အသင့်စားခေါက်ဆွဲများကို ပိုမိုအာဟာရ ပြည့်ဝအောင် ပြုလုပ်နည်းများ

asian-couple-eating-instant-noodles-7S9Z458.jpg

အသင့်စားခေါက်ဆွဲသည် ကောလိပ်ကျောင်းသားများ၊ မိမိဝမ်းမိမိ ကျောင်းနေရသော ကျောင်းသားများနှင့် တစ်နေကုန် အလုပ် လုပ်ပြီး အစားအစာ ချက်ပြုတ်ရန် အချိန်မရှိသူများအတွက် အရသာရှိသော အဓိက အစားအစာ ဖြစ်လာသည်။

သို့သော်လည်း အသင့်စား ခေါက်ဆွဲတွင် ပါဝင်သည့် အာဟာရဆိုင်ရာ အချက်အလက်များကို သင်လေ့လာဖူးပါသလား။ အသင့်စားခေါက်ဆွဲတွင် ပါဝင်သောဆားသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ပမာဏထက် ပိုသည်။ ဆားနှင့်ပြည့်ဝဆီတို့ ပါဝင်နေပြီး အမျှင်ဓာတ် မပါရှိပါ။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်အောင် မည်သို့ပြုလုပ်မည်နည်း။ သင့်တွင် အသင့်စားခေါက်ဆွဲသာ စားဖို့ရှိပါက အောက်ပါတို့က သင့်ကို ကူညီပေးလိမ့်မည်။

လွယ်ကူ၍အရသာရှိသော ဖြည့်စွက်အစားအစာများနှင့် အရောင်အဆင်း

အသင့်စားခေါက်ဆွဲထုပ်တွင် ပါရှိသည့် အထုပ်ကလေးများကို မဖြစ်မနေ သုံးရန် မလိုပါ။ ထိုအထုတ်များထဲတွင် ခန္ဓာကိုယ်က လိုအပ်သော ပမာဏထက် ပိုသောဆားများ ပါဝင်နေသည်။ ထို အထုတ်လေးများကို မသုံးဘဲ ချက်စရာ မလိုသောနှမ်းဆီ၊ ပဲပိစပ်ဆော့စ်နှင့် ငါးတို့စရာတို့ကို အသုံးပြုပါ။ သင် ရွေးချယ်သော ဟင်းခပ်အစားအစာ၏ ဆားပါဝင်မှုကိုတော့ အမြဲသတိပြုပါ။

သင့် ခေါက်ဆွဲပန်းကန်ကို အရောင်စုံအောင် ပြုလုပ်ပါ။ ဟင်းသီး ဟင်းရွက်များကို ခြောက်အောင် ပြုလုပ်ထားသော အမှုန့်ထုတ်လေးများကို မသုံးဘဲ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ (ဥပမာ- မှို၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ပင်စိမ်း၊ ငရုတ်သီးနှင့် တရုတ်နံနံ) ကို အသုံးပြုပါ။ ထို ဟင်းသီးဟင်းရွက်များသည် သင့်ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များ ဖြစ်သည့် ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ဗီတာမင်အေနှင့် ဗီတာမင်စီတို့ကို ပေးစွမ်းနိုင်သည်။

ပရိုတိန်းဓာတ်ဖြည့်စွက်ပါ

သင်၏ခေါက်ဆွဲကို အာဟာရနှင့် ပိုမိုပြည့်စုံစေရန် ကြက်ဥဖောက်ထည့်ခြင်း၊ ကြက်ဥမွှေကြော် ရောထည့်ခြင်း၊ ကြက်ဥကိုရေကြော်လုပ်ခြင်း၊ ကြက်ဥကြော်ထဲ ရေထည့်စားခြင်းတို့လည်း ပြုလုပ်နိုင်သည်။ ကြက်ဥ မကြိုက်ပါက ဝက်သားကို အဆီမပါ အသားချည်း ပါးပါးလှီးထည့်ခြင်း၊ ကြက်သားနှင့် အမဲသား ထည့်စားခြင်းတို့လည်း လုပ်ပေးနိုင်သည်။ အနံ့အရသာနှင့် ပြည့်စုံစေရန် ရာသီပေါ် အသား တစ်မျိုးမျိုးကို ဆီနည်းနည်းနှင့် မွှေးအောင် ဆီသတ်ပြီး ခေါက်ဆွဲထဲ ထည့်စား၍လည်းရသည်။

ခေါက်ဆွဲမွှေကြော်လုပ်၍စားခြင်း

ခေါက်ဆွဲပြုတ်ပူပူကိုမ စားချင်ပါက ခေါက်ဆွဲမွှေကြော်လုပ်စား၍ လည်းရသည်။ ခေါက်ဆွဲကို ရေဆူဆူတွင် တစ်မျှင်ချင်းစီဖြစ်ပြီး နူးညံ့သွားသည်အထိ ပြုတ်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်ဆီကို အသုံးပြု၍ ဒယ်အိုးကို မီးအပူပေးပြီး ခေါက်ဆွဲမွှေကြော်လုပ်ပါ။ ထို့နောက် အသီးအရွက်များကို နုတ်နုတ်စင်း၍ထည့်ပါ။ အသားလွှာနှင့် တိုဖူးတို့လည်း ထည့်ပေး၍ရသည်။ နောက်ဆုံးတွင် ဆားနှင့်ငရုတ်ကောင်း အနည်းငယ်ထည့်ပြီး အနည်းငယ်စပ်အောင် ပြုလုပ်ပါ။ ပဲပိစပ်ဆော့စ်နှင့် ငရုတ်ရည် ပျစ်ပျစ်တို့ကိုလည်း အသုံးပြုနိုင်သည်။

သင်ချက်ပြုတ်သော ခေါက်ဆွဲ ဟင်းလျာထဲသို့ ထည့်လိုက်သော ဆားနှင့်သကြား ပမာဏကိုတော့ အမြဲသတိပြုပေးပါ။

ရေးသားသူ Dr. Ye Pyae Hein

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top