အပတ်စဉ် အနုသုခုမအညွှန်းကဏ္ဍ

မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ အနုသုခုမ အညွှန်းကဏ္ဍ ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့တွေ လူသားဆန်မှုနဲ့ နှလုံးသားတွေ၊ ယုံကြည်မှုတွေနဲ့ ငြိမ်းချမ်းခြင်းတွေအကြောင်း ခဏလောက် ပြောကြည့်ကြရအောင်…

ရုရှစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းဆိုရင်တော့ စာဖတ်နာသူတွေ မသိမရှိလို့ ကျွန်တော်က ယူဆပါတယ်။ “War and Peace” ဆိုတဲ့ ဂန္ထဝင်မြောက် ဝတ္ထုကြီးကိုဆိုရင်တော့ဖြင့် မဖတ်ဖူးရင်တောင် နာမည်တော့ ကြားဖူးကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီဝတ္ထုကို ဆရာမြသန်းတင့်ရဲ့ “ စစ် နှင့် ငြိမ်းချမ်းရေး” အနေနဲ့ ဖတ်ခဲ့ဖူးတာပါ။ ထုတ်ဝေခဲ့တုန်းကတော့ ၁၂ အုပ်တွဲပါပဲ။ နောက်ပိုင်း ပြန်ထုတ်တော့ ၂အုပ်တွဲပဲလားမသိဘူး ဖြစ်သွားတယ်။ (သိသူတွေရှိရင် ကျွန်တော့်ကို ပြောပြသွားကြပါဦး..)

စာအုပ်တစ်အုပ်လုံးကို ခြုံငုံမိအောင်တော့ ပြောပြလို့ တကယ်မလွယ်ပါဘူး.. အင်းလေ.. ခေါင်းစဉ်မှာကိုက ရှင်းနေသားနော်… စစ် နှင့် ငြိမ်းချမ်းရေးပါဆိုကာမှပဲ :D ဆိုတော့ ကျွန်တော်သဘောကျတဲ့ အပိုင်းလေးတစ်ပိုင်းကို နည်းနည်းလေး ပြောပြပေးမယ်ဗျ.. နော့်…

အဓိကဇာတ်ကောင် ပီယာ ပြင်သစ်တွေ ဖမ်းတာ ခံရတုန်းက အခန်းပေါ့ဗျာ… မီးတောထဲက ကလေးတစ်ယောက်ကို ကယ်ရင်း အဖမ်းခံရတာ.. ဒါတွေတော့ ထားပါတော့.. အဖမ်းခံရပြီးတဲ့နောက်မှာတော့ ဒုက္ခကောင်းကောင်းကြီး ရောက်တော့တာပေါ့… ဒီဒုက္ခတွင်းထဲမှာမှ သူဘာသွားတွေ့လဲဆိုရင် သူတစ်လျှောက်လုံး အပတ်တကုပ်ရှာခဲ့တဲ့ ငြိမ်းချမ်းခြင်းဆိုတာကြီးကို ဘွားခနဲ တွေ့တော့တာပဲ.. ရှာတာမှနော်… နည်းလမ်းအမျိုးမျိုးနဲ့ ပျော်ပါးတယ်၊ ကာမဂုဏ်သုခကို လိုလေသေးမရှိ ခံစားတယ်.. ဒါပေမဲ့ ငြိမ်းချမ်းခြင်းဆိုတာကို သူရှာမတွေ့ခဲ့ဘူး.. လှူတယ်၊ တန်းတယ်၊ ချစ်ခင်မြတ်နိုးခဲ့တယ်.. ဒါပေမဲ့ ချမ်းမြေ့မှုဆိုတာကို ရှာမရခဲ့ဘူး… ဒုက္ခဆိုတာ ဒီကောင်ကြီးပါလားလို့ ရေးရေးကွင်းကွင်း မြင်ပြီးတဲ့နောက်မှာတော့ တကယ့်တကယ် ငြိမ်းချမ်းခြင်းဆိုတာကို သူတကယ်သဘောပေါက်သွားပါတော့တယ်။

စာအုပ်ထဲက ဒီအခန်းလေးလိုပေါ့… လီယိုတော်လ်စတွိုင်းဟာလည်း ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်သွားတဲ့အခါ သူနားလည်သလိုပဲ ကျင့်သုံးနေထိုင်သွားခဲ့ပါတယ်။ တကယ်တော့ ဒါတွေကို နားလည်သဘောပေါက်ဖို့ဆိုတာ အတော်ခဲယဉ်းပါတယ်။ ကျွန်တော်ဆိုတာလည်း ဒါတွေရေးနေတယ်ဆိုတာ ရွှီးချတာပဲ တတ်နိုင်သေးတာလေ.. တကယ့်တကယ် ငြိမ်းချမ်းခြင်းဆိုတာ ဘာမှန်းမှ မသိသေးတာနော်… ယုံကြည်ရာကို ယုံကြည်တဲ့အတိုင်း၊ နားလည်ထားတဲ့ အရာကို နားလည်ထားတဲ့အတိုင်း ကျင့်သုံးနေထိုင်သွားဖို့ဆိုတာက ခက်ခဲလွန်းတယ်မဟုတ်လား… ထပ်ရေးလည်း မဆုံးတော့မယ့် အတူတူ ရုပ်ရှင်ဘက် သွားကြရအောင်လေ :D

