အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ

african-woman-sadness-listening-music-tearing-PHK5T3H.jpg

သင်ချစ်မြတ်နိုးရတဲ့ တစ်ယောက်ယောက်နဲ့ ပြတ်စဲလမ်းခွဲရတဲ့အခါ ဘယ်လို ခံစားရလေ့ရှိသလဲ။

အင်မတန်ကို ကြေကွဲ ဝမ်းနည်းခံစားရမယ်ဆိုတာ ပြောဖို့တောင် မလိုလောက်ပါဘူး။ လမ်းခွဲတာ၊ ပြတ်စဲတာဟာ ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် (အချိန်ကြာကြီး တွဲခဲ့တာပဲ ဖြစ်ဖြစ်၊ ခဏတဖြုတ် တွဲရသေးတာပဲ ဖြစ်ဖြစ်၊ အင်မတန် ချစ်မြတ်နိုးကြတဲ့ စုံတွဲပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်း ချစ်သူအဆင့်ပဲဖြစ်ဖြစ်) စိတ်ချင်း ဆက်သွယ်ခဲ့ကြပြီးပြီဆိုရင် နာကျင်ခံစားရမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အသည်းကွဲတာကို ကုသပေးနိုင်တဲ့ နည်းလမ်း ဆေးမြီးတိုလေးတွေလည်း ရှိနေပါသေးတယ်။

အားရပါးရငိုပါ

ငိုကြွေးတာကို မကောင်းတဲ့အရာ တစ်ခုအဖြစ် လူတွေက သတ်မှတ်ကြပေမယ့် ငိုကြွေးခြင်းဟာ တကယ်တမ်းတော့ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက် တုံ့ပြန်မှု တစ်ခုသာ ဖြစ်ပါတယ်။ လမ်းခွဲပြတ်စဲတဲ့ စိတ်ဖိအား ဒဏ်ရာကြောင့် ထွက်ရှိလာတဲ့ ဟော်မုန်းတွေ မျက်ရည်ထဲမှာ ပါဝင်ပါတယ်။

ဆိုလိုတာက ငိုကြွေးလိုက်မယ်ဆိုရင် ဒီမကောင်းတဲ့ ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲကနေ အပြင်ကို ထွက်ရှိသွားလိမ့်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် လမ်းခွဲ ပြတ်စဲပြီးတဲ့အချိန်မှာ ပထမဆုံး လုပ်ရမယ့်အလုပ်က အားပါးတရ ငိုလိုက်ဖို့ပါပဲ။

ဘာကိုမှ ဂရုစိုက်မနေပါနဲ့။ အကျယ်ကြီး အော်ငိုလိုက်ပါ။ မျက်ရည်တွေ ကုန်သွားပြီလို့ ထင်ရတဲ့အထိ ငိုပစ်ပါ။ ငိုတာ ရှက်စရာ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ ပြောရရင် ငိုကြွေးခြင်းဟာ ဝမ်းနည်းမှု၊ စိတ်ထိခိုက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ဒီတစ်ရက်တော့ ငိုလိုက်ပါ။

တစ်ကိုယ်တည်း နေဖို့ အချိန်ပေးပါ

ပြင်ပကမ္ဘာနဲ့ ခဏတဖြုတ် အဆက်အသွယ် ဖြတ်ပါ။ ဒီလိုပြောလိုက်လို့ လနဲ့ချီပြီး အခန်းတံခါး ပိတ်နေဖို့ ပြောတာ မဟုတ်ပါဘူး။ တခြား လူတွေနဲ့ ခဏတဖြုတ် အဆက်အသွယ် မလုပ်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ သင့်အသည်းကို ခွဲသွားသူကို သွားပြီး အဆက်အသွယ် မလုပ်ဖို့ကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူးနော်။

လမ်းခွဲ ပြတ်စဲတာကြောင့် နာကျင် ခံစားရတာတွေဟာ အချိန်ပေးဖို့ လိုပါတယ်။ အချိန်ကြာလာရင် သူ့အလိုလို ပြန်ကောင်းလာမှာပါ။ သင်ဘာဖြစ်နေလဲ၊ ဘာကြားချင်လဲဆိုတာကို တဖက်က နားလည်ပေးနိုင်တဲ့ အချိန်မျိုးဆိုရင်တော့ ရင်ဖွင့်ရတာ၊ စကားပြောရတာ အကျိုးရှိပါတယ်။ သင်သိထားဖို့က ဟိုအရင်ချိန်တွေက သင် တခုခုလုပ်ချင်ပေမယ့် သင့်ချစ်သူက မလုပ်ချင်တဲ့အတွက်၊ မကြိုက်တဲ့အတွက် လက်လျှော့လိုက်ရတာ၊ အလျှော့ပေးလိုက်ရတာတွေကို သတိရဖို့ပါပဲ။ အခု သင် လုပ်ချင်တာတွေကို အားပါးတရ လုပ်ပါတော့။

