ကေပေါ့ပ်အဖွဲ့(၂) ဖွဲ့ရဲ့အဖွဲ့ဝင်တွေ ကိုဗစ်ပိုးတွေ့ရှိလို့ ဖျော်ဖြေရေးနယ်ပယ်မှာ စိုးရိမ်နေကြရ

4-12-2020-yyl-016.jpg

ကိုရီးယားဖျော်ဖြေရေးလောကမှာလည်း ကိုဗစ်ရောဂါကူးစက်မှုတွေရှိနေပါတယ်။ ကေပေါ့ပ်မိန်းကလေးအဖွဲ့ Everglow ရဲ့ အဖွဲ့ဝင် (၂) ဦးဖြစ်တဲ့ ရီရန် (Yiren) နဲ့ ဆီဟွန်း (Sihyeon) တို့ဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ အခုလို ကူးစက်ခံလိုက်ရတဲ့အတွက် ဖျော်ဖြေရေးလောကအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။

တရုတ်နိုင်ငံဖွား ရီရန်က ရောဂါပိုးရှိသူနဲ့ နိုဝင်ဘာ၂၂ ရက်နေ့မှာ ထိတွေ့မိခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းကျမှ ရောဂါပိုးရှိမှန်းသိခဲ့ရတာဖြစ်တယ်လို့ သတင်းထွက်ရှိထားပါတယ်။ ရီရန်ရဲ့ Everglow အဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးတီဗီရှိုး Yoo Hee-yeol’s Sketchbook အတွက် အသံသွင်းကာ ရိုက်ကူးရေးတွေပြုလုပ်ခဲ့ပါတယ်။ ရီရန်နဲ့ ဆီဟွန်းတို့က ကိုဗစ်ကူးစက်ခံခဲ့ရပေမဲ့ တီဗီရှိုးအစီအစဉ်မှာ ပါဝင်ရိုက်ကူးခဲ့ကြတဲ့လူတွေနဲ့ Everglowရဲ့အခြားအဖွဲ့ဝင်တွေကတော့ ကိုဗစ်ရောဂါပိုးမတွေ့ရှိခဲ့ရဘူးလို့သိရပါတယ်။

ယောက်ျားလေးအဆိုအဖွဲ့ Up1Otion ရဲ့အဖွဲ့ဝင် (၂) ဦးဖြစ်တဲ့ ဘစ်တို (Bitto) နဲ့ ဂိုဂယို (Kogyeol) တို့ ကိုဗစ်ပိုးရှိနေတယ်လို့ ဒီအပတ်မှာ အတည်ပြုပြီးတဲ့နောက် ဒီဇင်ဘာ ၁ ရက်နေ့မှာ ရီရန်နဲ့ ဆီဟွန်းတို့ရဲ့ရောဂါပိုးရလဒ်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဖွဲ့ (၂) ဖွဲ့ရဲ့အဖွဲ့ဝင်တွေ ကိုဗစ်ပိုးတွေ့ရှိမှုက သူတို့နဲ့အတူ Weekly Music Show (၂) ခုမှာ ပါဝင်ခဲ့တဲ့ ကေပေါ့စ်စတားတွေကို ရောဂါပိုးစစ်ဆေးဖို့ဖြစ်လာစေခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တောင်ကိုရီးယားနိုင်ငံမှာ ကောင်းကောင်းထိန်းချုပ်နိုင်တဲ့အတွက် ဖျော်ဖြေရေးလောကက တိုက်ရိုက်တင်ဆက်တဲ့ပွဲတွေကို မဖျက်သိမ်းဖြစ်ခဲ့ပါဘူး။ အခုလို ကေပေါ့အဖွဲ့ဝင်တွေ ရောဂါပိုးတွေ့ရှိလိုက်တဲ့အတွက် အနုပညာရှင်တွေ စိုးရိမ်မကင်းဖြစ်နေပြီး ဖျော်ဖြေရေးလောကက ပွဲကျင်းပမှုနဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားနေပါတယ်။

ကေပေါ့အဖွဲ့ (၂) ဖွဲ့လုံးနဲ့ ထိတွေ့မိခဲ့တဲ့ ကျန်ရှိနေတဲ့ Up1Otion အဖွဲ့ဝင်တွေ၊ NCT, Aespa, BtoB 4U, Pentagon အပါအဝင် လူတိုင်းကတော့ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ ဒါပေမဲ့ စီစဉ်ဆွဲထားတဲ့နှစ်ကုန်ရှိုးပွဲတွေ နီးကပ်လာနေတဲ့တာကြောင့် ရောဂါပိုးအတည်ပြုအဖွဲ့ဝင်တွေက တီဗီရှိုးအသံသွင်းရိုက်ကူးမှုမှာ ပါဝင်ခဲ့တဲ့အတွက် အစီအစဉ်ဆွဲထားတဲ့ရှိုးတွေကို ထိခိုက်မှာစိုးရိမ်နေရပါတယ်။

တချို့ကေပေါ့အနုပညာရှင်တွေနဲ့အဖွဲ့တွေကတော့ ရောဂါပိုးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ (၁၄) ရက်တာ Quarantine ခံယူနေကြပါတယ်။ Pentagon အဖွဲ့ကတော့ အဖွဲ့ဝင် ယိုဝမ် (Yeo One) က အတည်ပြုကိုဗစ်လူနာနဲ့ထိတွေ့မိခဲ့တဲ့အတွက် အွန်လိုင်းဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့တဲ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့မှာ အဖွဲ့ဝင်ဟွေး စစ်မှုထမ်းရမှာကိုလည်း ယာယီရွှေ့ဆိုင်းထားပါတယ်။

ကေပေါ့စတားတွေနဲ့သူတို့ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို စိုးရိမ်နေရတဲ့အတွက် အတည်ပြုကိုဗစ်လူနာတွေနဲ့ထိတွေ့မိခဲ့တဲ့သရုပ်ဆောင်နဲ့ရုပ်ရှင်အဖွဲ့သားတွေက ရောဂါပိုးစစ်ဆေးမှုခံယူနေရတာကြောင့် ရုပ်ရှင်ကားနဲ့ တီဗီဇာတ်လမ်းတွဲများစွာရဲ့ရိုက်ကူးထုတ်လွှင့်မှုကို ရပ်ဆိုင်းထားရပါတယ်။ ယနေ့အထိ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ (၃၅၀၀၀) ကျော်နဲ့ သေဆုံးသူ (၅၂၉) ဦးရှိနေတယ်လို့ သိရပါတယ်။

Ref: AsiaOne “K-pop stars’ positive Covid-19 tests spark fear of industry-wide cluster”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top