စစ်သားလေးတစ်ယောက်ပေါ့… ငယ်ငယ်လေးကတည်းက ရခဲ့တဲ့ Trauma (စိတ်ဒဏ်ရာ၊ ကြောက်စိတ်) တစ်ခုကြောင့် လက်နက်ကို ဘယ်တော့မှ မကိုင်ဘူးလို့ ဆုံးဖြတ်ထားခဲ့သူ… ဆိုခဲ့သလို သူ့အလုပ်က စစ်သား!!! လက်နက်မကိုင်လို့ ဘယ်ရပါ့မလဲပေါ့… ဖခင်ဖြစ်သူက ဒုတိယကမ္ဘာစစ်တွင်းက ဂုဏ်ထူးဆောင်စစ်သားကောင်းကြီး… ဆိုတော့… စကတည်းက ယဉ်သကို ဆိုသလိုပါပဲ…။

လက်နက်ကို လုံးဝမကိုင်လိုဘဲ လူတွေကို ကယ်မယ်ဆိုတဲ့ စိတ်နဲ့ တပ်ထဲ ဝင်လာတဲ့ ကောင်လေးတစ်ယောက်ကို ဘယ်သူကများ လက်ခံလိုပါ့မလဲ… ဒီကိစ္စကြောင့်ပဲ စစ်ခုံရုံးအတင်ခံရတဲ့အခါ သူ ပြောတဲ့ စကားကတော့…“ ငါ့ကိုယ်ငါ ပေးထားတဲ့ ကတိကိုမှ ငါမတည်နိုင်ရင်၊ ဒါလေးကိုမှ ငါဟာ ယုံကြည်လို့မရဘူးဆိုရင်၊ သူများတွေ ငါ့ကို ယုံကြည်ဖို့ မပြောနဲ့၊ ငါ့ကိုယ်ငါတောင် မယုံကြည်တော့ဘူး ဖြစ်သွားလိမ့်မယ်။ ငါက အများနဲ့ တိုက်နေတာမဟုတ်ဘူး၊ ငါ့ကိုယ်ငါ ပြန်တိုက်နေတာ” ဆိုတာပါပဲ…။

ကဲ… တိုတိုဆိုကြမယ်ဆိုရင်တော့ဖြင့် ဒီတောင်ကို သူကျော်နိုင်သွားပြီးတဲ့နောက် ရှေ့တန်းလိုက်ရရော ဆိုကြပါစို့ရဲ့… ရှေ့တန်းမှာ အကြီးမှအကျယ်တိုက်ပွဲဖြစ်နေကြတဲ့အခါ ဒီလို လက်နက်မကိုင်တဲ့ ကောင်လေး ဘာလုပ်မယ်ထင်ပါသလဲ? အသက်ရော ရှင်နိုင်ပါဦးမလား? ဟုတ်ပါတယ်။ ခင်ဗျားတို့ ထင်နေကြတဲ့အတိုင်း ဒီဇာတ်ကားဟာ “Hacksaw Ridge” ပါပဲ။

ကျွန်တော်က နဂိုတည်းက စစ်ကားတွေ သိပ်မကြိုက်တဲ့သူမို့ ဒီကားကိုလည်း ကြည့်မယ့်စာရင်းထဲ မထည့်ထားမိပါဘူး။ ဒါပေမဲ့ အစလေးကို ယောင်ယမ်းပြီး ကြည့်လိုက်မိတာ ဇာတ်ကားအဆုံးထိ ကောက်ကောက်ကို ပါသွားတော့တာပါပဲ.. လူတစ်ယောက်ရဲ့ လူဆန်လွန်းတဲ့ စိတ်ဓာတ်၊ လှလွန်းတဲ့ စိတ်ထား၊ နူးညံ့တဲ့ နှလုံးသားနဲ့ ခိုင်ကျည်တဲ့ သံဓိဌာန်တို့က ရုပ်ရှင်ထဲမှာမို့ အသက်ဝင်နေတယ်ဆိုခဲ့ရင် ခင်ဗျား အမှားကြီး မှားသွားပါပြီ။ တကယ်တော့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ လူတစ်ယောက်ရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေဟာ သူ့ဘဝကို ဘယ်လို ပဲ့ကိုင်ထိန်းကျောင်းသွားတယ်ဆိုတာ ဒီဇာတ်ကားမှာ လှလှပပကို ကျွန်တော်တို့ မြင်တွေ့ကြရမှာပါ။ ဒါဆို သီချင်းဆီ ဆက်သွားကြရအောင်…။

