ကလေးငယ်တို့ ဘေးကင်းစေဖို့ မိဘတိုင်းသိသင့်တဲ့ အချက်လေးတွေ

yyl-017.jpg

မိမိရဲ့ကလေးငယ် ဘေးကင်းလုံခြုံဖို့ ဆိုတာ မိဘတိုင်းရဲ့တာဝန်ပါ။ ဒါကြောင့် မွေးစကနေ တောက်တောက်နဲ့ လျှောက်တဲ့ အရွယ်ထိ ကလေးငယ်လေး ဘေးကင်းနေစေဖို့ ပြုမူဆောင်ရွက်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ကားအတွင်း ဘေးကင်းစိတ်ချစေရန် နည်းလမ်းများ

• မော်တော်ကားနဲ့ ခရီးသွားရာမှာ အမြဲတမ်း ကလေးငယ်စီးတဲ့ ထိုင်ခုံငယ်လေးကို အသုံးပြုသင့်ပါတယ်။

• ထိုင်ခုံတပ်ဆင်ရာမှာ ပါဝင်တဲ့ အညွှန်းစာရွက်ကို သေချာစွာ ဖတ်ရှုပြီး စနစ်တကျ တပ်ဆင်သင့်ပါတယ်။

• ကားစီးချိန်မှာ ကလေးငယ်ကို ဘယ်တော့မှ ပေါင်ပေါ်တင်မစီးပါနဲ့။

• ကလေးငယ်ကို ကားရှေ့ခန်း ခရီးသည်ထိုင်ခုံနေရာမှာ ဘယ်တော့မှ မထားပါနဲ့။

• ကားကို အစဉ်အမြဲ သော့ခတ်ထားပြီး ကားသော့ကို ကလေးငယ်များနဲ့ ဝေးရာမှာ သိမ်းဆည်းပါ။

၂။ ကလေးငယ် ပြုတ်ကျလိမ့်ကျခြင်းမှ ကာကွယ်ခြင်း

• ကလေးငယ်ချီပိုးတဲ့ လွယ်ပိုးအိတ်ကို အသုံးပြုတယ်ဆိုရင် အမြဲတမ်း ကြမ်းပြင်ပေါ်မှာပဲ ထားထားပါ။ မြင့်တဲ့နေရာ ဒါမှမဟုတ် စားပွဲပေါ်မှာ ဘယ်တော့မှ မထားပါနဲ့။

• ခုတင်ပေါ်၊ ဆိုဖာပေါ်၊ စားပွဲပေါ် စတဲ့ ကလေးငယ် လိမ့်ကျ ပြုတ်ကျနိုင်တဲ့ နေရာတေါမှာ ကလေးငယ်ကို တစ်ယောက်တည်း လုံးဝမထားခဲ့ပါနဲ့။ တစ်စက္ကန့်ကလေး မျက်နှာလွှဲလိုက်တာနဲ့တောင် မတော်တဆဆိုတာ ဖြစ်သွားနိုင်ပါတယ်။

၃။ ကလေးငယ်ကို ဆေးလိပ်ငွေ့အန္တရာယ်၊ မီးအန္တရာယ်မှ စိတ်ချစေခြင်း

• ကလေးငယ်အနီးမှာ ဆေးလိပ်မသောက်ပါနဲ့။ ကလေးငယ်အနား ဆေးလိပ်သောက်ခြင်းကိုလည်း ခွင့်မပြုပါနဲ့။ ပြင်ပ ဆေးလိပ်ငွေ့ဆိုလျှင်တောင် ဆေးလိပ်အမှုန်လေးတွေက ကလေးငယ်ကို ဆိုးကျိုးပေးနိုင်ပါတယ်။
• အိမ်မှာ မီးသတ်ဆေးဘူး ဆောင်ထားသင့်ပါတယ်။

