Eduard Folayang ကျန်းမာခြင်း လျှို့ဝှက်ချက် (၃) ချက်

Eduard-Folayang-ADUX0177e-web-1200x800.jpg

ONE လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံ Eduard “The Landslide” Folayang သည် ကမ္ဘာ့အဆင့် ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်လာရန် အလွန်စိတ်အားထက်သန်စွာ ကြိုးစားရမည်ကို သိထားသည်။ Eduard ၏ သန်မာတောင့်တင်းသော ကြွက်သားများနှင့် တည်ဆောက်ထားသောခန္ဓာကိုယ်က ကြိုးစားမှုများအတွက် သက်သေများပင်ဖြစ်တော့သည်။ ဖိလစ်ပိုင်လူမျိုး Eduard သည် ဤကဲ့သို့ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကို ရရှိအောင် ကြိုးစားခဲ့ပုံ လျှို့ဝှက်ချက်များကို ဖော်ပြပေးပါမည်။

၁။ တတ်နိုင်သမျှ အဆုံးအစွန်ထိ အားထုတ်ပါ

လူသားတိုင်း၏ စိတ်ထဲတွင် မိမိ လုပ်န်ိုင်စွမ်း ကန့်သတ်ချက်ကို သတ်မှတ်ထားတတ်ကြသည်။ သို့သော် အောင်မြင်သောရလဒ်များကို ရယူနိုင်ရန် ထိုကန့်သတ်ချက်များကို ကျော်လွန်၍ မိမိကိုယ်ကို တွန်းအားမပေးလျှင် ထိရောက်သော အကျိုးကျေးဇူးများရရှိနိုင်လိမ့်မည် မဟုတ်ပါ။

“ကျွန်တော်တို့အားလုံး သွက်သွက်လက်လက်နေရတာ ကြိုက်တယ်။ ကိုယ်လက်လှုပ်ရှားမှုတိုင်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ မေးနေစရာတောင်မလိုပါဘူး” ဟု ၎င်းက ဆိုသည်။

“ဒါပေမယ့် တကယ့်ရလဒ်ကောင်းတွေကို တွေ့မြင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က သက်တောင့်သက်သာဖြစ်နေတဲ့ နေရာကနေ ရုန်းထွက်ဖို့လိုပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော်တို့ နေ့စဉ်လုပ်နေကျ လေ့ကျင့်ခန်းလေးတွေကို သက်သက်သာသာ လုပ်သွားလို့ရပေမယ့် လိုချင်တဲ့ ရလဒ်တော့ရလာမှာ မဟုတ်ဘူး”ဟု Folayang က ပြောသည်။ မိမိစိတ်ဆုံးဖြတ်ချက်သာ ခိုင်မာလျှင် တိုက်ပွဲ၏တစ်ဝက်လောက်ကို အောင်နိုင်ပြီးဖြစ်သည်ဟု Folayang ကပြောသည်။ ၎င်းနှင့် ၎င်း၏ မိတ်ဆွေ ချန်ပီယံများ မမောနိုင်မပန်းနိုင် လေ့ကျင့်ကြသည့် ကျော်ကြားသော Team Lakay တွင် ကစားဖော်ကစားဖက်များနှင့်အတူ ပုံမှန်လေ့ကျင့်လေ့ရှိသည်။

“ကိုယ့်ကိုယ်ကို ဖိအားပေးဖို့အရေးကြီးတယ်။ ဒါမှ မိမိစိတ်မှာရှိတဲ့ အရံအတားတွေကို ကျော်လွှားနိုင်ပြီး လုပ်နိုင်စွမ်းတွေကို ဖြန့်ကျက်နိုင်မှာဖြစ်ပါတယ်။ စိတ်က လုပ်နိုင်တယ်ဆိုရင် ခန္ဓာကိုယ်ကပါ လုပ်နိုင်လာပါလိမ့်မယ်။ မိမိကိုယ်ကို သံသယဝင်ခြင်းကို ဖယ်ရှားနိုင်မယ်ဆိုရင် စွမ်းရည်တွေ အံ့အားသင့်စရာကောင်းလောက်အောင် တိုးတက်လာပါလိမ့်မယ်။ မိမိကိုယ်ကို ယုံကြည်ပြီး ကန့်သတ်ချက်တွေကို ချိုးဖောက်တွန်းလှန်ပါ။” ဟု ၎င်းက ပြောသည်။

