အင်ဒိုနီးရှား ငလျင်အတွင်း ပြေးလမ်းပေါ်ကနေ ပျံသန်းထွက်ခွာမယ့် လေယာဉ်အတွက် ကိုယ်ကျိုးစွန့် ကယ်တင်ခဲ့တဲ့ သူရဲကောင်း

4631038-6221995-image-a-14_1538234514485.jpg

ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၂၈ ရက်) က အင်ဒိုနီးရှားမှာ ပြင်းအား ၇.၅ မက်ဂနီကျူ ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခဲ့ပြီး ပေ ၂၀ ခန့်ရှိတဲ့ လှိုင်းလုံးကြီးတွေ တက်လာတဲ့အထိ ပြင်းထန်ခဲ့တဲ့ မြေငလျင်ဟာ ဘာတစ် လေကြောင်းလိုင်းက အမှတ် ၆၃၂၁ လေယာဉ်ရဲ့ ပြေးလမ်းကြောင်းကိုပါ ကွဲအက်စေခဲ့ပါတယ်။

လေယာဉ်အမှတ် ၆၃၂၁ ဟာ ခရီးသည် ရာချီပြီး တင်ဆောင်ထားခဲ့တာ ဖြစ်ပြီး ပြေးလမ်းပေါ်ကနေ ပျံသန်းထွက်ခွာဖို့ အခက်အခဲရှိနေချိန်မှာ အသက် ၂၁ နှစ်အရွယ်ရှိသူ အန်တိုနီးယပ်စ် ဂွမ်န်ဝမ် အောင်းဂ် ဟာ အသက်ကို ပဓာနမထားပဲ လေယာဉ်ကို ထိန်းချုပ်နိုင်ဖို့ ကူညီ စွမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ ထိန်းချုပ်စင်တာပေါ်က ဆင်းပြေးခဲ့ကြပါပေမဲ့ အောင်းဂ် ကတော့ ပြိုကျ ပျက်ဆီးနေဆဲ အဆောက်အဦပေါ်က ဆင်းမပြေးပဲ လေယာဉ်ကို လေထုထဲရောက်အောင် ထိန်းချုပ်နိုင်ဖို့ လေယာဉ်မှုးတွေကို ကူညီ လမ်းကြောင်းပြပေးခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ လေထဲကို ရောက်ရှိသွားခဲ့လို့ ငလျင်ဒဏ်ကနေ လွတ်မြောက်ခဲ့ပြီး ခရီးသည်တွေကော လေကြောင်းလိုင်း အဖွဲ့သားတွေကော အားလုံး အသက်ရှင်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်း လမ်းကြောင်းပြ ထိန်းချုပ်စင်တာဟာ လေယာဉ်ထွက်ခွာသွားပြီး ခဏအကြာမှာပဲ အပြင်းအထန် လှုပ်ရမ်းလာပြီး အကျိုးအပဲ့ အပျက်အစီးတွေ သူ့အပေါ်  ပြုတ်ကျလာချိန်မှာတော့ အောင်းဂ် ဟာ လေးလွှာမြောက် ပြတင်းပေါက်ကနေ ခုန်ချခဲ့ပါတော့တယ်။ ခြေထောက်ကျိုးတာအပြင် များစွာသော အတွင်းဒဏ်ရာတွေနဲ့သူ့ကို ဆေးရုံကို အပြေးအလွှားပို့ပေးခဲ့ကြပါတယ်။ အခြားပိုကောင်းတဲ့ အထူးကုဆေးရုံတစ်ခုကို ပို့ဆောင်ဖို့ ရဟတ်ယာဉ်တစ်စီး ခေါ်ဆောင်ခဲ့ကြသေးပေမဲ့လည်း ရဟတ်ယာဉ် မရောက်လာခင်မှာပဲ အောင်းဂ်ဟာ သေဆုံးသွားခဲ့ပါတယ်။

အောင်းဂ်ကို စွန့်လွှတ်သူရဲကောင်းအဖြစ် များစွာသော ချီးကျူး ဂုဏ်ပြုလက်ဆောင်တွေ ပေးပို့ခဲ့ကြပြီး သူရဲ့ ဈာပန အခမ်းအနားမှာ စစ်သားတွေက သူ့ရဲ့ ရုပ်အလောင်းကို သယ်ဆောင်ပေးခဲ့ကြပါတယ်။ အခုအချိန်မှာ သူ့ရဲ့ ၂၂ မြောက်မွေးနေ့ဟာလည်း လပိုင်းသာလိုတော့တာ ဖြစ်ပါတယ်။

နောက်ဆက်တွဲသတင်းတွေအရ ပါလု (Palu) မြို့ တစ်မ်ြို့တည်းတင် ယခုချိန်အထိ သေဆုံးသူ ၄၀၀ ခန့်ရှိပြီး ၅၄၀ ခန့် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒုတိယသမ္မတ ဂျူဆပ်ဖ် ကယ်လာ ကတော့ သေဆုံးမှုတွေဟာ ထောင်နဲ့ချီပြီး ရှိလာနိုင်တယ်လို့ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေပြီး ငလျင်ရဲ့ ဗဟိုလ်နဲ့ နီးကပ်တဲ့ မြို့တွေကတော့ လမ်းပန်းဆက်သွယ်ရေးတွေ၊ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။

မြို့တော်နှစ်ပတ်လည် ကျင်းပဖို့ ရည်ရွယ်ထားခဲ့တဲ့ ပါလုမြို့ရဲ့ ကမ်းခြေမှာလည်း သေဆုံးသူ ရုပ်အလောင်းတွေနဲ့ ဖုံးလွှမ်းခဲ့ပါတယ်။ပေ ၂၀ ခန့်မြင့်တဲ့ လှိုင်းလုံးတွေဟာ ကမ်းခြေတစ်လျောက် တစ်နာရီ မိုင် ၅၀၀ နှုန်းနဲ့ ဝင်ရောက် ရိုက်ခတ်ခဲ့ပြီး လူတွေ၊ ကားတွေ၊ အဆောက်အဦတွေကို ဆွဲချသွားခဲ့ကာ ထောင်ပေါင်းများစွာသော ပြည်သူတွေ အိမ်ခြေရာမဲ့ အဖြစ် ရောက်ရှိစေခဲ့ပါတယ်။

Ref: dailymail ”Indonesian air traffic worker sacrificed himself to guide jet into air”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top