၄။ မီးလောင်ကျွမ်းမှုအန္တရာယ်မှ ကာကွယ်ခြင်း

• ကလေးငယ်ကို ချီထားစဉ်မှာ ပူတဲ့အရည်တစ်မျိုးမျိုးကို မကိုင်ထားသင့်ပါဘူး။

• နို့ဘူးကို မိုက်ခရိုဝေ့ဗ်နဲ့ အပူမပေးပါနဲ့။ မိုက်ခရိုဝေ့ဗ်ရဲ့အပူဟာ မညီမျှတာကြောင့် ကလေးငယ် သောက်သုံးမယ့် ဖော်မြူလာနို့ထဲမှာ အပူစက်အလုံးလေးတွေဖြစ်ပေါ်စေပြီး ကလေးငယ်ရဲ့ ပါးစပ်ကို အပူလောင်စေနိုင်ပါတယ်။ နို့ဘူးလေးကို ရေနွေးပူပူလောင်းချပေးခြင်း ဒါမှမဟုတ် ရေပူဇလုံထဲကို နို့ဘူးပုလင်းကို စိမ်ပေးပြီးတော့ အပူပေးနိုင်ပါတယ်။ ကလေးငယ်ကို မတိုက်ခင်မှာ လက် ဒါမှမဟုတ် လက်ကောက်ဝတ်ပေါ်မှာ အပူချိန်ကို သေချာအောင် စမ်းသပ်ကြည့်သင့်ပါတယ်။

၅။ မတော်တဆဖြစ်ရပ်များမှ ကာကွယ်ခြင်း

• ချွန်ထက်တဲ့ အရာများ (ဓား၊ ကတ်ကြေး၊ ဘလိတ်ဓား) နဲ့ အခြားအန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းများ (ဖန်ပစ္စည်း၊ ပုတီးလုံး၊ ပင်အပ်၊ ဆေးဝါးများ) စတဲ့ပစ္စည်းများကို ကလေးငယ်လက်လှမ်းမမှီနိုင်တဲ့ လုံခြုံစိတ်ချရတဲ့ နေရာများမှာ ထားသင့်ပါတယ်။

• ကလေးငယ်ကို လှုပ်ခါရမ်းခြင်း၊ လေထဲပစ်မြောက်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။ ဒီလိုပြုလုပ်ခြင်းဟာ ဦးနှောက် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

• ကလေးငယ် အိပ်ပျော်နေစဉ်မှာတောင် သူ့ရဲ့မောင်နှမ တစ်ဦးဦး ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်နဲ့အတူ တစ်ယောက်တည်း မထားခဲ့ပါနဲ့။

• စားပွဲကနေ ဆွဲချနိုင်မယ့် စားပွဲခင်းများ မထားရှိပါနဲ့။

• ကလေးငယ်အပေါ် ပြုတ်ကျလာနိုင်တဲ့ လျှပ်စစ်ပစ္စည်းများကို စားပွဲအမြင့်မှာ ထားရှိခြင်းအား ရှောင်ရှားပါ။

၆။ ရေချိုးစဉ် ဘေးကင်းစိတ်ချရန် ဆောင်ရွက်နည်း

• ကလေးငယ်ကို ရေထဲ မထည့်ခင် ရေအပူချိန်ကို အရင်စမ်းသပ်ပါ။ ရေထဲ တံတောင်နှစ်ပြီး စမ်းသပ်တာဟာ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

• ရေချိုးကန်ထဲမှာ ကလေးငယ်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။
• Dryer များ၊ ရေဒီယိုစတဲ့ လျှပ်စစ်ပစ္စည်းတွေကို ကလေးငယ်ရေချိုးတဲ့ နေရာနဲ့ ဝေးဝေးမှာ သိမ်းဆည်းထားပါ။

