နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ First Global Team Myanmar

3.jpg

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၁၈ ရက်နေ့တွေတုန်းက အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်မှာ First Global အဖွဲ့က ကြီးမှူးကျင်းပတဲ့ စက်ရုပ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံတကာက အသင်းပေါင်း ၁၆၃ သင်း  ပါဝင် ယှဉ်ပြိုင်ခဲ့ရတဲ့ အဲဒီ ၂ ရက်တာ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု First Global Team Myanmar ကတော့ နံပါတ် ၆ နေရာကို ရရှိတဲ့ အထိ စွမ်းရည်ပြသနိုင်ခဲ့ကြပါတယ်။

ပြိုင်ဆိုင်ရာမှာ စက်ရုပ်တွေကို ကိုယ်တိုင်တည်ဆောက်တာက အစ လုပ်ငန်းဆောင်တာတွေနဲ့ သက်ဆိုင်တဲ့ မဟာဗျူဟာတွေ ချမှတ်တာအထိကို ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ ပါဝင်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ရေရှားပါးမှုအခက်အခဲ ကို ဖြေရှင်းတဲ့ ပုံစံ၊ အညစ်အကြေးစနစ်တကျ စွန့်ပစ်သိမ်းဆည်းတဲ့ ပုံစံမျိုး ဖြစ်အောင် စက်ရုပ်တွေကို အစီအစဉ် ရေးဆွဲပေးထားရတာ ဖြစ်ပြီး အဲဒီ စွမ်းရည်ပေါ် မူတည်ပြီး သရုပ်ပြ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲစည်းမျဉ်းအရ အသက် ၁၅ နှစ်က ၁၈ နှစ်အတွင်း ကျောင်းသားကျောင်းသူတွေသာ ဝင်ပြိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အသင်းသားတွေထဲမှာတော့  ကျောင်းသူ ၂ ဦး၊ YTU က Mechatronic ကျောင်းသား ၂ ဦး၊ တူရကီ မှာ ကျောင်းသွားတက်ပြီး ပြန်ရောက်နေတဲ့ အဖွဲ့ဝင် တစ်ဦး၊ Private international school က ကျောင်းပြီးထားသူ တစ်ဦး နဲ့ အနီးကပ် နည်းပြ (mentor) အဖြစ် ကူညီပေးနေတဲ့ UCSY နောက်ဆုံးနှစ်ကျောင်းသား တစ်ဦး ပါဝင်ပါတယ်။

ဒီပွဲမှာ ဒီလို ယှဉ်ပြိုင်ရတာဟာ Team Global Myanmar  အနေနဲ့ရော၊  မြန်မာနိုင်ငံအနေနဲ့ပါ ပထမဦးဆုံး အကြိမ်ဖြစ်တာမို့ စိတ်လှုပ်ရှားမှုတွေ၊ ပူပန်မှုတွေ ရှိနေတဲ့ ကြားက အခုလို စွမ်းဆောင်နိုင်ခဲ့တာပါ။ ပထမဆုံး ပြိုင်ပွဲမှာ ယှဉ်ပြိုင်ပြီးချိန်မှာတော့ “Team Global Myanmar “ရဲ့ Facebook စာမျက်နှာမှာ အခုလို ဖော်ပြထားခဲ့ပါတယ်။ “ မနက်ခင်းတုန်းကတော့ တကယ့်ကို စိတ်လှုပ်ရှားနေခဲ့တာပါ။ ပထမဆုံးပြိုင်ပွဲအပြီးမှာတော့ ကျွန်တော်တို့ရဲ့ ပူပင်မှုတွေ လျော့ကျသွားခဲ့ပါတယ်။ First Global Technical team က ကျွန်တော်တို့ကို အထူးဂရုစိုက်ပြီးတော့ ကျွန်တော်တို့ မိတ်ဖက် အသင်းတွေနဲ့ ကောင်းကောင်း တွဲဖက်လုပ်ကိုင်နိုင်၊ အထောက်အပံ့တွေ ရယူနိုင်ခဲ့တာမို့ ပထမဆုံး နှစ်ပွဲမှာ အနိုင်ရရှိခဲ့ပါပြီ “ လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကို ဖြတ်ကျော်ပြီးတော့ မြန်မာနိုင်ငံ ကိုယ်စားပြု Team Global Myanmar မှာ ပြိုင်ပွဲ အဆုံးသတ်ချိန်မှာ နိုင်ငံတကာမှာ နံပါတ်ခြောက် အဆင့်ကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

(First Global Team Myanmar facebook စာမျက်နှာမှ ဖော်ပြချက်များအား ကိုးကားရေးသားခြင်း ဖြစ်ပြီး ပုံများကိုလည်း ယင်းစာမျက်နှာမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်)

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top