မျက်နှာအရေးအကြောင်းတွေ ဘာလို့ဖြစ်လာရတာလဲ

19-11-2020-yyl-001.jpg

လေ့လာချက်တွေအရတော့ မျက်နှာသစ်ဆေးရွေးချယ်မှုနဲ့ နေ့စဉ်အလေ့အထတွေက သင့်မျက်နှာမှာ အသားရေမညီညာဘဲ အရေးအကြောင်းတွေပေါ်လာရတာဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်မယ်၊ တစ်နေ့တာနေထိုင်မှုပုံစံကို ဘယ်လိုပြောင်းလဲမယ်၊ ဘယ်လိုအစားအစာတွေကို ရှောင်ကျဉ်မယ်စတာတွေကို သိမယ်ဆိုရင် မျက်နှာမှာအရေးအကြောင်းတွေမဖြစ်လာဘဲ ငယ်ရွယ်နုပျိုလာနိုင်စွမ်းရှိပါတယ်နော်။ မျက်နှာမှာ အရေးအကြောင်းတွေ ဘာလို့ပေါ်လာရတာလဲဆိုတာ စာဖတ်ပရိသတ်တွေ သိချင်ရင်တော့ အောက်မှာဆက်ဖတ်ကြည့်ဖို့ လိုပါတယ်။

အိပ်စက်ချိန်မမှန်ခြင်း

သင်က တစ်နေ့ကို အိပ်ချိန် (၅) နာရီပြည့်အောင်တောင် မအိပ်စက်ဘူးဆိုရင်၊ အိပ်ရေပျက်တာတွေများလာမယ်ဆိုရင် အသားရေမှာ ရေဓာတ်ကုန်ခန်းလာပြီး အသားရေကို ကာကွယ်ပေးနေတဲ့အရာတွေက လျော့ပါးသွားရပါတယ်။ အဲဒါကြောင့်ပဲ မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာရတာပဲဖြစ်ပါတယ်။ ကောင်းကောင်းအိပ်စက်အနားယူတာက ငယ်ရွယ်နုပျိုစေတဲ့သော့ချက်ဖြစ်တဲ့အပြင် ဆဲလ်အသစ်တွေကိုလည်း ကြီးထွားလာစေပါတယ်။ ဒါကြောင့် သင် ကောင်းကောင်းအိပ်စက်အနားယူမယ်ဆိုရင် ငယ်ရွယ်နုပျိုတဲ့အသားရေကို အချိန်အကြာကြီးပိုင်ဆိုင်နေရမှာဖြစ်ပါတယ်။

အန်တီအောက်စီဒန့်ဓာတ်နည်းပါးခြင်း

ဗီတာမင်အေ၊ စီ၊ အီနဲ့ ပိုတတ်စီယမ်ဓာတ်တွေက ကျန်းမာတဲ့အသားရေအတွက် အရေးကြီးပါတယ်။ အရေးကြောင်းတွေမရှိဘဲ ကျန်းမာတဲ့အသားရေဖြစ်ဖို့အတွက် အထူးသဖြင့် မုန်လာဥနီ၊ ခရမ်းချဉ်သီးလို ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာအကောင်းဆုံးပါတယ်။ တစ်နေ့တာအစားအစာမှာ သံလွင်ဆီပါဝင်ရင်လည်း သင့်အသားရေအတွက် ကောင်းမွန်ပါတယ်။

အနီရောင်သမ်းတဲ့အသားတွေကို စားသုံးခြင်း

အနီရောင်ရှိတဲ့အသားတွေကို စားတဲ့အမျိုးသမီးတွေက မျက်နှာမှာ အရေးကြောင်းတွေပိုပြီးရှိလာစေနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့အသားရေကို ပိုင်ဆိုင်ဖို့အတွက် အသားကို လျော့စားပြီး ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်အပြင် အသားရေလှပစေတဲ့သစ်သီးတွေကိုလည်း တစ်နေ့တာအစားအစာမှာ ပါဝင်အောင် စားသုံးပေးသင့်ပါတယ်။

ရေပူနဲ့ အချိန်အကြာကြီးရေချိုးခြင်း

ရေပူနဲ့ရေချိုးတာ၊ အရည်အသွေးမကောင်းတဲ့ဆပ်ပြာ၊ မျက်နှာသစ်ဆေးကိုသုံးတာလည်း အသားရေရဲ့ရေဓာတ်ကို ကုန်ခန်းသွားစေပြီး နီမြန်းယားယံတာ၊ ခြောက်သွေ့တာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါတွေကြောင့် အသားရေမှာ အရေးကြောင်းတွေပေါ်လာစေပြီး စောစောစီးစီးအိုမင်းရင့်ရောင်စေပါတယ်။

ပရိုတင်းဓာတ်နည်းပါးခြင်း

သင်က ကယ်လိုရီပမာဏကို ကန့်သတ်လိုက်ပြီး ပရိုတင်းဓာတ်ကို နည်းနည်းပဲစားမယ်ဆိုရင် သင့်အသားရေက ကျုံ့ဆန့်နိုင်စွမ်းအားနည်းသွားပါလိမ့်မယ်။ အဲဒီနောက် အသားရေမှာ အရေးကြောင်းတွေပေါ်လာစေနိုင်ပါတယ်။ အရေပြားဆဲလ်အသစ်တွေ ပြန်တည်ဆောက်လာခြင်းမရှိအောင်လည်း အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် မျက်နှာအသားရေမှာ အရေးကြောင်းတွေမပေါ်လာအောင် ပရိုတင်းကိုလည်း သင့်တင့်မျှတစွာ စားသုံးပေးသင့်ပါတယ်။

Ref: Factors That Can Add Wrinkles to Your Skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top