၇။ စိတ်ချရသည့် အရုပ်များဖြင့် ဆော့ကစားစေခြင်း

• ကလေးငယ်ရဲ့အရုပ်များကို မကြာခဏ စစ်ဆေးပါ။ အရုပ်တွေဟာ ကျိုးတတ်တဲ့ ပစ္စည်းမျိုးမဖြစ်ပါစေနဲ့။ ကလေးငယ် ပါးစပ်ထဲထည့်ပြီး ဝါးလို့ရနိုင်မယ့် သေးငယ်တဲ့အရုပ်လေးတွေ၊ ကျိုးနိုင်တဲ့အရုတ်တွေ၊ ချွန်ထက်တာမျိုးတွေ မဖြစ်ပါစေနဲ့။ ကလေးငယ်နဲ့ ထားပေးသင့်တဲ့ အရုပ်များဟာ ကလေးငယ်ရဲ့ ပါးစပ်ပေါက်ထက် ပိုကြီးမားသင့်ပါတယ်။

• ပူဖောင်းများနဲ့ ကစားရာမှာ ပေါက်ပြီး အသက်ရှုကျပ်တာမျိုးမဖြစ်အောင် သတိထားဆောင်ရွက်ပါ။

၈။ အသက်ရှုကျပ်ခြင်း လည်ပင်းအစ်ခြင်းမှ ကာကွယ်ခြင်း

• ကလေးငယ်ရဲ့လည်ပင်းမှာ ကြိုးများ လုံးဝပတ်ပေးပါနဲ့။ ကလေးငယ်ရဲ့ ပုခက်အနီးကြိုးများ မထားပါနဲ့။ ကြိုးများ ကြယ်သီးများဟာ ကလေးငယ်ကို လည်ပင်အစ်ခြင်းဖြစ်စေနိုင်တဲ့အတွက် သတိထားဆောင်ရွက်ပါ။

• ထိခိုက်ဒဏ်ရာရစေနိုင်ပြီး မျိုချမိတဲ့အခါ အသက်ရှုကျပ်စေနိုင်တဲ့ သေးငယ်တဲ့ အရာလေးများကို ဝေးဝေးမှာထားပါ။

၉။ ကလေးငယ်ရဲ့ အစားအသောက် ဘေးကင်းစေရေး

• ကလေးငယ်ကို နို့ဘူးပေးထားပြီး တစ်ယောက်တည်း မထားခဲ့ပါနဲ့။ နို့ဘူးပုလင်းနဲ့အတူ ကလေးငယ်ကို မသိပ်ပါနဲ့။

• မုန်လာဥနီအစိမ်း၊ မခွံမနွှာရသေးတဲ့ ပန်းသီး၊ မြေပဲ၊ မာသော သကြားလုံးများနဲ့ လည်ပင်း တစ်ဆို့ခြင်းကို ဖြစ်စေနိုင်တဲ့ အခြားအစားအစာများကို ကလေးငယ်အား ကျွေးခြင်းကို ရှောင်ပါ။

၁ဝ။ ဘေးကင်းစွာ အိပ်ပျော်စေခြင်း

• ရုတ်တရက် သေဆုံးခြင်းဘေးအန္တရာယ် မဖြစ်ပေါ်စေဖို့ ကလေးငယ်များကို အိပ်ရာနဲ့ ကျောပြင်ကပ်စေပြီး ပက်လက်အနေအထား အိပ်စေသင့်ပါတယ်။

• ကလေးငယ်ကို အသက်ရှုကျပ်စေမယ့် ပျော့ပျောင်းတဲ့ အိပ်ရာပစ္စည်းများကို ရှောင်သင့်ပါတယ်။

• ကလေးငယ်ဟာ ကားထိုင်ခုံ၊ ကလေးငယ် လွယ်ပိုးထဲမှာ အိပ်ပျော်နေမယ်ဆိုရင် ကလေးငယ်ကို ညီညာတဲ့ မျက်နှာပြင်ပေါ်မှာ အိပ်ပါစေ။

 

Htet Htet Tin Zar (ရိုးရာလေး)

Ref : Keeping Your Baby Safe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top