အားပေးနှစ်သိမ့်မှုကို ရှာဖွေပါ

ကဲ အခု စကားပြောရမယ့်အပိုင်း လာပါပြီ။ ဒါပေမယ့် အတင်း ဖိအားပေးခံရလို့ စကားပြောတာမျိုးကိုတော့ မလုပ်ပါနဲ့၊ သင် တကယ်ပြောချင်စိတ်၊ ရင်ဖွင့်ချင်စိတ် ပေါက်လာမှ ပြောပါ။ ဒီနေရာမှာ တစ်ခု သတိထားသင့်တဲ့အချက်က သင့်အနေနဲ့ အကူအညီ လိုအပ်နေတဲ့အကြောင်း တခြားလူတွေကို မပြောပြဖူးဆိုရင် သူတို့အနေနဲ့ တစ်ခါတရံမှာ အခြေအနေတွေကို ပိုဆိုးရွားသွားအောင်၊ သင့်အနေနဲ့ ပိုခံစားသွားရအောင် လုပ်မိတတ်ကြတယ်ဆိုတာပါပဲ (တကယ့်ကို တခါတရံမှပါ)။

ဒါ့ကြောင့် သင့်အနေနဲ့ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ခံစားနေရတဲ့အကြောင်းနဲ့ ဒီရက်ပိုင်းအတွင်း အကူအညီလို၊ နှစ်သိမ့်ပေးဖို့ လိုအပ်နေတဲ့အကြောင်း သူတို့ကို သေချာပေါက် ပြောပြပါ။

သူငယ်ချင်း ဘော်ဒါတွေအနေနဲ့ သင့်ကို အများကြီးပျော်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း မမေ့ဖို့ လိုပါတယ်။ ကျောပိုးအိတ် တစ်လုံးလွယ်ပြီး ခရီးသွားပါ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ၊ လုပ်ချင်တာတွေအကုန် လျှောက်လုပ်ပါ။ ဒါဆိုရင် သင်လက်ရှိခံစားနေရတဲ့ အသည်းကွဲတဲ့ ရောဂါကို မေ့သွားမှာပဲ ဖြစ်ပါတယ်။

မျှော်လင့်ချက် ရှင်သန်ပါစေ

နောက်ဆုံးအနေနဲ့ သိထားသင့်တဲ့အချက်က “မျှော်လင့်ချက် မကုန်ဆုံးဖို့” ပဲ ဖြစ်ပါတယ်။
မျှော်လင့်ခြင်းဟာ ရှင်သန်ခြင်းရဲ့ အဓိက သော့ချက်ပဲ ဖြစ်ပြီး ပိုပြီးကောင်း၊ ပိုပြီးသင့်တော်တဲ့ လက်တွဲဖော်ကို ထပ်မံတွေ့ရှိစေဖို့အတွက်တောင် ကူညီပေးနိုင်ပါသေးတယ်။ သင့်အနေနဲ့ လက်လျှော့ အရှုံးပေးလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပြီး မျှော်လင့်ချက်ကင်းမဲ့ စိတ်ပျက်တာမျိုး ဖြစ်နေမှာအမှန်ပါ။

ဒါပေမယ့် စိတ်မပျက်ပါနဲ့၊ မျှော်လင့်ချက် ရှင်သန်ပါစေ။ ဘယ်လိုအရာကိုမဆို အချိန်က ကုစားပေးနိုင်ပါတယ်။ တစ်ခုသော မနက်ခင်းမှာ သင် မျက်စိနှစ်လုံးပွင့်လာတဲ့အခါ သင့်ရဲ့ “ကြေကွဲခြင်းကာလ” ကုန်ဆုံးပြီဆိုတာ သင် သတိထားမိလာမှာဖြစ်ပြီး ဘဝကို မူလကအတိုင်း ဆက်လက်ရှင်သန်ပါ။ အားမွေးပါ။ လူတိုင်းလူတိုင်းဟာ အတိတ်ကို ချန်ထားခဲ့ပြီး ရှေ့ဆက်သွားနိုင်ဖို့ အားအင်တွေ ရှိပါတယ်။ ဒါပေမယ့် ဒီအားအင်တွေကို ရှာတွေ့ဖို့ အချိန်ကာလတော့ အနည်းငယ် လိုအပ်ပါလိမ့်မယ်။

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top