တိုင်းပြည်နှင့်လူမျိူးကို အကျိုးပြုနေသော ဖိုးသော်

Phoe-Thaw-1.jpg

ဖိုးသော်ရင်ဆိုင်ရသော စိန်ခေါ်မှုကြီးများသည် ကြိုးဝိုင်းထဲတွင်သာမက ကြိုးဝိုင်းတစ်ဖက် အပြင်ဘက်တွင်လည်း ရှိနေသေးသည်။ မြန်မာ့အားကစားသမားဖိုးသော်သည် ပြည်သူများအတွက် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ဆယ်စုနှစ် ၂ခုရှိနေပြီး ထိုလုပ်ငန်းများကို ဘယ်သောအခါမှ ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

“ကျွန်တော်ငယ်ငယ်ကတည်းက လိုအပ်တဲ့သူတွေကို ကူညီပေးချင်တဲ့ စိတ်ရှိနေခဲ့တာပါ။ကျွန်တော် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်နေခဲ့တာပါ။”ဟု ONE Championship ဖယ်သာဝိတ်တန်းကစားသမား ဖိုးသော်က ဆိုသည်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သော ဖိုးသော်သည် သွေးလှူဒါန်းခြင်းနှင့် ကလေးများကို ပညာဒါနသင်ကြားပေးခြင်းများကို ၎င်းတက္ကသိုလ်တက်စဉ်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် မေလတွင် ဖိုးသော်၏ မွေးရပ်ဇာတိဖြစ်ရာ ရန်ကုန်မြို့နှင့် မဝေးကွာသော ဧရာဝတီတိုင်းဒေသကြီးသို့ ဆိုင်ကလုန်းမုန်တိုင်းကြီး နာဂစ်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူပေါင်း နှစ်သိန်းနီးပါးခန့် သေဆုံးခဲ့ကြပြီး အိမ်ခြေအမြောက်အများပျက်စီးဆုံးရှုံးခဲ့ရသည်။ ထိုအချိန်တွင် ဖိုးသော်သည် ပျက်ဆီးခဲ့သောဒေသများသို့ ကိုယ်တိုင်သွားရောက်ပြီး အသက်ရှင်ကျန်နေသူများအတွက် လိုအပ်သောအကူအညီများကို မေးမြန်းကူညီပေးခဲ့သည်။ ထို့နောက် ၎င်းသည် ရန်ကုန်သို့ ပြန်လာခဲ့ပြီး NGO အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၏ အကူအညီတောင်းခံကာ စေတနာ့ဝန်ထမ်းများစုစည်း၍ နာရီပိုင်းအတွင်း ရေဘေးသင့်ရာဧရာဝတီဒေသသို့ ပြန်လည်သွားရောက်ပြီး အစားအစာ၊ ဆေးဝါး စသော ရိက္ခာတို့ကိုတတ်အားသရွေ့ ကူညီထောက်ပံ့ပေးခဲ့သည်။

ထိုနှစ်ကုန်ပိုင်းတွင် ဖိုးသော်သည် သွေးလှူဒါန်းခြင်းကို စီစဉ်ပေးသော မေတ္တာလူငယ်အဖွဲ့ကို တွဲဖက်တည်ထောင်ခဲ့သည်။ မေတ္တာလူငယ်အဖွဲ့၏ Facebook စာမျက်နှာကို ဝင်ရောက်လေ့လာကြည့်လျှင် အလှူရှင်များကဏ္ဍ၌ ဖိုးသော်ကို မကြာခဏ တွေ့မြင်ရမည်ဖြစ်သည်။ မကြာသေးမှီကလည်း ရန်ကုန်ကလေးဆေးရုံကြီး၏ ကင်ဆာဌာနသို့ ဖိုးသော်မှ အလှူငွေများပေးအပ်ခဲ့ကြောင်း ပို့စ်တစ်ခုတင်ခဲ့သည်။

