တိတ်တိတ်လေး လက်ထပ်ပွဲလုပ်ခဲ့တဲ့ မိုင်လေဆိုင်းရပ်စ် (Miley Cyrus) နဲ့ လီရမ်ဟမ်းစ်ဝါ့သ် (Liam Hemsworth)

မိုင်လေနဲ့ လီရမ် တို့နှစ်ဦးရဲ့ လက်ထပ်ပွဲကို Malibu မြို့မှာရှိတဲ့ အိမ်ကြီးမှာ ပြုလုပ်ခဲ့တာပါ။ အိမ်နီးနားချင်းတွေကတော့ လက်ထပ်ပွဲ ကျင်းပနေတယ်ဆိုတဲ့ အရိပ်အယောင်တောင် မတွေ့လိုက်ရဘဲ နေရာ အနှံ့ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေကိုပဲ တွေ့လိုက်ရပါတယ်။

လက်ထပ်ပွဲက အများနဲ့ မတူ ထူးခြားတဲ့ Hippie စတိုင် ကျင်းပခဲ့တာဖြစ်ပါတယ်။

မိုင်လေက ပန်းပွင့်တွေ အများကြီးနဲ့ ပုံဖော်ထားတဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဧည့်ခံတဲ့ အစားအစာတွေကတော့ သက်သက်လွတ်နဲ့ အော်ဂဲနစ် အစားအစာတွေဖြစ်ပါတယ်။

လက်ထပ်ပွဲမှာ ဖျော်ဖြေမယ့်သူကို သပ်သပ်ဖိတ်ကြား မနေတော့ဘဲ မိုင်လေကိုယ်တိုင် ဖျော်ဖြေဧည့်ခံခဲ့ပါတယ်။ မိုင်လေက အဆိုတော် ဒေါ်လီပါတန် (Dolly Parton) ရဲ့ “Island in the Stream” သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့သလို အမေရိကန် အဆိုတော် Wayne Coyne ကလည်း သီချင်း ပုဒ်ရေ အနည်းငယ် သီဆိုချီးမြှင့်ခဲ့ပါတယ်။

မိုင်လေရဲ့ မိဘတွေဖြစ်တဲ့ Bill Ray Cyrus နဲ့ Trish Cyrus တို့နဲ့ အတူ မွေးချင်းမောင်နှမ လေးဦးလုံး ပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။ လီရမ်ရဲ့ မိသားစုဘက်မှာတော့ ညီအစ်ကိုတော်တွေဖြစ်ကြတဲ့ Chris Hemsworth နဲ့ Luke Hemsworth တို့နှစ်ဦးလုံးလည်း တက်ရောက်ခဲ့ပါတယ်။

လက်ထပ်ပွဲသတင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီ ထုတ်ဖော်ပြောဆိုထားတာတော့ မရှိသေးပါဘူး။ လီရမ်ရဲ့ မိသားစုဝင်တွေ အများကြီးရှိတဲ့ ဩစတြေးလျကို သွားရောက်ပြီး နောက်ထပ်လက်ထပ်ပွဲ ကျင်းပသွားဦးမှာလည်းဖြစ်ပါတယ်။

လီရမ်နဲ့ မိုင်လေတို့က ၂၀၀၉ ခုနှစ်က “The Last Song” ရုပ်ရှင်ကား ရိုက်ကူးချိန်မှာ တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စေ့စပ်ပွဲလုပ်ခဲ့ပြီး ၂၀၁၃ မှာတော့ စေ့စပ်ပွဲကို ဖျက်လိုက်ပါတယ်။ ၂၀၁၆ မှာ နှစ်ဦးသား ပြန်အဆင်ပြေသွားပြီး တက်ရောက်သမျှပွဲတိုင်းမှာလည်း မိုင်လေရဲ့ စေ့စပ်လက်စွပ်ကို လူတိုင်းက သတိထားမိကြပါတယ်။

နှစ်ဦးသား တိတ်တိတ်လေး လက်ထပ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။၂၀၁၇ ဧပြီတုန်းကလည်း အိမ်မှာပဲ တိတ်တိတ်လေး လက်ထပ်ပွဲကျင်းပခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးတော့လည်း မိုင်လေက လီရမ်ရှိရာ ဩစတြေးလျကို သွားပြီး လက်ထပ်ပွဲလုပ်ခဲ့ပါတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ်။

 

Ref: dailymail.co.uk "Did Miley Cyrus and Liam Hemsworth secretly get married?"

Alice May (ရိုးရာလေး)