ဆေးဖက်ဝင် မင်းဂွတ်သီး

စာရေးသူ ငယ်ငယ်တုန်းကတော့ မင်းဂွတ်သီးဆိုတာ ဒူးရင်းသီး စားပြီးတဲ့အခါ အပူမကန်အောင် စားရတဲ့ အသီးလို့ပဲ မှတ်ထားတာပါ။ အခုတော့ မင်းဂွတ်သီးဆိုတာ ပစ်ရက်စရာ မရှိလောက်အောင် အသုံးဝင်တဲ့ အသီးလို့ နားလည်လာပါတယ်။

မင်းဂွတ်သီးကို အင်္ဂလိပ်လို Mangosteen လို့ ခေါ်ပြီး ရုက္ခဗေဒ အခေါ်ကတော့ Garcinia mangostana ဖြစ်ပါတယ်။ မင်းဂွတ်ပင်က ပေ ၂၀ ကနေ ပေ ၈၀ အထိ အမြင့်ရှိပါတယ်။ စတင်သီးတဲ့ အခါ အခွံ အစိမ်းရောင်ဖြစ်ပြီး မှည့်လာတဲ့အခါ တဖြည်းဖြည်း အနီရောင် စပြောင်းပြီး ခရမ်းရောင်သန်းလာချိန်မှာ မှည့်ပြီလို့ ပြောနိုင်ပါတယ်။

မင်းဂွတ်သီးရဲ့ အတွင်းပိုင်းအသားရော အပြင်အခွံရော နှစ်မျိုးလုံး ဆေးဖက်ဝင်ပါတယ်။ အတွင်းပိုင်း အဖြူသားက အမျှင်ဓာတ်၊ နိုင်ယာစင်၊ ဖောလစ်အက်ဆစ် နဲ့ ဗီတာမင် C ဓာတ် ကြွယ်ဝပါတယ်။ သတ္တုဓာတ်တွေအနေနဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါပြီး ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် တို့ပါရှိသလို သံဓာတ်၊ ဆိုဒီယမ်နဲ့ မဂ္ဂနီဆီယမ် တို့လည်း အနည်းငယ်စီပါပါတယ်။ မင်းဂွတ်သီး အကာသားကတော့ အရောင်ကျစေတဲ့ အာနိသင်၊ အလာဂျီသက်သာစေတဲ့ အာနိသင်နဲ့ ကင်ဆာရောဂါ သက်သာစေတဲ့ အာနိသင် တို့ပေးစွမ်းပါတယ်။

မင်းကွတ်သီး အတွင်းသားကို ဒီတိုင်းစားလေ့ရှိကြပေမဲ့ အပြင်သားကိုတော့ ဖျော်ရည် လုပ်သောက်မှ အဆင်ပြေပါတယ်။ အတွင်းသားကို ဇွန်းနဲ့ဖယ်လိုက်ရင် အပြင်ခွံမှာ နှစ်ပိုင်းရှိပါတယ်။ အပြင်ပိုင်း မာကြောတဲ့ အခွံနဲ့ အတွင်းပိုင်း ပျော့တဲ့ အခွံဖြစ်ပါတယ်။ ပျော့တဲ့ အခွံကိုပဲ ဇွန်းနဲ့ခြစ်ယူပြီး အဖြူသားနဲ့ ရောကာ သစ်သီးဖျော်စက်ထဲမှာ ရေနွေး နဲ့ ထည့်ဖျော်ရမှာပါ။ အနံ့ အရသာကောင်းစေချင်ရင် ပျားရည်၊ နွားနို့၊ ထောပတ်သီး အနှစ် တစ်မျိုးမျိုး နဲ့ ရောဖျော်သောက်သုံးနိုင်ပါတယ်။

ပုံမှန်ဖျော်ရည်မှာတော့ အရသာချိုစေဖို့ သကြားထည့်သောက်ပေမဲ့ မင်းကွတ်သီးနဲ့ သကြား တွဲစားရင် သေစေတယ်လို့ ငယ်ငယ်က သိထားတော့ မထည့်ရဲဘူးဖြစ်နေမှာပေါ့။ ဒါပေမဲ့ ဒါက အယူအဆမှား တစ်ခုဖြစ်ပါတယ်။ မင်းကွတ်သီးမှာ သကြားဓာတ် ၂၀ ရာခိုင်နှုန်းလောက် ပါရှိပြီးသားဖြစ်နေတဲ့ အတွက် သကြားထည့်ဖျော်သောက်လည်း ပြဿနာ မရှိနိုင်ပါဘူး။ မင်းကွတ်သီးဖျော်ရည်က ကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိလို့ ကင်ဆာသမားတွေ အတွက် အထူး သင့်လျော်တဲ့ သဘာဝနည်း ဖြစ်ပါတယ်။

နောက်တစ်ချက်က ဆီးလွန်ရောဂါဝေဒနာခံစားနေရသူတွေအတွက် မင်းဂွတ်သီးက အသုံးဝင်ပါတယ်။ မင်းဂွတ်သီးအခွံကို ရေစင်အောင်ဆေးပြီး ငရုတ်ဆုံမှာ ထည့်ထောင်းရမှာပါ။ ညက်အောင်ထောင်းပြီး ရရှိလာတဲ့ အညိုရောင် အနှစ်တွေကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် တစ်နေ့ ၂ ကြိမ်သောက်သုံးပေးရင် ဆီးလွန်ရောဂါပျောက်ကင်းစေပါတယ်။

မင်းဂွတ်သီး အခွံကို ရေစိမ်ထားတဲ့ ရေနဲ့ ဝမ်းသွားတဲ့လူနာကို တိုက်ကျွေးပေးရင် ဝမ်းသွားတာ ရပ်တယ်လို့လည်း ဖတ်မှတ်ဖူးပါတယ်။ မင်းဂွတ်သီး အခွံကို ဆန်ဆေးရေနဲ့ သွေးသောက်ပေးရင် ချွဲပူ အဖျားရောဂါကို သက်သာပျောက်ကင်းစေနိုင်တယ်လို့ လည်း ဆိုကြပါတယ်။

ခုလို မိုးရာသီမှာ မင်းဂွတ်သီး လှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ ဝယ်ယူစားသုံးဖြစ်ကြစေဖို့ တိုက်တွန်းလိုက်ပါတယ်…..။

 

Ref: Dr Khin Maung Lwin (FAME) , အမွှေအနှောက်

Alice May (ရိုးရာလေး)