Wolverine ပြန်လာဦးမယ်လို့ ပြောလိုက်တဲ့ ဟုဖ် ဂျက်မန်း

46752321_2260173497534477_4878670179208265728_o.jpg

X-men စီးရီးတွေရဲ့နာမည်ကြီး ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Wolverine ရဲ့ပိတ်ကားပေါ်က အခန်းကဏ္ဍက ၂၀၁၇ခုနှစ် “Logan” ဇာတ်ကားမှာ ပြီးဆုံးသွားခဲ့ပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ Wolverine ဇာတ်ကောင်ဟာ ပြန်လည် ပါဝင်မယ်လို့ ယုံကြည်ကြောင်း Wolverine သရုပ်ဆောင် ဟုဖ်ဂျက်မန်း (Hugh Jackman) ကပြောကြားခဲ့ပါတယ်။

ဒီစကားကို “ဆန်းဒေး တူဒေး” လို့အမည်ရတဲ့ အပတ်စဉ် တီဗွီ အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေက သူတို့ရင်းနှီးနေကြ Wolverine ကာရိုက်တာကိုတော့ မမျှော်လင့်ထားသင့်ဘူးလို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဟုဖ်ဂျက်မန်း : “Wolverine ကာရိုက်တာကတော့ ပြန်လာမှာပါ။ တစ်ယောက်ယောက်ကတော့ ဒီကာရိုက်တာကို ဝယ်မှာပေါ့။ မပြောတတ်ဘူး”

အင်တာဗျူးသူ : “ဒါပေမယ့် ခင်ဗျားတော့ မဟုတ်ဘူးမလား”

ဟုဖ်ဂျက်မန်း : “မဟုတ်လောက်ဘူးဗျ။ ဒါပေမဲ့ ရိုင်ယန် (Ryan Reynolds) ကတော့ (ကျုပ်ပြန်ပါလာဖို့) အခုထိ ကြိုးစားတုန်းပဲ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Deadpool အဖြစ် သရုပ်ဆောင်သူ ရိုင်ယန်က ဟုဖ်ဂျက်မန်း ကို သူ့ရဲ့ Deadpool ကားတွေမှာ ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ မကြာခဏဆိုသလို တောင်းဆိုတတ်ပါတယ်။ ဒါပေမဲ့လည်း ဟုဖ်ဂျက်မန်းက ပါဝင်ဖို့ အမြဲ ငြင်းဆိုတတ်ပြီး အခုလောလောဆယ်အထိ Deadpool နဲ့ Wolverine အတူတကွ ပါဝင်တာဆိုလို့ “X-men Origins: Wolverine” ဇာတ်ကား တစ်ကားပဲ ရှိပါသေးတယ်။

“ဟုဖ်ကို Wolverine အဖြစ် ပြန်လာဖို့တောင်းဆိုရတာက တော်တော်မဖြစ်နိုင်မှန်းတော့ သိပါတယ်။ ဒါပေမယ့် ငါ သူ့ကို (ဟုဖ်) တစ်ကမ္ဘာလုံးမှာ အချစ်ဆုံးပဲ။ အခုသူ့ကို Logan အနေနဲ့တောင် တော်တော်လွမ်းနေပြီ။ ကျွန်တော်ကတော့ သူ့ကိုတွေ့တိုင်း “ဟေ့လူရာ။ လာပါ။ နောက်ဆုံးတစ်ကားလောက် အတူတူ လုပ်ရအောင်။ အဲဒါက ပျော်ဖို့ကောင်းမှာပါ။ လုပ်ပါဟ” ဆိုပြီး အမြဲပြောတတ်တယ်။ ဒါပေမဲ့ အဲဒါလည်း ကျွန်တော်ကချည်းပဲ ပြောနေရတာပါ” လို့ရိုင်ယန်က EW သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဟုဖ် ဂျက်မန်း ဆိုလိုချင်တာက တကယ်လို့ ”20th Century Fox” ကို ဒစ္စနေ (Disney) က ဝယ်ခဲ့မယ်ဆိုရင် သူ့ကာရိုက်တာ Wolverine ကို မင်းသား အသစ်နဲ့ ပြန်လည်ရိုက်ကူးလောက်တယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့ Deadpool မင်းသား ရိုင်ယန်နဲ့ ပရိသတ်တွေကတော့ Wolverine ကို မင်းသားအသစ်နဲ့ မရိုက်ခင်အထိ ဟုဖ်ဂျက်မန်း ကိုပဲ ပြန်လာစေချင်နေမှာ အသေအချာပါပဲ။

Ref: Comic book/Marvel “Hugh Jackman said Wolverine will return”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top