ပုရွက်ဆိတ်တွေဟာ လမ်းကြောင်းမှန်ကိုသိဖို့ ဘယ်လိုအာရုံခံကြသလဲ

ant-legs.jpg

ပုရွက်ဆိတ်တွေက အစာတစ်ခုကို အနံ့ရပြီဆိုရင် တစ်ကောင်တည်း ဘယ်တော့မှ မလာပါဘူး။ နောက်ကို ဆက်ကြည့်လိုက်ရင် အပေါင်းအဖော်တွေလည်း တစ်သီကြီး ပါလာတာကို တွေ့ရမှာပါ။ အရှေ့က ပုရွက်ဆိတ် ထုတ်ပေးလိုက်တဲ့ Pheromones ခေါ်  ဓာတုပစ္စည်းတစ်မျိုးရဲ့ လမ်းကြောင်းနောက်ကို နောက်က ပုရွက်ဆိတ်တွေက တန်းစီလိုက်ကြပါတယ်။

ပုရွက်ဆိတ်တွေမှာ နှာခေါင်းမရှိတာမို့ သူတို့ရဲ့ အာရုံခံ ဦးမင်တွေကို ဝှေ့ရမ်းပြီး လမ်းကြောင်းမှန်နောက်ကို လိုက်ကြတာပါ။ ပြီးတာနဲ့ အစားအသောက်တွေကို တက်ညီလက်ညီသယ်ဖို့ လမ်းကြောင်းစဖောက်တော့တာပါပဲ။ ပုရွက်ဆိတ်တွေက အစာလမ်းကြောင်းကို ဘယ်လို အနံ့ခံတယ်ဆိုတာနဲ့ ပတ်သက်ပြီး တော်တော်များများကို သိပ္ပံပညာရှင်တွေက သိထားကြပါတယ်။ ဒါပေမဲ့ ဟားဗက်ဒ်တက္ကသိုလ်ရဲ့ သုတေသနပညာရှင်တွေကတော့ အသေးစိတ် လေ့လာချင်ကြပါတယ်။

ပုရွက်ဆိတ်တွေက Pheromones ဓာတုအနံ့နဲ့ အရသာနောက်လိုက်ပြီး တစ်ဖြောင့်တည်းပဲဖြစ်ဖြစ်၊ အကွေ့အကောက်ပဲဖြစ်ဖြစ် လိုက်နိုင်ပါတယ်။ ဒါက ဘယ်လိုမျိုးလဲဆိုတာ စမ်းသပ်ဖို့အတွက် သိပ္ပံပညာရှင်တွေက ပုရွက်ဆိတ်ရဲ့ Pheromone နဲ့ မင်ကိုရောပြီး စာရွက်ပေါ်မှာ လမ်းကြောင်းအတု ဆွဲပေးထားလိုက်ပါတယ်။ ပြီးတာနဲ့ ပုရွက်ဆိတ်တွေကို လမ်းကြောင်းအတုပေါ် ချပေးလိုက်ပြီး သူတို့ရဲ့ လှုပ်ရှားမှုကို ကွန်ပျူတာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

ပုရွက်ဆိတ်တွေဟာ လမ်းကြောင်းအမှန်ကိုလိုက်ဖို့ ဗျူဟာအမျိုးမျိုးနဲ့ ကြိုးစားပါတယ်။ လေလာရာလမ်းကြောင်းကို လိုက်ပြီး Pheromone လမ်းကြောင်းကနေ ကွာလိုက် ကပ်လိုက်နဲ့ အမီလိုက်ကြသလို လမ်းကြောင်းပေါ် ရောက်တဲ့အခါမှာလည်း မြန်မြန်သွက်သွက် သွားကြပါတယ်။ လမ်းကြောင်းတစ်ခုတည်းမှာ ပုရွက်ဆိတ် တစ်အုပ်ကြီးလုံး မဆံ့နိုင်ဘူးဆိုတော့ ဘေးရောက်နေတဲ့ ပုရွက်ဆိတ်တွေက သူတို့ရဲ့ဦးမင်နဲ့ လမ်းကြောင်းကို လိုက်ကပ်ထားရပါတယ်။ တချို့ပုရွက်ဆိတ်တွေက ဦးမင်ဘယ်ဘက်နဲ့ လမ်းကြောင်းကို ကပ်လိုက်ပြီး တချို့ကတော့ ညာဘက်နဲ့ ရအောင် ကပ်လိုက်ကြတာပါ။

ပုရွက်ဆိတ်တွေက အလုပ်ကြိုးစားတဲ့ သတ္တဝါလေးတွေလို့ တင်စားခံရသလို သူတို့က ဇွဲလည်းရှိကြပါတယ်။ သူတို့ရဲ့ အပြုအမူကို နားလည်အောင် လေ့လာတာက စက်ရုပ်တည်ဆောက်တဲ့နေရာမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒီ စမ်းသပ်ချက်ကနေ ပုရွက်ဆိတ်တွေရဲ့ လမ်းကြောင်း ရှာနိုင်စွမ်းကို အသေးစိတ် လေ့လာနိုင်ခဲ့ပြီး ပုရွက်ဆိတ်တွေက ညီညွတ်ကြသလို အလုပ်ကြိုးစား ဇွဲကောင်းသူတွေလည်း ဖြစ်ကြတာမို့ အတုယူဖွယ် သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။

Ref: nytimes “How Ants Sniff Out the Right Path”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top