အသက်ခုနစ်နှစ်အရွယ်လူသားနဲ့ ဥာဏ်ရည်ချင်းတူတဲ့ ကျီးများ

hqdefault.jpg

ကျီးတွေဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ အပါးနပ်ဆုံးသတ္တဝါတွေစာရင်းဝင်ပါတယ်။ သူတို့ဟာ အဆင့်မြင့်နို့တိုက်သတ္တဝါမျိုးစိတ်မဟုတ်ပါဘဲ ကိရိယာ တန်ဆာပလာတွေကို ဖန်တီးပြီး သုံးတတ်တဲ့ ဥာဏ်ကြီးရှင်တွေပါ။

စမ်းသပ်ချက်တစ်ခုမှာဆို သူတို့ အရင်က လုံးဝ မမြင်ဖူးခဲ့တဲ့ နန်းကြိုးမျှင်ကို ကွေးပြီး ကိရိယာတစ်ခုလို သုံးပြသွားတာတောင် တွေ့ခဲ့ရပါတယ်။

အတော်လေး ခဲခဲယဉ်းယဉ်း ဖြေရှင်းရမယ့် အဆင့် ၈ ဆင့်ပါ ပဟေဠိတစ်ခုကို ဖန်တီးပြီး သူတို့ကို စမ်းသပ်ကြည့်တဲ့အခါမှာလည်း ကျီးတစ်ကောင်ဟာ အဆင့်အားလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြခဲ့ပြီး ဆုအဖြစ်ထားရှိတဲ့ အစာတွေဆီကို အရောက်သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ကျီးတွေဟာ အရမ်းပါးနပ်ပြီး မှတ်ဥာဏ်လည်း အလွန်ကောင်းကြပါတယ်။ ပုံစံမတူတဲ့ လူတွေရဲ့မျက်နှာကို ခွဲခြားနိုင်တဲ့အပြင် မှတ်လည်းမှတ်ထားတတ်ပြီး အထူးသဖြင့် သူတို့ကို အန္တရာယ်ပြုဖူး ခြောက်လှန့်ထားဖူးသူကိုဆို ဘယ်တော့မှ မမေ့တော့ပါဘူး။ သူတို့အတွက် အန္တရာယ်ရှိတဲ့ လူတွေအကြောင်းကိုလည်း အချင်းချင်း ဒါမှမဟုတ် အသိပေးမျှဝေတတ်ပါသေးတယ်။

အရင်တစ်ချိန်က ကျီးတစ်ကောင် အသက်ဆုံးရှုံးသွားဖူးတဲ့နေရာမျိုးဖြစ်ရင် အဲဒီနေရာကို မှတ်သားထားပြီး ကျီးတစ်အုပ်လုံးအနေနဲ့ အခြေချနေထိုင်တာမျိုး ဘယ်တော့မှ မလုပ်တော့ပါဘူး။

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ကျီးတွေမှာလည်း တရားစီရင်ရေးစနစ် ရှိနေတဲ့အချက်ပါ။ ကျီးအငယ်တွေဆီကနေ အစာလုစားတာလို ပြစ်မှုမျိုးကို ကျူးလွန်ထားတဲ့ ကျီးတစ်ကောင်ရှိခဲ့ရင် အဲဒီကျီးကို တခြားကျီးတွေက ဝိုင်းရံထားပြီး ထိုးဆိတ် အပြစ်ပေးတာမျိုးကို လုပ်တတ်ကြပါတယ်။

ကျီးတွေဟာ အကျိုးနဲ့ အပြစ် သဘောကိုလည်း နားလည်ကြပါသေးတယ်။ ကျီးတစ်ကောင်ကို အလုံပိတ်လှောင်အိမ်ထဲမှာထားပြီး လူက အကာနောက်ကနေ လက်နှိုက်ပြီး အထဲမှာထားတဲ့ တုတ်ချောင်းတစ်ခုကို ရွှေ့လိုက်ပါတယ်။ တုတ်ချောင်းနေရာရွေ့သွားတယ်ဆိုတဲ့ ကိစ္စမှာ လူရဲ့လက်နဲ့ တုန်ချောင်းရွေ့သွားခြင်းကို တစ်ပြိုင်နက်မတွေ့ပေမဲ့ ဒီအကြောင်းအရာနှစ်ခုဆက်စပ်နေမှုကို ကျီးကသိနေကြောင်း ဒီစမ်းသပ်မှုမှာ အထင်အရှားတွေ့ခဲ့ရပါတယ်။

ခရားထဲကျောက်ခဲတွေထည့် ရေသောက်ရဖို့ ကြိုးစားတဲ့ ကျီးတစ်ကောင်အကြောင်းပုံပြင်ကို စာဖတ်သူတွေ ကြားဖူးနေကြမှာပါ။ တကယ့်လက်တွေ့မှာလည်း သူတို့ဟာ အဲသည်အတိုင်းပဲ အံ့အားသင့်ဖွယ် လုပ်နိုင်တာကို တွေ့ရပါတယ်။ ဖန်ပြွန်အရှည်ထဲမှာ ရေနဲ့ ရောပြီးထည့်ထားတဲ့ အစာကို ရနိုင်ဖို့ ဘေးမှာချထားတဲ့ ကျောက်ခဲတွေကို ကိုက်ချီထည့်ပြီးကြိုးစားခဲ့တာပါ။ ပိုထူးတာက ရေမျက်နှာပြင်ပိုမြင့်လာဖို့ ကျောက်ခဲအကြီးတွေကို ရွေးထည့်တတ်တာပါပဲ။

ကျီးတစ်ကောင်သေဆုံးသွားခဲ့ရင် ကျန်တဲ့ကျီးတွေဟာ အနားမှာ ဝိုင်းနေပြီး ဆူညံကျယ်လောင်စွာ အော်နေတတ်ကြပါတယ်။ သုတေသနပြုမှုတွေကတော့ သူတို့ဒီလိုပြုမူတာဟာ သေဆုံးနိုင်ချေရှိတဲ့ ဘေးအန္တရာယ်အကြောင်းကို စူးစမ်းတဲ့သဘောဖြစ်ပြီး သေဆုံးရမှာကို ကြောက်ရွံ့တာကြောင့် သေဘေးကနေ ဘယ်လိုရှောင်တိမ်းသင့်တယ် ဆိုတဲ့အသိပညာကို လေ့လာမှတ်သားနေကြတာ ဖြစ်တယ်လို့ ဆိုထားပါကြောင်း…။

Ref: Hashem Al-Ghaili “Crows are as smart as 7-year-old humans”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top