မြန်မာ့သတ္တိကို ကမ္ဘာသိအောင်ပြတဲ့ပွဲ

ဩဂုတ်လ (၂) ရက်နေ့က မန္တလေးမြို့ရဲ့ မန္တလာသီရိအားကစားရုံမှာ ယှဉ်ပြိင်ထိုးသတ်ခဲ့တဲ့ WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့ ဒုတိယတွဲဆိုင်းဖြစ်တဲ့ ပိုင်သက်အောင် (ရွှေသထုံ)နဲ့ အောင်ပိုင် (ထူးမေတ္တာထူး) တို့ပွဲစဉ်မှာ အောင်ပိုင်က အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

အသဲမာမာ၊ ဇွဲပါပါထိုးသတ်ခဲ့တဲ့ ဒီမောင်နှစ်ယောက်ရဲ့တွဲဆိုင်းမှာ လက်သီးတွဲလုံး၊ ခေါင်းတိုက်၊ တောင်ရိုက်တာတွေ မြင်ရတာ အားရစရာပါပဲ။ ပထမအချီမှာ သူတပြန်၊ ကိုယ်တပြန် ထိုးသတ်ခဲ့ပေမဲ့ အောင်ပိုင်က ထိချက်ပိုမှန်ခဲ့ပြီး ပိုင်သက်အောင်က ဗိုက်ထဲကို လက်သီးချက်တွေ ပစ်သွင်းနိုင်ခဲ့ပါတယ်။

ဒုတိယအချီမှာလည်း Tempo ကျမသွားဘဲ နင်လား၊ ငါလား မေးတဲ့ အပြန်အလှန် ထိုးသတ်ချက်တွေ မြင်ခဲ့ရပါတယ်။ (၄) ချီလုံးလုံး ရေကုန်ရေခမ်း ထိုးသတ်ခဲ့ရာမှာ အောင်ပိုင်ရဲ့ တိုက်စစ်ဖွင့်ထိုးတဲ့ လက်သီးချက်တွေ ကောင်းခဲ့သလို ပိုင်သက်အောင်ကလည်း ထောက်လက်သီးတွေနဲ့ အဝင်၊ အထွက် မှန်မှန်ထိုးသတ်သွားပါတယ်။

(၄) ချီပြီးလို့ အမှတ်နဲ့ ဆုံးဖြတ်ချိန်မှာ အောင်ပိုင် အနိုင်ရခဲ့ပြီး ပိုင်သက်အောင်ကတော့ ပထမဆုံး ရှုံးပွဲ ကြုံခဲ့ပါတယ်။ ပိုင်သက်အောင်ဟာ အရင်က (၄) ပွဲနိုင်၊ (၄) ပွဲ သရေရလဒ် ပိုင်ဆိုင်ခဲ့သူပါ။ အသက်ငယ်ပေမဲ့ ပညာနဲ့ ဇွဲသတ္တိကြီးတဲ့ ဒီမောင်နှစ်ယောက်ရဲ့ လက်ညီတဲ့တွဲဆိုင်းဟာ အကျည်းတန် ပီတိပေးစွမ်းပြီး မြန်မာ့သတ္တိကို ကမ္ဘာသိအောင် ပြနိုင်ခဲ့ပါတယ်။

Photos – TH
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top