၂။ လေ့ကျင့်မှုနည်းလမ်းများ ပြောင်းလဲလေ့ကျင့်ပါ

Folayang သည် ၎င်း၏ လေ့ကျင့်မှုအများစုကို Team Lakay ရှိ အားကစားရုံထဲတွင် ကစားလေ့ရှိသော်လည်း အားကစားရုံပြင်ပတွင် လေ့ကျင့်ရသည်ကိုလည်း နှစ်သက်သည်။ လေ့ကျင့်မှုနည်းလမ်းများကို ပြောင်းလဲကစားခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ရသည်ကိုငြီးငွေ့မှုမရှိတော့ဘဲ အမြဲလန်းဆန်းတက်ကြွနေမည်ဖြစ်သည်။

“ပုံမှန်လေ့ကျင့်နေကျ ကစားနည်း တစ်ခုတည်းပဲမလုပ်ပါနဲ့။ ထပ်ခါထပ်ခါ လုပ်ရပါများတော့ ပျင်းလာပြီး ရပ်လိုက်ချင်လာလိမ့်မယ်။ လေ့ကျင့်ခန်းတွေကို ပြောင်းလဲပါ။ ဘောလုံးကန်တာ ဘတ်စကတ်ဘောကစားတာမျိုး မတူတဲ့ကစားနည်းတွေကို ကစားပါ။ ညနေပိုင်း ပန်းခြံထဲမှာ အပြေးလေ့ကျင့်တာမျိုး လုပ်လို့ရပါတယ်။ ဘာအားကစားပဲလုပ်လုပ် ပျော်ရွှင်စွာလုပ်ပါ”ဟု ၎င်းကပြောသည်။

Folayang သည် Baguio မြို့ ဝန်းကျင်ရှိ လှပသောသဘာဝသစ်တောများကြားတွင် လမ်းလျှောက်ရသည်ကို သဘောကျကာ အပြင်မှာလွတ်လွတ်လပ်လပ် လေ့ကျင့်ခန်းလုပ်ရတာကိုလည်း နှစ်သက်သည်။

“လေ့ကျင့်ခန်းတစ်ခုတည်းကို ထပ်ကာထပ်ကာ လုပ်တတ်တဲ့အကျင့်ဖြစ်မသွားဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းတစ်ခုတည်းကိုပဲ လုပ်နေရင်း ရပ်လိုက်တဲ့သူတွေ အများကြီးကို ကျွန်တော်တွေ့ဖူးတယ်။ မြန်မြန်ငြီးငွေ့သွားတတ်တယ်လေ။ အဲဒီလိုဆို လိုချင်တဲ့ရလဒ် ရလာမှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

၃။ ကိုယ်ခံပညာကို လေ့ကျင့်ပါ

Folayang သည် ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်သည့်အလျှောက် ကိုယ်ခံပညာရပ်အပေါ်စိတ်အားထက်သန်စွာ လိုက်စားသောကြောင့် အများနှင့်မတူသော သန်မာသည့် ခန္ဓာကိုယ်နှင့် ကြံ့ခိုင်သည့်စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်။

“ပထမဆုံးပြောချင်တာက ကိုယ်ခံပညာလောက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းဆိုတာမရှိပါဘူး။ ကိုယ်ခံပညာလေ့ကျင့်ရင် ရရှိလာမယ့် ရုပ်ပိုင်းဆိုင်ရာတွန်းအားတွေက ခင်ဗျားလုပ်ဖူးသမျှ လေ့ကျင့်ခန်းတွေကရတဲ့ တွန်းအားတွေထက် ပိုပါလိမ့်မယ်။ ကိုယ်ခံပညာလေ့ကျင့်ရင် တစ်က်ိုယ်လုံးမှာရှိတဲ့ ကြွက်သား အကြီးအသေးအကုန် အသုံးပြုရပြီး သာမန်လုပ်ရိုးလုပ်စဉ် လေ့ကျင့်ခန်းတွေမှာအသုံးမပြုဖြစ်တဲ့ ကြွက်သားတွေအတွက်ပါ ထိရောက်စေမှာပါ” ဟု Folayang က အပြီးသတ်ပြောကြားခဲ့သည်။

Ref: ONE Championship “Eduard Folayang’s 3 Secrets to Fitness”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top