သူငယ်ချင်းတွေကြား ကောင်းမွန်တဲ့အမှတ်တရတွေကိုပဲ ပိုပြီးထိန်းသိမ်းပါ

friends-676x282.jpg

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရထဲမှာ အတူတူလမ်းလျှောက်ရင်း ခရီးသွားနေကြပါတယ်။ သွားနေရင်း စကားများကြပါလေရော။ အဲ့ဒီမှာ သူငယ်ချင်းတစ်ယောက်က နောက်တစ်ယောက်ရဲ့ ပါးကို ရိုက်လိုက်ပါသတဲ့။ အရိုက်ခံလို့နာသွားပေမယ့် သူက ဘာမှမပြောဘဲ သဲပေါ်မှာ “ဒီနေ့ ငါ့သူငယ်ချင်းက ငါ့ပါးကို ရိုက်လိုက်တယ်” ဆိုပြီးရေးလိုက်တယ်။

ပြီးတော့ သူတို့အိုအေစစ်ကို တွေ့တဲ့အထိ ဆက်လျှောက်လာခဲ့ကြတာပေါ့။ ရောက်တော့ရေချိုးကြပါတယ်။ အရိုက်ခံခဲ့ရတဲ့သူငယ်ချင်းဖြစ်သူက ရွှံ့နွံတွေနဲ့ ငြိမိပြီး ရေနစ်ပါလေရော။ ခုနက ရိုက်ခဲ့တဲ့သူငယ်ချင်းကပဲ သူ့ကို ရေနစ်နေရာကဆယ်လိုက်တယ်။ သူ့ကို ရေထဲကဆယ်လိုက်တဲ့အတွက် သူက ကျောက်တုံးပေါ်မှာ “ဒီနေ့ ငါ့သူငယ်ချင်းက ငါ့ကိုကယ်လိုက်တယ်” ဆိုပြီး ရေးလိုက်ပါတယ်။

အဲ့ဒီမှာ ပါးလည်းရိုက်ခဲ့ဖူး၊ ကယ်လည်းကယ်ခဲ့တဲ့သူငယ်ချင်းက သူ့ကို မေးတော့တာပေါ့။ မင်းကို ငါရိုက်ခဲ့တုန်းက မင်းက သဲပေါ်မှာရေးတယ်။ အခု မင်းကို ငါကယ်တော့ ကျောက်တုံးပေါ်မှာ ရေးတယ် ဘာလို့လဲပေါ့။ အဲ့ဒီအခါ သူက အခုလို ပြန်ပြောလိုက်ပါတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်အောင်လုပ်တဲ့အခါ သဲပေါ်မှာ ရေးထားလိုက်တော့ ခွင့်လွှတ်ခြင်းဆိုတဲ့ လေတွေနဲ့အတူ ပျောက်ကွယ်မေ့ပျောက်သွားတာပေါ့။ ဒါပေမယ့် တစ်စုံတစ်ယောက်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့အခါမှာတော့ ကျောက်တုံးပေါ်မှာရေးသားလိုက်ပြီး ဘယ်လေဒဏ်ကြောင့်မှ လွှင့်ပါးမသွားတော့ဘူးပေါ့လို့ ဆိုလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးကနေတဆင့်ပြောပြချင်တာက သူငယ်ချင်းနှစ်ယောက်ကြားက စစ်မှန်တဲ့ခင်မင်မှုနဲ့ စိတ်ထားတတ်မှုပဲ။ လူတွေက ကိုယ့်အပေါ် ကောင်းခဲ့တာတွေကိုကျ လွယ်လွယ်မေ့ပစ်ပြီး ကိုယ်နာကျင်ခံခဲ့ရတာတွေကိုတော့ အမြဲအမှတ်သညာထားနေလေ့ရှိကြတာ သဘာဝပါပဲ။ တကယ်တမ်းကတော့ ကောင်းတဲ့အရာ၊ ကောင်းမွန်တဲ့အမှတ်တရတွေကိုသာ ရင်ထဲသိမ်းထားပြီး၊ နာကျင်စရာ၊ ခါးသီးစရာအမှတ်တရတွေကိုတော့ လွယ်လွယ်မေ့ဖျောက်ပစ်လိုက်တာ အကောင်းဆုံးပါပဲလို့ တိုက်တွန်းပါရစေ။ ရှင်သန်ရာဘဝတစ်လျှောက်မှာ ကိုယ့်မှာရှိတဲ့ အရာဝတ္ထုပစ္စည်းတွေထက် ကိုယ်ပိုင်ဆိုင်ထားတဲ့စစ်မှန်တဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကောင်းမွန်တဲ့အချက်ကလေးတွေကို ပိုတန်ဖိုးထားနိုင်ဖို့ အရေးကြီးပါတယ်။ ကဲ ရိုးရာလေးပရိတ်သတ်တွေထဲမှာလည်း ကိုယ် သိပ်ပြီးချစ်ခင်ရတဲ့သူငယ်ချင်းတွေအများကြီး ရှိမယ်ထင်ပါတယ်။ သူတို့နဲ့အတူ ကောင်းမွန်တဲ့အမှတ်တရလေးတွေကို ပြန်ပြီးသတိရရင်း Mention ခေါ်ကြည့်ရင်း သူတို့အပေါ် ကိုယ့်ရဲ့ခင်မင်မှုကို ပြသွားကြပါဦး။

Ref: Having a Best Friend
Jong Kin (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top