သွေးကင်ဆာဝေဒနာသည် သမီးလေးက အဖေ့ထံပေးစာ

c9e43ba2-3f46-475e-afa1-4bca73a2354b.jpg

အသက် ၇ နှစ်အရွယ် ကောင်မလေး Zhang Jiaye ရေးထားတဲ့စာက တရုတ်လူမျိုး အင်တာနက်သုံးစွဲသူတွေကို များစွာ ဂရုဏာသက်စေခဲ့ပါတယ်။ သူမနှင့် သူမအဖေ Zhang Mingliang တို့က တရုတ်ပြည်အရှေ့မြောက်ပိုင်း၊ Heilongjiang ပြည်နယ်၊ Subilin ကောင်စီနယ်မြေမှာ အေးချမ်းတဲ့ သာမန်ဘဝလေး ဖြတ်သန်းနေတာပါ။

ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတဲ့အတွက် ၂၀၁၆ ခုနှစ် မေလ ၁၄ရက်နေ့မှာ ကောင်မလေးမှာ သွေးကင်ဆာ ဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ်။ ကုသတဲ့စရိတ်က အရမ်းမြင့်မားတဲ့အတွက် ငွေရေးကြေးရေး အခက်အခဲဖြစ်လာခဲ့ပါတယ်။

ဓာတုကုထုံး ၁၈ ကြိမ်အပါအဝင် တစ်နှစ်တိတိ ကုသမှု ခံယူပြီးနောက်မှာ ဆေးကုစရိတ်က ယွမ် ၆ သိန်းနီးပါး (အမေရိကန်ဒေါ်လာ ၉ သောင်းနီးပါး ) ကုန်ကျခဲ့ပါတယ်။ မိသားစု အကြွေးတွေ ပတ်လည်ဝိုင်းပြီး ကောင်မလေးရဲ့ အမေကလည်း အကြွေးရှင်တွေရဲ့ဖိအားကို မခံနိုင်လို့ ၂၀၁၇၊ ဇူလိုင်လမှာ အိမ်က ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဖေဖြစ်သူ ကတော့ သူ့ရဲ့ သမီးလေးကို လက်မလျှော့ခဲ့ပါဘူး။

“ကျွန်တော့်ရဲ့ ကမ္ဘာကြီး ပျောက်ဆုံးသွားသလို ခံစားရတယ်ဗျာ။ ကျွန်တော့်သမီးလေး ခါးရိုးဆစ်ကနေ ရိုးတွင်းခြင်ဆီ ထုတ်တာ မြင်ရတဲ့အချိန်တွေမှာ ကျွန်တော့်ရင်တွေ ကွဲမတတ်ပါပဲ။” လို့ Zhang Mingliang က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့သမီးလေးကတော့ အရွယ်နဲ့မလိုက်အောင် အဖေ့အပေါ် သိတတ်ပါတယ်။ ၇ နှစ်အရွယ်သာရှိသေးပေမဲ့ သူမရဲ့ ရှင်သန်ခြင်း၊ သေဆုံးခြင်းနဲ့ပတ်သက်ပြီး တွေးထားပြီးသူပါ။ အဖေဖြစ်သူအပေါ်လည်း ဂရုဏာသက်နေသူပါ။ အခန်းထောင့်လေးမှာ သူမအဖေ ငိုနေတာကို မကြည့်ရက်တဲ့အတွက် ရိုးတွင်းခြင်ဆီထုတ်ပြီးတိုင်း သူမ မနာပါဘူးလို့ အဖေဖြစ်သူ စိတ်သက်သာအောင် ပြောပေးသူလေးပါ။

ဆေးဝါး စားရိတ်တွေ မတတ်နိုင်လို့ သူမအဖေ နာကျင်ခံစားနေရမယ် သိတာကြောင့် ဒီကုသမှုကို သူမက လက်လျှော့လိုက်ချင်ပါပြီ။ ဒါကြောင့် မိသားစု ပျော်ရွှင်မှုပြန်ရနိုင်ပြီး သူမအမေကို ပြန်ခေါ်နိုင်မယ်ဆိုရင် သူမ သေဆုံးရတာ ထိုက်တန်တယ်လို့ တွေးထားသူပါ။ သူမ ရေးထားတဲ့စာလေးက “ပါပါးရေ။ ပါပါး တိတ်တိတ်လေးငိုနေတာမြင်တိုင်း သမီး အရမ်းဝမ်းနည်းတယ်။ သမီးရောဂါကုသဖို့အတွက် ရှိသမျှ ပိုက်ဆံတွေ အကုန်သုံးထားတာ သိပါတယ်။ မာမားကလည်း သမီးကြောင့် ထွက်သွားခဲ့တာပါ။ သမီး ကုသမှုကိုရပ်လိုက်ရင် မာမားလည်းပြန်လာပြီး အရင်တုန်းကလို ပျော်ရွှင်တဲ့ ဘဝလေး ပြန်ရမယ်လို့ ထင်ပါတယ်။ သမီးတို့ တူတူ အိမ်ပြန်ကြမယ်မလား။” ဆိုပြီး လက်ရေးလေးနဲ့ ရေးထားတာပါ။

Zhang Jiaye ရဲ့ မိဘအပေါ် သိတတ်တဲ့အကြောင်းလေးကို အင်တာနက်ပေါ်တင်လိုက်ပြီးနောက်ပိုင်း ဒီသတင်းက ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ တရုတ်လူမျိုး အင်တာနက်သုံးစွဲသူတွေက ယွမ် ၆ သိန်း လှူဒါန်းခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူ တရုတ်လူမျိုး တစ်ယောက် ပြောပြတာက “ဒီအကြောင်းလေး ဖတ်ရတော့ ကျွန်တော် စိတ်မကောင်းဖြစ်လွန်းလို့ ငိုမိတယ်ဗျ။ ကျွန်တော့်ကို ဘဏ်အကောင့် ပြောပါဗျ။ ကျွန်တော်က အထွေထွေ လုပ်သား တစ်ယောက်ပါ။ ကျွန်တော့်မှာ ချစ်ဖို့ကောင်းတဲ့ သမီးလေး ၂ ယောက်ရှိပါတယ်။ ကျွန်တော် ငွေတွေ အများကြီး မလှူနိုင်ပေမယ့် လူ့အဖွဲ့အစည်းက ဝိုင်းဝန်းကူညီမယ်ဆိုတာ ယုံကြည်ပါတယ်။ ဝိုင်းဝန်း ကူညီကြရအောင်ဗျာ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ကူညီ လှူဒါန်းကြတဲ့ လူတွေကို ကောင်မလေးအဖေက ကျေးဇူးတင်ကြောင်းပြောပြီး သူ့သမီးလေးကို လက်မလျှော့ဘဲ ကယ်တင်မယ်ဆိုတာ ပြောကြားခဲ့ပါတယ်။

Ref: CGTN: Girl dying of leukemia leaves touching note to father

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top