ကိုယ့်ရဲ့ဖုန်းကို ကိုယ် ဘယ်လောက် ယုံကြည်လို့ ရနိုင်မလဲ

diverse-people-with-social-media-icons-PP563NG.jpg

ကျွန်တော်တို့တွေရဲ့ လူနေမှုဘဝတွေမှာ မိုဘိုင်းဖုန်းတွေဟာ မရှိမဖြစ်တဲ့အရာတစ်ခု ဖြစ်လာကြတာကို သိကြမယ်ထင်ပါတယ်။ “ဖုန်းမရှိဘဲ နေနိုင်လား” လို့ မေးရင် အဖြေအများစုက “မနေနိုင်ဘူး” ဆိုတာပါပဲ။

ဒီဖုန်းတွေကနေပဲ ကျွန်တော်တို့တွေရဲ့ လှုပ်ရှားမှုတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထောက်လှမ်းလို့ ရပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့ လိုပါတယ်။ မိုဘိုင်းဖုန်းကို အသုံးပြုပြီး သင် မသိအောင် ထောက်လှမ်းမှု ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကတော့ …

Geo-tracking

စမတ်ဖုန်းအတော်များများက သူတို့ဘာသာ တည်နေရာကို ရှာဖွေနိုင်စွမ်း ရှိကြပြီး ဒါကလည်း အကယ်၍များ ဖုန်း ပျောက်သွားတာ (သို့) အခိုးခံလိုက်ရတာတွေ ရှိလာရင် ပြန်ရှာနိုင်အောင် လုပ်ပေးထားတာပါ။ ဒါပေမယ့်လည်း ဒီစွမ်းဆောင်ရည်ကို သင့်ဖုန်းထဲက malicious အပ်ပလီကေးရှင်းတွေက ယူသုံးလိုက်တဲ့အခါ GPS ကို ပိတ်ထားတောင် သင် ဘယ်ရောက်နေလဲဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

Wi-Fi Tracking

အများသုံး ဝိုင်ဖိုင်တွေက လူအများရဲ့ သဘောကျ နှစ်ခြိုက်မှုကို ရရှိပြီး သူတို့တွေက ဟက်ကာတွေရဲ့ အဓိကပစ်မှတ်လည်း ဖြစ်ပါတယ်။ ဟက်ကာတွေက သူတို့ ပစ်မှတ်ထားဖို့ လွယ်ကူတဲ့ အများသုံး ဝိုင်ဖိုင်နဲ့ ချိတ်ဆက်ထားတဲ့ဖုန်းတွေမှာ ပျော့ကွက်ကို ရှာဖွေတတ်ကြပါတယ်။ ဟက်ကာတွေအတွက် အများသုံး ဝိုင်ဖိုင်နဲ့ ချိတ်ဆက်ထားတဲ့အချိန် သင်ရဲ့ဖုန်းကို ထောက်လှမ်းဖို့က မခက်ခဲလှပါဘူး။

Camera

ဟက်ကာတွေက မိုဘိုင်းဖုန်း အသုံးပြုသူရဲ့ လှုပ်ရှားမှုတွေကို ကင်မရာမှတစ်ဆင့် ခြေရာခံတဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သင်ရဲ့ မိုဘိုင်းဖုန်းမှာ စပိုင်ဆော့ဖ်ဝဲ ထည့်သွင်းပြီး ကင်မရာကို တရားမဝင် အသုံးပြုခွင့် ရယူလိုက်ပါတယ်။ အဲဒီကတစ်ဆင့် ကင်မရာကို လိုသလို ထိန်းချုပ်တာတွေ ပြုလုပ်တတ်ကြပါတယ်။

Microphone

ဟက်ကာတွေက မိုက်ခရိုဖုန်းတွေကိုလည်း ကင်မရာနည်းတူ တိုက်ခိုက်တတ်ပါတယ်။ မိုက်ခရိုဖုန်းတွေကို အသုံးပြုပြီး အဝေးတစ်နေရာကနေ အသံ ခိုးနားထောင်တာမျိုး၊ ဖုန်းပြောတာကို မှတ်တမ်းတင်ထားတာမျိုးတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက် ခိုးယူတာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။

Backdoor

သိပ်မကြာသေးခင်က ထွက်ပေါ်လာတဲ့သတင်းအရ တရုတ်က ထုတ်လုပ်တဲ့ဖုန်းအချို့မှာ နောက်ကွယ်မှာ အလုပ်လုပ်ပေးနေမယ့် backdoor နည်းပညာကို ကြိုတင် ထည့်သွင်းထားတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။ ဒီ backdoor တွေက ခွင့်ပြုချက် မရှိဘဲ အသုံးပြုသူတွေရဲ့ အချက်အလက် စုဆောင်းပေးတာ၊ လှုပ်ရှားမှု ခြေရာခံတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ ယုံကြည်ရလောက်မယ့် ကိုယ်ပိုင်တံဆိပ်မရှိတဲ့ တရုတ်ဖုန်း အမျိုးအစားတွေကို ဝယ်မိခဲ့ရင် ဒီလိုမျိုး ကိုယ့်ရဲ့ အချက်အလက်တွေ ခိုးယူခံရဖို့ ရာခိုင်နှုန်း သိပ်ကို များလွန်းတယ်လို့ သိရပါတယ်။

ဒီနေ့ခေတ်မှာ ဖုန်းမရှိဘဲ နေဖို့က အတော်လေး ခက်ခဲလှပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို အသုံးဝင်ပေမယ့် ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုတော့ လုံခြုံအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ယုံကြည်မှု မရှိတဲ့နေရာတွေကနေ အပ်ပလီကေးရှင်းတွေ install မလုပ်မိဖို့ အထူးသတိထားရပါမယ်။ (ဟက်ကာတွေ ချဉ်းကပ်ဖို့လမ်း ကိုယ်တိုင် မဖောက်သင့်ပါ။)

ဒုတိယ တစ်ချက်အနေနဲ့ သင့်ဖုန်းရဲ့ လုံခြုံရေးစနစ်ကို အမြဲတမ်း up-to-date လုပ်ထားရပါမယ်။ ဟက်ကာတွေက အမြဲတမ်း ဟာကွက်တွေ ရှာနေတာမို့ အကယ်၍များ update မလုပ်ထားမိရင် သင့်ဖုန်း ဟာကွက်ကနေတစ်ဆင့် ခိုးဝင်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင်က အများသုံး ဝိုင်ဖိုင်တွေ အသုံးပြုလေ့ရှိတယ် (သို့) အမည်မသိ ဝက်ဆိုဒ်တွေထဲ မကြာခဏ ဝင်ရောက်တတ်တယ်ဆိုရင်တော့ anti-virus ဆော့ဖ်ဝဲကို မဖြစ်မနေ ထည့်ထားသင့်ပါတယ်။ Anti-virus ဆော့ဖ်ဝဲတွေက သင့်ကို ပိုလုံခြုံစေမှာပါ။

Ref: NewsRepublic “How Your Mobile Can Spy On You”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top