မိုက်ကယ်ဂျက်ဆင်ကိုတော့ ဘယ်သူမဆို ကြားဖူးကြမယ်နဲ့တူပါတယ်။ ကျွန်တော့်အတွက် သူနဲ့ တွဲပြီးမှတ်မိနေတဲ့ သီချင်းတွေက အများကြီးပေါ့.. ဥပမာဆို “Black and White” တို့လို “We are the World” တို့လို၊ “Heal the World” တို့လို အနှစ်သာရ အပြည့်နဲ့ ငြိမ်းချမ်းခြင်း သဘောသဘာဝတွေကို ဖော်ဆောင်ခဲ့တဲ့ သီချင်းမျိုးတွေလေ… ဒီတစ်ခေါက် အညွှန်းကိုတော့ ကျွန်တော်က “Heal the World” ကို ရွေးချယ်ထားပါတယ်။ လူတွေလုပ်ခဲ့တဲ့ အပေါက်အပြဲအကွဲအလဲတွေနဲ့ ကမ္ဘာကြီးကို ကုစားဖို့ အချိန်တန်ပြီ မဟုတ်လားနော်…

ကလေးတွေရဲ့ ရယ်သံလေးတွေနဲ့ အစပြုခဲ့တဲ့ ဒီသီချင်းရဲ့ မူရင်း ရည်ရွယ်ချက်ကလည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ အကူအညီလိုအပ်နေတဲ့ ကလေးတွေအတွက် ရည်ရွယ်ခဲ့တာပါ။ မှတ်မိသလောက် ဟိုဘက်နှစ်တွေကပဲ ကမ္ဘာကျော်နာမည်ကြီး အဆိုတော်တွေအများကြီး ပြန်သီဆိုခဲ့ကြပါသေးတယ်။ တစ်ကမ္ဘာလုံးက လူသားတွေနဲ့ ကလေးတွေအတွက်ပေါ့။ သီချင်းစာသားတွေကိုလည်း ကြည့်ဦးလေ..

“Heal the world ..Make it a better place ..For you and for me ..And the entire human race” ဆိုတော့ ....

တိုက်ရိုက် ဘာသာပြန်ရမယ်ဆိုရင် "မင်းအတွက်၊ ငါ့အတွက်၊ လူသားမျိုးနွယ်စိတ်အားလုံးအတွက် ကမ္ဘာကြီးကို ပိုလို့ ပျော်ရွှင်စရာကောင်းတဲ့ နိဗ္ဗာန်ဘုံလေးဖြစ်အောင် ကုစားကြရအောင်" ဆိုတာကိုး.. ဒါဟာ သီချင်းတစ်ပုဒ်လုံးရဲ့ စာကြောင်းတစ်ကြောင်းပဲ ရှိပါသေးတယ်။ ဒါကြောင့်လည်း ဒီသီချင်းက ဂန္ထဝင်ရယ်လို့ ဖြစ်နေခဲ့တာနဲ့ တူပါရဲ့။ သီချင်းကိုတော့ အထွေအထူး ညွှန်းဆိုစရာ မရှိဘူးနဲ့ တူပါရဲ့နော်.. အားလုံးလည်း သိပြီးသား ဖြစ်နေမယ်ထင်ပါတယ်။

ကျွန်တော်တို့တွေ ကိုယ့်အတ္တအတွက်ပဲ ကိုယ်ကြည့်ရင်း အသက်ရှင်ခဲ့ကြတာ များလှပါပြီ။ ကိုယ့်ဘဝကိုယ် စိတ်ကုန်မယ်၊ စိတ်ညစ်မယ်၊ စိတ်ပျက်မယ်၊ ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို မကျေမနပ်တွေဖြစ်မယ်၊ တစ်ခါတလေ မနာလိုမယ်၊ တစ်ခါတလေ ချောက်ချမယ်။ ဘယ်မှာလဲ ငြိမ်းချမ်းခြင်း… အဝေးကြီးကို မကြည့်ပါနဲ့ဦး.. ကိုယ့်ကိုယ်ကိုယ်မှ ငြိမ်းချမ်းအောင် မနေနိုင်သေးရင် အခြားသူတွေအတွက်ဆိုတာ အဝေးကြီးပေါ့…။

လွယ်လွယ်လေးတွေးကြည့်ပါ... ကျွန်တော်တို့ ဟင်းမကောင်းလို့ ဆူဆောင့်နေချိန်၊ အပြစ်တင်နေချိန်မှာ စားစရာဆိုလို့ မြင်လိုက်ရရင်တောင် သေပျော်ပါပြီဆိုတဲ့လူတွေ ဘယ်လောက်တောင် များနေမလဲ… ကိုယ့်အိပ်မက်တွေ ပျောက်ရှပြီး ကိုယ့်အတ္တနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မိတဲ့အခါတွေမှာ လိုအပ်နေတဲ့ လူတစ်ယောက်ကိုများ ကူညီပေးလိုက်မယ်ဆိုရင်…. အတွေးနဲ့တင် ကမ္ဘာကြီး အတော်လှနေပါပြီ။ ကျွန်တော်တို့ အတူတူ ကြိုးစားပြီး ကမ္ဘာကြီးကို ကုစားပေးကြရအောင်လား...။

Angelic Demon (ရိုးရာလေး)