အောင်မြင်ကျော်ကြားသူနှင့်ခဏတာ

yyl-038.jpg

Kevin Chung သည် အောင်လအန်ဆန်နှင့်အတူ ၂ လတာကာလသာ လေ့ကျင့်ခဲ့ရသော်လည်း အောင်လ၏ အောင်မြင်မှု အရှိန်အဝါကို အမြဲခံစားနေရသည်။ “သူက သိပ်ကိုအကောင်းမြင်တတ်သူပါ” ဟု Chung က မြန်မာနိုင်ငံသား ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်သူ အောင်လ၏အကြောင်းကို မျှဝေခဲ့သည်။

“သူက အလုပ်သိပ်ကြိုးစားပြီး အလုပ်နဲ့ပတ်သတ်ရင်လည်း ကျင့်ဝတ်စောင့်ထိန်းတတ်သူဖြစ်တယ်။ သူအလုပ်လုပ်တဲ့ပုံစံကို ကျွန်တော်ကြည့်လိုက်တာနဲ့ သူက ချန်ပီယံဖြစ်ဖို့ထိုက်တန်တဲ့သူဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ၎င်းက ဆိုသည်။

Chung သည် အမေရိကန်ပြည်ထောင်စု၊ Elkridge ပြည်နယ်ရှိ Crazy 88 Jiu-Jitsu တွင် အောင်လအန်ဆန်နှင့် ခဏတာ အတူတွဲ၍ ပူးပေါင်းလေ့ကျင့်ခဲ့ရသော လေ့ကျင့်ရေးစခန်းကအကြောင်းများကို ပြန်ပြောင်းပြောပြနေခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံဖွား ကိုရီးယားနိုင်ငံသား Chung သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သည့် ONE: LEGENDS OF THE WORLD ပြိုင်ပွဲကြီးတွင် ဖိလစ်ပိုင်နိုင်ငံသား Kevin Belingon နှင့် ယှဉ်ပြိုင်မည့်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေစဉ် အောင်လနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

Chung နှင့် Aung La တို့သည် ဝိတ်တန်းလေးခုကွာခြားသောကြောင့် ကွဲပြားသော သက်ဆိုင်ရာလေ့ကျင့်မှုများပြုလုပ်ခဲ့ရသော်လည်း Chung သည် မြန်မာ့စပါးအုံး အောင်လအန်ဆန်၏ ဘဝကို အနီးကပ်လေ့လာခွင့်ရခဲ့သည်။ Axiata Arena ၌ ကျင်းပမည်ဖြစ်သော အဓိကတွဲဆိုင်းတွင် ဂျပန်နိုင်ငံသား Daichi Takena နှင့်ယှဉ်ပြိုင်သွားမည့် Chung က “ကျွန်တော်တို့ အတူလေ့ကျင့်ရတာမျိုးမရှိခဲ့ပေမဲ့ ကျွန်တော်တို့အချင်းချင်းကတော့ အဆက်အသွယ်ရှိပါတယ်” ဟု ပြောပြခဲ့သည်။

