ကော်ဖီသောက်တာကနေ ရပ်တန့်လိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်လာမလဲ

8-4-2020-yyl-001.jpg

ကော်ဖီတစ်ခွက်မသောက်ရရင် တစ်နေ့တာကို ကောင်းကောင်းမဖြတ်သန်းနိုင်ဘူးဆိုတဲ့ သူတွေရှိကြပါတယ်။ အဲဒီလူတွေက ကော်ဖီတစ်ခွက်သောက်လိုက်ရမှာ လန်းဆန်းတတ်ကြွပြီး နေသာထိုင်သာရှိသူကြတာပါ။ တစ်နေ့ကို ကော်ဖီ (၃) (၄) ခွက်သောက်တဲ့ ကော်ဖီချစ်သူတွေပေါ့။ ကော်ဖီကြိုက်တဲ့သူတွေက ကော်ဖီမသောက်ဘဲနေဖို့ဆိုတာ သူတို့အတွက် ခက်ခဲလှပါတယ်။ သူတို့တွေက ကဖင်းဓာတ်ကို စွဲစွဲလန်းလန်းကို ကြိုက်နှစ်သက်နေကြတာပါ။ အဲဒီလိုလူတွေက ကဖင်းဓာတ်စားသုံးမှုကို ဇီးရိုးအထိ လျော့ချလိုက်မယ်ဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ်သိရှိရဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

ခန္ဓာကိုယ်အလေးချိန် ပြောင်းလဲလာမယ်

မျှော်လင့်မထားဘဲ ခန္ဒာကိုယ်အလေးချိန်ပြောင်းလဲတာက လူတိုင်းအတွက် စိတ်ဖိစီးစေနိုင်ပါတယ်။ အဲဒီလိုဖြစ်ရတာက ကော်ဖီသောက်တာကို ရပ်တန့်လိုက်တဲ့အခါမှာ တစ်ခါတရံဖြစ်တတ်ပါတယ်။ ကဖင်းဓာတ်က ဇီဝဖြစ်စဉ်အားကောင်းစေပြီး သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေပါတယ်။ ကော်ဖီသောက်တာကို ရပ်လိုက်တဲ့အခါမှာ ကယ်လိုရီလောင်ကျွမ်းမှုမရှိတဲ့အတွက် ကိုယ်အလေးချိန်တက်လာရပါတယ်။

တစ်ခုခုကို အာရုံစိုက်တာ ခက်ခဲလာမယ်

ကော်ဖီသောက်တာက ဦးနှောက်ကို မြှင့်တင်ပေးတဲ့၊ သွေးဖိအားထိန်းညှိပေးတဲ့ ဒိုပါမင်းနဲ့ အဒရီနလင်ဓာတ်တွေကို လှုပ်ဆော်ပေးတဲ့အတွက် လူကို ပိုပြီး လန်းဆန်းစေပါတယ်။ သင်က ကော်ဖီသောက်တာကို ရပ်လိုက်တဲ့အခါ အလုပ်နဲ့အခြားအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ အာရုံစိုက်ဖို့လိုတဲ့အခါ အခက်အခဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သင့်ဦးနှောက်ကို ပုံမှန်လုပ်နေကြနည်းနဲ့ လှုပ်ဆော်မပေးတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

တုန်တုန်ယင်ယင်ဖြစ်လာမယ်

ဒီအချက်ကတော့ ပြင်းထန်တဲ့ပုံပါပဲ။ ဒါပေမဲ့ ဒါက အရမ်းစိုးရိမ်စရာမလိုပါဘူး။ ကဖင်းဓာတ်က အာရုံကြောဖွဲ့စည်းမှုစနစ်ကို လှုပ်ဆော်ပေးနိုင်ပါတယ်။ ကော်ဖီမသောက်တော့ဘဲရပ်တန့်ပစ်လိုက်တဲ့အခါ အာရုံကြောဖွဲ့စည်းမှုစနစ်ကို လှုပ်ဆော်ပေးမှုကို ဖြတ်တောက်လိုက်တဲ့အတွက် တုန်တုန်ယင်ယင် ဖြစ်လာရတာဖြစ်ပါတယ်။ တချို့လူတွေက လက်တွေ တုန်ယင်လာတတ်ပါတယ်။ သူတို့က ပုံမှန် ကဖင်းဓာတ်ကို အလွန်အကျွံသောက်သုံးတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

စိုးရိမ်ပူပန်မှုတွေ ဝင်လာမယ်

သင်က စိုးရိမ်ပူပန်တတ်တဲ့သူမဟုတ်ရင်တောင် ကော်ဖီသောက်သုံးမှုကို ရပ်တန့်လိုက်တဲ့အခါ စိုးရိမ်ပူပန်မှုကို သေချာပေါက်ကြုံတွေ့ရမှာပါ။ ရပ်တန့်ပစ်ဖို့ဆုံးဖြတ်လိုက်တဲ့ ကော်ဖီချစ်သူတွေအတွက် စိုးရိမ်ပူပန်မှုတိုးလာတာက ပုံမှန်ပါပဲ။ ဖြစ်တတ်ပါတယ်။ ဦးနှောက်မှာ ဓာတုဆိုင်ရာမညီမျှတွေဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

မကြာခဏ ခေါင်းကိုက်လာမယ်

ခေါင်းကိုက်တာက ကဖင်းဓာတ်ဖြတ်တောက်လိုက်တဲ့အခါ အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ သွေးကြောတွေ ပွင့်လာတဲ့အတွက် ဦးနှောက်ဆီသို့ သွေးလည်ပတ်မှုတိုးမြှင့်လာတာကြောင့်ဖြစ်ရတာပါ။ သွေးလည်ပတ်မှုတိုးလာတာနဲ့ သင့်ခန္ဓာကိုယ်က အသားကျသွားတဲ့အခါ ခေါင်းကိုက်တာက တဖြည်းဖြည်းနဲ့ ပျောက်သွားမှာပါ။ ခေါင်းကိုက်ခြင်းနဲ့ ဆက်စပ်တဲ့ မသက်မသာဖြစ်မှုက တစ်နေ့တာလုပ်ဆောင်ချက်တွေပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

အားအင်ကုန်ခန်းမယ်

ကော်ဖီကို စွဲလန်းရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ကျွန်တော်တို့ကို အင်အားတွေ တိုးမြှင့်လာစေတဲ့အတွက်ကြောင့်ပါ။ အဲဒီလိုသက်ရောက်မှုက ပျှမ်းမျှအားဖြင့် (၅) နာရီသာကြာပါတယ်။ ဒါကြောင့် လူတွေက အားအင်တွေပြည့်လာပြီး တစ်နေ့တာလုံး အာရုံစိုက်နိုင်ဖို့အတွက် တစ်နေ့ကို တစ်ခွက်ထက် ပိုသောက်ကြပါတယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ ကော်ဖီသောက်တာကို ရပ်ပစ်လိုက်တဲ့အခါ အားအင်ကုန်ခန်းသလို ခံစားရမှာဖြစ်ပါတယ်။ ကော်ဖီအရမ်းသောက်တဲ့သူတွေက ကော်ဖီသောက်သုံးတာကနေ ရပ်တန့်ပစ်လိုက်တဲ့အခါ ချက်ချင်းပဲ မူးဝေသလို ခံစားလာရနိုင်ပါတယ်။

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top