မလေးရှားကစားသမား Agilan Thani ၏ ဝိတ်ချနည်းလမ်းကောင်းများ

screenhunter_4545_may._23_12.18.jpg

ONE မစ်ဒယ်ဝိတ်တန်းကစားသမား Agilan “Alligator” Thani သည် အဝလွန်ရောဂါကို ပြင်းထန်စွာခံစားခဲ့ရဖူးသူတစ်ဦးဖြစ်သည်။ Thani သည် ငယ်စဉ်က ကလေးအဝလွန်ရောဂါကို ခံစားခဲ့ရချိန်က ကိုယ်အလေးချိန် ၁၃၉ ကီလိုဂရမ်ရှိခဲ့ကာ ကလေးတစ်ယောက်အတွက် အလွန်များသော အလေးချိန်ပမာဏဖြစ်သည်။ သို့သော် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို နှစ်သက်ခဲ့ပြီးသည့်နောက် Thani သည် ကွာလာလမ်ပူမြို့ရှိ Monarchy MMA အားကစားရုံသို့ သွားရောက်လေ့ကျင့်ခဲ့ရာမှ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာခဲ့သည်။

ကိုယ်အလေးချိန်များ၍ ဝိတ်ချချင်သူများအတွက် Thani က ယခုလို နည်းလမ်းကောင်းများ အကြံပြုပေးသွားပါသည်။

၁။ ကိုယ်အလေးချိန်လျှော့ချခြင်းသည် တာတိုပြေးပွဲထက် မာရသွန်ပြေးပွဲနှင့်တူသည်

“မှန်ကန်မျှတတဲ့ စားသောက်မှုပုံစံကို ချက်ချင်းကြီးပြောင်းလဲပစ်တာထက် ဖြည်းဖြည်းချင်း အကျင့်လုပ်ယူပြီး ပြောင်းလဲပစ်ဖို့အရေးကြီးပါတယ်” ဟု Thani က ပြောသည်။ ထိုကဲ့သို့ပြောင်းလဲမှုသည် နေထိုင်မှုပုံစံတစ်ခုလုံးကို ပြောင်းလဲခြင်းဖြစ်သည့်အတွက် အလျင်အမြန်ပြောင်းလဲစရာမလိုပေ။

“မှန်ကန်မျှတတဲ့စားသောက်မှုပုံစံ (Diet) ကို ပြောင်းလဲစားသောက်ကြပြီဆိုတာနဲ့ အများစုက အပြင်းအထန်လုပ်ကြတယ်။ သူတို့က လေးပတ်အစားအသောက်ထိန်းမယ်ဆိုရင် လေးပတ်လုံးကို အစားသောက်ထိန်းထားပြီး အချိန်စေ့တာနဲ့ နဂိုအတိုင်းပြန်စားကြတယ်။ အစားအသောက်ထိန်းတာက နေထိုင်မှုပုံစံလို အသားကျနေသင့်ပါတယ်။ ကျွန်တော်ဆို မျှတတဲ့စားသောက်မှုပုံစံနဲ့ စားနေတာ သုံးနှစ်ရှိပါပြီ။ တစ်နေ့ထက်တစ်နေ့ တိုးတက်လာအောင် ကြိုးစားနေပါတယ်” ဟုThani က ရှင်းပြခဲ့သည်။

ဆိုဒါ (Soda) ကဲ့သို့ အချိုရည်တွေ သောက်သုံးတာကို ရပ်တန့်မှုကစတင်ပြီး မျှတသောစားသောက်ပုံကို အစပြုနိုင်ပါသည်။

“ရေရှည်စွဲပြီးထိန်းသိမ်းသင့်ပါတယ်။ အစားအစာကို ပမာဏအများကြီးစားနေရာကနေ ပမာဏလျှော့ပြီး စားတဲ့အကြိမ်အရေအတွက်ကို တိုးကြည့်ပြီး ဖြည်းဖြည်းချင်းပြောင်းလဲကြည့်ပါ။ ဥပမာ တစ်နေ့ကို ပမာဏအများကြီးနဲ့ သုံးကြိမ်စားနေရာကနေ တစ်နေ့လုံးကို ပမာဏနည်းနည်းလျှော့ပြီး သုံးကြိမ်အပြင် အဆာပြေ နှစ်ကြိမ်စားနိုင်ပါတယ်။ နောက်ပိုင်း ပမာဏများများနဲ့ နှစ်ကြိမ်စားပြီး အဆာပြေ လေးကြိမ် စားနိုင်ပါတယ်” ဟု အကြံပေးပြောကြားခဲ့ပါသည်။

၂။ အစားအစာများကို ပြည့်စုံမျှတစွာစားသုံးပါ

အားကစားလုပ်သူအများစုသည် ပရိုတိန်းကိုသာ အားပြုစားသောက်ကြကာ ဝိတ်ကျရန်လိုအပ်သော အာဟာရဓာတ်များ ဥပမာ- ကစီဓါတ်၊ ကောင်းမွန်သောအဆီဓာတ်နှင့် ဗီတာမင်ဓာတ်များကို စားသုံးရန် လျစ်လျူရှုထားကြသည်။ “အာဟာရရှိတဲ့အစာအားလုံးစားပါ” ဟု Thani ကပြောသည်။

“တချို့လူတွေကအသီးအရွက်နဲ့ ဥတွေကိုပဲစားပြီး ခန္ဓာကိုယ်အတွက် အရေးပါပြီး မျှတတဲ့စားသောက်မှုပုံစံမှာပါဝင်ရမယ့် ကစီဓာတ်၊ အဆီနဲ့ တခြားအာဟာရဓာတ်တွေကို မေ့ထားကြတယ်။ အဆီကို သင့်တင့်တဲ့ပမာဏ စားသုံးပါ။ ကောင်းမွန်တဲ့အဆီတွေက မကောင်းတဲ့အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ပြီးတော့ ကစီဓာတ်က သွေးတွင်းသကြားဓာတ်ကိုမြှင့်ပြီး ခွန်အားကိုဖြစ်စေသလို ပရိုတိန်းက ကြွက်သားပြန်လည်ကောင်းမွန်လာဖို့အတွက် လိုအပ်ပါတယ်” ဟု ပြောပြပေးခဲ့သည်။

၃။ ကိုယ်အလေးချိန် ချိန်ဖို့ မကြောက်ရွံ့ပါနဲ့

ကိုယ်အလေးချိန်ကိုဘယ်တော့မှ ဖုံးကွယ်ထားလို့မရပါဘူး။ ထို့ကြောင့် ကိုယ်အလေးချိန်တက်နေသူများအဖို့ သတိပေးနေသော အချက်ပြ မီးသဖွယ်ရှိနေမည်ဖြစ်သည်။ ဝိတ်ချိန်ရမှာ ကြောက်မနေဘဲ တတ်နိုင်သမျှ ကိုယ်အလေးချိန်ကို မှန်မှန်ချိန်ပေးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချမှုကို ထိရောက်စွာ လုပ်နိုင်မည်ဖြစ်သည်။

“အကယ်၍ သင်သာ ကိုယ်အလေးချိန်ကို မှန်မှန်မချိန်ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး။ အစားအသောက်ကို ထိန်းစားနေတဲ့အချိန်မှာ ၁ ဂရမ် လောက်လည်း အရေးပါပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ချိန်ဖို့က အရေးကြီးပါတယ်။ ကြောက်မနေသင့်ပါဘူး” ဟု၎င်းက ပြောကြားခဲ့ပါသည်။

Ref: ONE Championship “How to Lose The Weight Like Malaysia’s Agilan Thani”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top