ယင်းအဖွဲ့အစည်းသည်နှစ်စဉ်ပျော်ပွဲရွှင်ပွဲ ပြုလုပ်လေ့ရှိပြီး အစားအစာများရောင်းချကာ ရန်ပုံငွေရှာလေ့ရှိသည်။ ထို့အပြင် မိဘမဲ့ဂေဟာများနှင့် စိတ္တဇဆေးရုံအတွက်လည်း အလှူငွေများထောက်ပံ့ကူညီခဲ့သည်။

“စေတနာ့ဝန်ထမ်းတွေ ကျွန်တော်စုစည်းပြီး အရေးပေါ်စားနပ်ရိက္ခာ အသုံးအဆောင်တွေကို နယ်စပ်မှာရှိတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေဆီ လှူဒါန်းခဲ့ပါသေးတယ်။” ဟု ဖိုးသော်က ထပ်လောင်းပြောကြားခဲ့သည်။

ဖိုးသော်သည် အသက် ၃ဝအရွယ်၌ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဘဝကို မခံယူမှီ အငှားယာဉ်မောင်းအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ရင်း ထိုပရဟိတအဖွဲ့ကြီးအတွက်လည်း တတ်အားသရွေ့ပါဝင်ကူညီခဲ့သည်။ ဖိုးသော်သည် ပရဟိတသမားတစ်ဦးအဖြစ်မှ ယခုကဲ့သို့ ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်လာခြင်း အပေါ်တွင် လူအများအံ့ဩမှင်သက်ခဲ့ရသည်။ သို့သော် လူအများအပေါ်ကူညီလိုသော ၎င်း၏ စိတ်ဆန္ဒသည် ပျောက်ကွယ်မသွားသည့်အပြင် ဖိုးသော်သည် အခြားသူများကိုလည်း “မိမိဘဝကို အဓိပ္ပါယ်ရှိစွာ နေထိုင်ပြီး မိမိ၏ ပတ်ဝန်းကျင်ကို ကူညီစောင့်ရှောက်ပါ” ဟုတိုက်တွန်းလေ့ရှိသည်။

ပွဲစဉ်မှတ်တမ်း ၆ပွဲနိုင် ၁ပွဲရှုံး ရရှိထားသော ဖိုးသော်သည် စံပြပုဂ္ဂိုလ်တစ်ဦးဟုလည်းဆိုနိုင်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ကိုယ်ကျိုးမငဲ့ဘဲ အားကစားရုံတည်ထောင်ကာ နေ့စဉ်ဘဝတွင် လူသားများကို အကျိုးပြုကူညီလျက်ရှိသည်။

“ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမတွေက ကျွန်တော်တို့ကို အချိန်တိုင်းစိတ်တည်ငြိမ်အောင်၊ အရက်သေစာတွေမမှီဝဲဖြစ်အောင် အကုသိုလ်မှုမပြုဖြစ်အောင်တိုက်တွန်းတယ်။ ဒါ့အပြင် လူအများကိုတတ်အားသရွေ့အကူအညီများပေးဖို့နဲ့ ကိုယ်တိုင်လည်းကောင်းမွန်စွာနေထိုင်ဖို့ သင်ကြားပြသပေးတယ်”ဟု ၎င်းကဆိုသည်။

ဖိုးသော်သည် မြန်မာနိုင်ငံတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို တွင်ကျယ်အောင် ကြိုးစားနေရင်း တစ်ချိန်တည်းတွင် တိုင်းပြည်နှင့်လူမျိုးအတွက် တတ်နိုင်သည့်ဖက်မှ ကူညီပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ ၎င်းသည် ခေါင်းဆောင်ကောင်းတစ်ဦးပင် ဖြစ်ပေတော့သည်။

Video: https://www.facebook.com/ONEChampionship/videos/263801950978876/

Team (ရိုးရာလေး)
www.yoyarlay.com

#Team_yyl #Sports_yyl #ONEChampionship #PhoeThaw

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top