“ကျွန်တော်တို့သိတာတော့ကြာပြီဆိုပေမဲ့ ၂၀၁၇ ခုနှစ် ဂျူလိုင်လက မြန်မာနိုင်ငံမှာ ကျွန်တော် ပွဲဦးထွက် ပြိုင်ရတဲ့အချိန်မှာ ပိုရင်းနှီးသွားတာပါ။ သူ Vitaly Bigdash နဲ့ ဒုတိယအကြိမ် ထိုးသတ်မယ့်ပွဲအတွက် လေ့ကျင့်တုန်းက ကျွန်တော် သူ့အတွက် လက်ဝှေ့အိတ် ကိုင်ပေးခဲ့ရသေးတယ်။ ပြိုင်ပွဲပြီးတော့ သူလေ့ကျင့်နေတဲ့အားကစားရုံမှာ လာကစားဖို့ ကျွန်တော့်ကို ဖိတ်တယ်။ အဲဒီလိုနဲ့ ကျွန်တော် သွားပြီး လေ့ကျင့်ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်က သူတို့အဖွဲ့ဝင် မဟုတ်ခဲ့ပါဘူး။ ကျွန်တော် အဲဒီမှာ ၂ လလောက်ပဲ လေ့ကျင့်တာပါ။ သူက အခု ဖလော်ရီဒါမှာ လေ့ကျင့်နေပြီး အခြေအနေသိပ်ကောင်းနေပုံရပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါ အောင်လသည် အချိန်တိုအတွင်းနာမည်ကြီးလာသော Hardknocks 365 အားကစားရုံတစ်ခုတည်းတွင်သာ လေ့ကျင့်လျက်ရှိကာ၊ Chung မှာမူ Virginia ပြည်နယ်မြောက်ပိုင်းတွင် ကျော်ကြားသည့် ဘရာဇီးဂျူဂျစ်ဆုကျွမ်းကျင်သူ Leo Dalla ၏ လက်အောက်တွင်လေ့ကျင့်လျက်ရှိသည်။ လေ့ကျင့်သည့်နေရာများ မတူညီကြသော်လည်း Chung နှင့် အောင်လတို့၏ခင်မင်မှုသက်တမ်းသည် ၉ နှစ်တာပင် ပြည့်တော့မည်ဖြစ်သည်။

“DC-Maryland Virginia ပြည်နယ်က ကိုယ်ခံပညာသိုင်းပေါင်းစုံလောကက သိပ်ကိုကျဉ်းတယ်။ ၂၀၁၀ မှာ သူ အဲဒိကို ရောက်လာတော့ ကျွန်တော်နဲ့ ပထမဆုံးရင်းနှီးခဲ့တာ” ဟု Chung က ဆိုသည်။

“ကျွန်တော်တို့ ဒေသတွင်းပြိုင်ပွဲ ၂ ခုလောက်မှာဆုံဖြစ်ကြတယ်။ ကျွန်တော်ရော သူရော ပြိုင်ဖက်ကစားသမားကို အနိုင်ယူဖို့ ကစားကွက်တွေအကြောင်း စကားပြောဖြစ်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ “ဒီနှစ်ပိုင်းတွေမှာ ကျွန်တော် စကားတွေပိုပြောဖြစ်ခဲ့ပေမယ့် အခုတလော သူအလုပ်များနေတယ်။ ကျွန်တော်တို့အမြဲတမ်းတော့ အဆက်အသွယ်မလုပ်ဖြစ်ပါဘူး။ သူက အကောင်းဆုံးကြိုးစားပြီးအောင်မြင်နေပါတယ်” ဟု Chung က ဆိုသည်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော အောင်လသည် ကိုယ်ခံပညာအားကစားနှင့်ပတ်သက်လျှင် အရည်အချင်းပြည့်ဝသူဖြစ်ကြောင်း ယုံမှားဖွယ်ရာမရှိသလို စိတ်သဘောထားလည်း အလွန်ပြည့်ဝသူဖြစ်သည်ဟု Chung က ဖွင့်ဟခဲ့သည်။ “သူက လူဝင်ဆန့်တဲ့သူတစ်ယောက်ဖြစ်တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ သူပျော်တယ်” ဟု Chung က ဆိုသည်။

“သူ့ကိုကြည့်ရတာ အေးမယ့်ပုံဆိုပေမယ့် သူက လူမှုရေးကောင်းတဲ့သူပါ။ သူက လူတွေနဲ့ တွေ့ဆုံစကားပြောရတာ ကြိုက်တယ်။ တွေ့ရင်လည်း သူက အရင်စနှုတ်ဆက်တတ်ပြီး ကိုယ်ခံပညာအကြောင်းတွေ ဆွေးနွေးတယ်။ သူက စိတ်သဘောထားကောင်းတဲ့ လူကောင်းတစ်ယောက်ပါ” ဟု Chung က အဆုံးသတ် ပြောကြားသည်။

Ref: ONE Championship

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top