ကိုယ်ဝန်ဆောင်မိခင်များ သတိထားဆင်ခြင်တတ်စေဖို့

39990264_570933609988494_9105047818153754624_n.jpg

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အိမ်ထောင်ရှင် အမျိုးသမီးတိုင်းအတွက် ဝမ်းနည်းဝမ်းသာ ခံစားမှု ပေါင်းစုံကို ရရှိနိုင်တဲ့ အချိန်ကာလတစ်ခုပါပဲ။ ကိုယ့်ရဲ့ ရင်သွေးလေးက ဝမ်းဗိုက်ထဲမှာ ရှိနေတယ်ဆိုတဲ့ အသိလေးကြောင့် ကြည်နူး ပျော်ရွှင်မိပေမဲ့လည်း မွေးရက် ဖွားရက် တဖြည်းဖြည်း နီးလာလေလေ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်ကြောက်လန့်မှု အတွေးတွေက နေ့စဉ်နေ့တိုင်း ခြောက်လှန့်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေသာမက အနာဂတ်ရဲ့ မိခင်လောင်းလေးတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်တဲ့ အချက်လေးတွေ၊ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်မှာ ရင်သွေးလေးရှိနေပြီ ဆိုတာသိတာနဲ့ ပထမဦးဆုံး သတိထားသင့်တာကတော့ နေ့စဉ် စားသောက်မှုပုံစံပါ။ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး အသား၊ ငါး၊ အသီးအရွက်တို့ကို မျှတအောင် စားသောက်သင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ (၁၀)ခွက်ခန့် သောက်သုံးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ကော်ဖီနဲ့ ဆိုးဆေးပါတဲ့ အချိုရည်တွေကိုတော့ ကိုယ်ဝန်ဆောင် ကာလအတွင်း မသောက်မိအောင် ရှောင်ကြဉ်ရပါမယ်။

ကိုယ်ဝန်ဆောင်ကာလမှာ အလေးအပင်မခြင်း၊ ပင်ပန်းတဲ့ လုပ်ငန်းဆောင်တာများ လုပ်ခြင်းတို့ကို ရှောင်ကြဉ်သင့်ပေမဲ့လည်း လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ်နေ့တိုင်း ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ အဲဒီလိုပြုလုပ်ခြင်းက သင့်ကို ရုတ်တရက် သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးတဲ့အပြင် သန္ဓေသားရဲ့ အနေထားကို ပုံမှန်ဖြစ်စေပြီး မီးဖွားရာမှာ လွယ်ကူစေနိုင်ပါတယ်။

သင်အသုံးပြုတဲ့ အလှကုန်ပစ္စည်း၊ မိတ်ကပ်တွေက သင့်ရဲ့ရင်သွေးလေးကို ထိခိုက်စေနိင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း အရင်ကထက်ပိုပြီး စနစ်တကျ ရွေးချယ် ဝယ်ယူ အသုံးပြုသင့်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း ပါဝင်ပစ္စည်းတွေကို အရင်ဦးဆုံး ဖတ်ရှုပြီး သဘာဝပစ္စည်း အများစုနဲ့ ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေကိုသာ ဦးစားပေး ရွေးချယ်သင့်ပါတယ်။

အိပ်စက်တဲ့ ပုံစံအနေအထား မမှန်ဘူးဆိုရင်လည်း ဝမ်းဗိုက်ထဲမှာရှိတဲ့ သန္ဓေသားပုံစံ အနေအထား ပြောင်းလဲသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း မှောက်ပြီး အိပ်စက်ခြင်းကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ ဘယ် (သို့) ညာ တစ်ဖက်စောင်း အနေအထားကို ဒူးခေါင်း အနည်းငယ်ကွေးပြီး အိပ်စက်ခြင်းက သွေးလည်ပတ်မှု ကောင်းစေတဲ့အပြင် သန္စေသား အနေအထား ကောင်းမွန်စေတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အဝတ်အစားတွေ၊ ဖိနပ်တွေ ရွေးချယ်ဝတ်ဆင်တဲ့အခါ အလှအပထက် ကိုယ်နဲ့အဆင်ပြေပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားများကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ ဒေါက်ဖိနပ်အမြင့်တွေ စီးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ စိုးရိမ်သောကတွေကို တတ်နိင်သလောက် လျော့ချထားသင့်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ မလိုလားအပ်တဲ့ ရောဂါပြဿနာတွေ ဝင်ရောက်လာနိင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေရဲ့  ညွှန်ကြားချက်များကို လိုက်နာပြီး မိမိကိုယ် မိမိ ယုံကြည်ချက်ရှိရှိနဲ့ စိုးရိမ်စိတ် မများဘဲ စိတ်အေးချမ်းသာစွာ နေထိုင်သင့်ပါတယ်။

Ref: “Great Tips for a Happy and Healthy Pregnancy”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top