နှစ်သစ်နှင့် ငြိမ်းချမ်းရေးအရွေ့သစ်များ

30-12-2020-yyl46.jpg

၂၀၂၁ ခုနှစ်ကတော့ ဝမ်းသာစရာ သတင်းကောင်းတွေကို ယူဆောင်လာခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီဝင်လွှတ်တော်အမတ် ၃ ဦးကို ဇန်နဝါရီလ ၁ ရက်နေ့မှာ AA အဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ NLD ပါတီဝင်လွှတ်တော်အမတ် ၃ ဦးဟာ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၀ နာရီအချိန်က ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်ပြီး ၇၉ ရက်အကြာမှာ ပြန်လွတ်မြောက်လာခဲ့တာပါ။

တပ်မတော်နဲ့ AA အဖွဲ့ ဆွေးနွေးမှုလုပ်ခဲ့ပြီးနောက်မှာ လွှတ်တော်အမတ် ၃ ယောက်နဲ့ တပ်မတော်သား ၃ ယောက်ကို AA အဖွဲ့က တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာပါ။ တောင်ကုတ်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက် ပြန်လွတ်လာတာဟာ တပ်မတော်နဲ့ AA အဖွဲ့ရဲ့ ဆွေးနွေးမှုရလဒ်ကြောင့်ဖြစ်တယ်၊ လုံခြုံရေးအရရွေးကောက်ပွဲ မကျင်းပနိုင်သေးတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး ဦးတည်ပြီး ဆွေးနွေးခဲ့တာဖြစ်တယ်၊ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ကျန်နေတဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ မကျင်းပခြင်းကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ပြောခဲ့ပါတယ်။

NLD ပါတီဝင်တွေကို ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးခဲ့သလို NLD အစိုးရလက်ထက်မှာ အမှန်တကယ်ပြစ်မှုမကျူးလွန်ဘဲ ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးခံထားရတဲ့ ရခိုင်နိုင်ငံရေးသမားတွေ၊ ပြည်သူတွေနဲ့ AA အဖွဲ့ဝင်တွေအားလုံးကိုလည်း NLDအစိုးရက ငြိမ်းချမ်းရေးကို ရှေးရှုပြီး သဘောထားကြီးမားစွာ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရခိုင်တစ်မျိုးသားလုံးက လိုလားတယ်လို့ AA အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

တောင်ကုတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ၃ ယောက် ပြန်လည်လွတ်မြောက်မှုဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ လာရောက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာချိန်နဲ့ မရှေးမနှောင်းဖြစ်နေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဇန်နဝါရီလအစောပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပြီး ရွေးကောက်ပွဲအလွန်မှာ မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမှာပါ။ ဝမ်ယီရဲ့ခရီးစဉ် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့(AA)တို့က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို ၂ လကြာ သက်တမ်းတိုးမြှင့်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေရဲ့ အချိန်ကာလအရ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်နဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ သုံးသပ်ချက်မှုတချို့ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးမှုရလဒ်ကြောင့် တင်းမာမှုတွေ ဖြေလျှော့ပြီး ငြိမ်းချမ်းရေးကို ဦးတည်နေတဲ့အရွေ့အတွက် ဝမ်းသာစရာပါပဲ။ နှစ်သစ်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အရွေ့သစ်တွေ ထပ်မံမြင်တွေ့ရစေဖို့ ဆန္ဒပြုကြောင်း . . . .

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top