖွင့်ချပြနေပြီး အကောင့်တစ်ခုကို ကန်ဒေါ်လာ ပြား ၈၀ နှုန်းမျှနဲ့ ထုတ်ရောင်းဖို့ လုပ်ဆောင်နေပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ ပြီးခဲ့တဲ့ လပိုင်းက သုံးစွဲသူ အကောင့်ပေါင်း သန်း ၅၀ ရဲ့ လုံခြုံရေး ဖောက်ထွင်းခံနေရတယ်လို့ အသိပေးခဲ့ပြီးနောက်မှာ ဒီသတင်းဟာ ထပ်မံထွက်ပေါ်လာခဲ့လို့ ထိုးနှက်ချက် ထပ်ဖြစ်လာခဲ့ပါပြီ။

ဝယ်ယူမယ့်သူတွေ အကြိုက်တွေ့လာအောင် အကောင့်တွင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ မျှားခေါ် ဆွဲဆောင်နေပြီး ချစ်သူနှစ်ဦးရဲ့ သီးသန့်ပြောဆိုထားတဲ့ မက်ဆေ့ခ်ျတွေ၊ မိသားစုအတွင်းရေးနဲ့ သူငယ်ချင်း အချင်းချင်းဆက်သွယ်မှုတွေကို ရုရှားဟက်ကာတွေက ဖွင့်ချလိုက်ပါတယ်။ နစ်နာသူ အကောင့်အများစုကတော့ ယူကရိန်းနဲ့ ရုရှားနိုင်ငံတွင်းက အကောင့်တွေဖြစ်ပြီး ယူကေ၊ အမေရိကနဲ့ ဘရာဇီးနိုင်ငံတွေပါ ပါဝင်နေပါတယ်။

ဘီဘီစီရဲ့ သတင်းတွေအရ ဟက်ကာတွေဟာ သူတို့မှာ ဖေ့စ်ဘွတ်ခ် အကောင့်ပေါင်း သန်း ၁၂၀ ရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို လက်ဆုပ်လက်ကိုင် ရရှိထားတယ်လို့ ဆိုခဲ့ကြောင်းလည်း သိရပါတယ်။ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီဘက်ကတော့ ယင်းတို့ရဲ့ လုံခြုံရေး လျော့ရဲ အားနည်းမှုကြောင့် မဟုတ်ဘဲ စိတ်ချရမှုမရှိတဲ့ သံသယဖြစ်ဖွယ် ဘရောက်ဆာ (browser) နဲ့ ဘရောက်ဆာ အခွဲတွေကနေတစ်ဆင့် မသမာသူ ဟက်ကာတွေဟာ ယခုလို ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဖောက်ယူခွင့် ရရှိခဲ့တာလို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဖေ့စ်ဘွတ်ခ်ဟာ တခြားသော သုံးစွဲသူအကောင့်တွေကိုပါ ဆက်လက် မထိခိုက်ရအောင် ကြိုတင် ပြင်ဆင်ထားပြီဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေကို ကတိပေးခဲ့ပါတယ်။

“ဘရောက်ဆာ ဖန်တီးသူတွေဆီကို ကျွန်တော်တို့ အဆက်အသွယ်လုပ်ပြီးပါပြီ။ သူတို့ကို လုံခြုံရေးအရ စိတ်မချရတဲ့ ဘရောက်ဆာအိတ်စ်တန်းရှင်းတွေကို ဒေါင်းလုတ် (Download) ရယူခွင့် မပေးတော့ပါဘူး။ ဥပဒေအရ ကြပ်မတ် အရေးယူဖို့လည်း လုပ်ဆောင်နေပြီဖြစ်သလို ဖေ့စ်ဘွတ်ခ်အကောင့်ထဲက အတွင်းရေး အချက်အလက်တွေကို ခိုးယူ ဖွင့်ချထားတဲ့ ဝက်ဘ်ဆိုက်ကိုပါ ပိတ်သိမ်းဖို့ ဒေသခံ အာဏာပိုင်တွေနဲ့ လက်တွဲ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ” လို့ ဖေ့ဘွတ်ခ်ရဲ့ စီမံခန့်ခွဲရေး တာဝန်ရှိသူ ဂိုင်းရိုဆန် (Guy Rosen) က ပြောဆိုသွားပါတယ်။

Ref: dailymail “Russian hackers publish private messages from 81,000 Facebook users”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top