ရင်သွေးငယ်အတွက်ကြောင့် ဇနီးသည်ကို ရင်နာနာနဲ့ စတေးခဲ့ရတဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာ

48372451_2232451236818836_915572759902289920_n.jpg

အမေရိကန်နိုင်ငံသား ဖရက်ဒရစ် ကိုနေး (Frederick Connie) ဟာ သူ့ဘဝအတွက် အရမ်းခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို လူသားဆန်စွာ ချမှတ်ခဲ့ပြီး မိဘမေတ္တာကို ပြသခဲ့ပါတယ်။

သူ့ဇနီးသည် ကီဗွန်း ကိုနေး (Keyvonne Connie) ဟာ ကော်လိုရာဒိုမှာရှိတဲ့ သူတို့ရဲ့နေအိမ်မှာပဲ ကလေး မွေးဖွားခါနီးအချိန်မှာ သွေးထွက်လွန်နေတဲ့ အနေအထားကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ချက်ချင်း ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ မိခင် (သို့) ကလေး တစ်ဦးသာ အသက်ရှင်ခွင့်ရှိတဲ့ အခြေအနေကို ဖြစ်လာခဲ့ပါတယ်။

ဆရာဝန်က ဖရက်ဒရစ်ကို မိန်းမနဲ့ ကလေး နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ခိုင်းတဲ့အခါ ဖရက်ဒရစ်ဟာ ဖခင်ပီသစွာနဲ့ ကလေးကိုပဲ ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့ပါတယ်။ သူ့မိန်းမအနေနဲ့လည်း မိခင်စိတ် အပြည့်ရှိပြီး အခုလို ကလေးကို ဦးစားပေး ရွေးချယ်ဖို့ ဆန္ဒရှိနေမယ်ဆိုတာ ယုံကြည်တယ်လို့ သူကဆိုပါတယ်။ အရမ်းချစ်ရတဲ့ ဇနီးသည်ကို ရင်နာနာနဲ့ စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ရတာဟာ အပြစ်ကင်းစင်တဲ့ ရင်သွေးလေးကြောင့်လို့ ပြောပြခဲ့ပါတယ်။

ဇန်နဝါရီလလယ်လောက်အထိ မွေးဖွားဖို့ မရှိသေးဘူးလို့ ခန့်မှန်းထားပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ မွေးချိန်ထက်စောပြီး ဗိုက်နာလာတာတည်းက တစ်ခုခုဖြစ်တော့မယ်လို့ ခံစားမိခဲ့တဲ့အကြောင်းကို “ကျွန်တော့်မိန်းမကို မင်းအဆင်ပြေရဲ့လားလို့ မေးနေခဲ့ပေမဲ့ သွေးတွေက နေရာအနှံ့မှာ ပေပွနေပါပြီ။ အဲဒီကတည်းက ကျွန်တော့်စိတ်ထဲ တစ်ခုခုတော့ မှားနေပြီဆိုတာ သိနေခဲ့တယ်ဗျာ” လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဖရက်ဒရစ်က “အခုလို ခက်ခဲတဲ့ အနေအထားမှာ ဆုံးဖြတ်ချက် ချခဲ့ရပေမဲ့ ကျွန်တော့် ဆုံးဖြတ်ချက်အတွက် မှန်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်မိန်းမကတော့ ကျွန်တော့်ကို တမလွန်ကနေ စိတ်ဆိုးနေမလား မသိဘူးဗျာ။ ဆရာဝန်တွေက အတတ်နိုင်ဆုံး ကျွန်တော့်မိန်းမ အသက်ကိုပါ ကယ်နိုင်အောင် ကြိုးစားပေးကြသေးပေမဲ့ ကံမကောင်းခဲ့ဘူးလေ” လို့ ဝမ်းနည်းစွာနဲ့ သူ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

ဖရက်ဒရစ်ဟာ သူရဲ့သမီးလေး နာမည်ပေးရာမှာ သူ့ဇနီးနာမည်ကိုပါ ထည့်သွင်းပြီး အိန်ဂျယ်လီ ကီဗွန်း ကိုနေး (Angelique Keyvonne Connie) လို့ နာမည်ပေးခဲ့ပါတယ်။ သူ့ရဲ့သမီးဟာ သူ့အမေကို အမြဲတမ်း အမှတ်ရ သတိရနေစေချင်တာကြောင့်လို့ ဆိုပါတယ်။ ကလေးနာမည်ကို အတိုကောက်အနေနဲ့ ပူဒါ (Pooder) လို့ ချစ်စနိုး ခေါ်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

Ref: Daily Mail “Devastated US man loses his wife but saves their baby daughter after he had to make a heartbreaking choice”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top