အင်တာနက် အလွန်အမင်းစွဲလမ်းခြင်းကို လျှော့ချနိုင်ဖို့

Addicted-To-Internet-Face-Out-Of-Laptop-Picture-e1563618336818.jpg

အခုခေတ်မှာ ဆိုရှယ်မီဒီယာတွေ၊ အွန်လိုင်းဂိမ်းတွေ၊ အွန်လိုင်းက ကြည့်ရှုရတဲ့ ဇတ်လမ်းတွဲတွေ၊ အမြဲတမ်း အသစ်ထွက်နေတာဆိုတော့ အသက်မရွယ်မရွေး အချိန်မရွေး ဖုန်းအသုံးပြုနေကြတာကို တွေ့မှာပါ။

ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ် မှတ်တိုင်မှာ ကားစောင့်နေရင်းဖြစ်ဖြစ် စားစရာ မှာနေရင်းနဲ့ပဲဖြစ်ဖြစ်၊ ကော်ဖီသောက်ရင်းနဲ့ပဲ ဖြစ်ဖြစ် သုံးရင်းနဲ့ ရုန်းမထွက်နိုင်အောင် ဖြစ်တတ်ကြပါတယ်။ ကိုယ် သိပ်သတိမထားမိဘူးဆိုပေမယ့် အိပ်ချိန်နောက်ကျတာမျိုး ကျန်းမာရေးကိစ္စလေးတွေကအစ လူမှုရေးပြဿနာလေးတွေအထိ ဖြစ်ပေါ်တတ်ပါတယ်။ အောက်ပါနည်းလမ်းများကတော့ ဖုန်း၊ အင်တာနက်တို့အပေါ် အလွန်အမင်း စွဲလမ်းခြင်းကို လျှော့ချပေးဖို့ အကူအညီပေးနိုင်မှာပါ။

သွားလေရာ စာအုပ်တစ်အုပ် သယ်သွားပါ

လေ့လာချက်တွေရဲ့အဆိုအရ pdf မဟုတ်တဲ့ စာအုပ်များကို ဖတ်ရှုခြင်းက အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ အင်တာနက်အပေါ် အလွန်အကျွံ စွဲလမ်းမှုရဲ့ လက္ခဏာတစ်ခုက အလွယ်တကူ အာရုံပျံ့လွယ်နိုင်တာပါပဲ။ စာအုပ်ဖတ်ခြင်းက ဒါကို ကူညီဖြေရှင်းနိုင်ပါတယ်။

သူငယ်ချင်းများနဲ့ အပြင်သွားဖို့ အစီအစဉ်တွေဆွဲပါ

တစ်ကယ်လို့ သင်ဟာ လူကြောက်တတ်တဲ့သူ သို့မဟုတ် လူတွေနဲ့ သိပ်ရောရောနှောနှောနေတတ်သူ မဟုတ်ရင်တောင်မှ အပေါင်းအသင်းဆံ့သူ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ကြိုးစားကြည့်ပါ။ သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ကြ၊ စကားပြောကြ၊ ဘာလုပ်မလဲ အစီအစဉ်တွေချကြတာက သင့်ကို ဖုန်းနဲ့အဝေးကို အလိုလိုဆွဲခေါ်သွားမှာပါ။ လက်ရှိဘဝရဲ့ လူမှုဆက်ဆံရေးကိုလည်း တိုးတက်စေပါတယ်။

ကော်ဖီဆိုင်သွားရင် ဖုန်း သို့မဟုတ် လက်ပ်တော့ (laptop) ကို အိမ်မှာထားခဲ့ပါ

တစ်ခါတစ်လေ အပျင်းပြေ အိမ်နားက ကော်ဖီဆိုင်တို့ အအေးဆိုင်တို့ကို တစ်ယောက်ထဲ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ သွားခဲ့ရင် စိတ်အေးလက်အေး အနားယူပါ။ အာရုံနောက်စေမယ့် ဖုန်းတွေ လက်ပ်တော့တွေ ယူမသွားပါနဲ့။ စာအုပ်တစ်အုပ် ယူချင်ယူသွားပြီး ကော်ဖီကို အရသာခံသောက်ပါ။

တခြားပုံစံမျိုးနဲ့ ပြောင်းသုံးကြည့်ပါ

လက်ပ်တော့ ကွန်ပျူတာမှာ အလုပ်ကိစ္စတွေအတွက် စာတွေ note ထုတ်ထားမယ့်အစား စာအုပ်တစ်အုပ်အုပ်မှာ ချရေးတာမျိုးလုပ်ပါ။ e-book တွေ အင်တာနက်က ဖတ်နေမယ့်အစား တကယ့်စာအုပ်တွေကို စာအုပ်ဆိုင်က ဝယ်ဖတ်တာမျိုးလုပ်ပါ။ ဒါက သင့်ရဲ့ အာရုံစိုက်နိုင်စွမ်းနဲ့ စိတ်ဝင်စားမှုကို ပိုတိုးတက်စေနိုင်ပါတယ်။ နှိုးစက်နာရီကို ရိုးရိုးနာရီနဲ့ ထားတာမျိုး ဟင်းချက်နည်းတွေကို အင်တာနက်မှာ ရှာဖွေမယ့်အစား စာအုပ်ဝယ်ပြီး ချက်ကြည့်တာမျိုး လုပ်ကြည့်ပါ။

အချိန်အကန့်အသတ်နဲ့ လုပ်ဆောင်ကြည့်ပါ

တစ်နေ့တစ်နေ့ အင်တာနက်မှာ လူမှုကွန်ရက်တွေမှာ အချိန်ဖြုန်းတဲ့ အချိန်တွေဟာ နည်းမှာမဟုတ်ပါဘူး။ တစ်ရက် ၄.၇နာရီ ပျှမ်းမျှသုံးရင်တောင်မှ တစ်ပတ်ကို ၃၃နာရီလောက်ဟာ အချိန်ဖြုန်းမိလျက်သား ဖြစ်သွားပါတယ်လို့ Digital Treads က ဆိုပါတယ်။ တစ်ရက်ကို ဘယ်လောက်ပဲသုံးမယ်ဆိုတာ ကိုယ့်ဘာသာကိုယ် အချိန်အကန့်အသတ်ထားပါ။ တကယ်အကျိုးရှိတဲ့ နေရာတွေမှာ အချိန်ကို အကျိုးရှိရှိအသုံးချပါ။

Ref: This Incandescent Life: Five Everyday Habits to Fight Internet Addiction

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top