မြောက်ကိုရီးယားပြည်သူတွေကို တောင်းပန်ရင်း မျက်ရည်ကျခဲ့တဲ့ ကင်ဂျုံအန်

16-10-2020-yyl-031.jpg

အနောက်နိုင်ငံတွေက လူ့အခွင့်အရေးချိုးဖောက်သူ၊ အာဏာရှင်ဆန်လွန်းသူလို့ သမုတ်ကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့စနေနေ့က ကျင်းပခဲ့တဲ့ အလုပ်သမားပါတီ တည်ထောင်မှု ၇၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနားမှာ ပြည်သူတွေကို တောင်းပန်ရင်း မျက်ရည်ကျခဲ့ပါတယ်။ မြောက်ကိုရီးယားပြည်သူတွေရဲ့ လူနေမှုဘဝအဆင့်အတန်းကို မြင့်တင်ပေးနိုင်ခြင်းမရှိလို့ ကင်ဂျုံအန်က တောင်းပန်ခဲ့ပြီး သဘာဝဘေးအန္တရာယ်တွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါတွေ ရင်ဆိုင်ရချိန်မှာ ရင်ဆိုင်တွန်းလှန်ပေးခဲ့တဲ့ မြောက်ကိုရီးယားစစ်သည်တွေကို ဂုဏ်ပြုခဲ့ပါတယ်။

” ကျွန်တော့်အပေါ် ထားရှိတဲ့ မြောက်ကိုရီးယားပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုက ကောင်းကင်ကြီးလောက်မြင့်ပြီး ပင်လယ်ပြင်လောက် နက်ရှိုင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြည်သူတွေကို အမြဲတမ်း စိတ်ကျေနပ်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့ဘူး” လို့ ပြောနေချိန်မှာ ကင်ဂျုံအန်က စို့နင့်ပြီး အသံတိမ်ဝင်သွားခဲ့သလို မိန့်ခွန်းနားထောင်နေတဲ့ စစ်သည်တွေကလည်း မျက်ရည်ကျခဲ့ပါတယ်။ ဒီနောက်မှာ ကင်ဂျုံအန်က ” အဲဒီအတွက် ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်”လို့ တောင်းပန်ခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်တာ၊ တခြားစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ဧရာမအောင်ပွဲဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။ ” ကျွန်တော်တို့ပြည်သူတွေက အလုပ်သမားပါတီကို အမြဲတမ်းကျေးဇူးတင်လေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကျေးဇူးတင်၊ ဦးညွှတ်ထိုက်သူတွေကတော့ ပြည်သူတွေကိုယ်တိုင်ပါပဲ” လို့ ကင်ဂျုံအန်က ပြောပါတယ်။ ‘ ကင်ဂျုံအန်က အခုလိုနှိမ့်ချပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတာ၊ စို့နင့်ခံစားပြီး မျက်ရည်ကျခဲ့တာတွေက အရမ်းထူးခြားတယ်၊ လိုအပ်ချက်ကို လူသိရှင်ကြား ထုတ်ပြောတတ်ပြီး ဟောဟောဒိုင်းဒိုင်း ပြောတတ်သူတစ်ယောက်အတွက်တောင် ထူးခြားနေတယ်’ လို့ လွတ်လပ်တဲ့ သုတေသီ ရေချယ်မင်ယောင်လီက ပြောပါတယ်။

စစ်ရေးပြပွဲအခမ်းအနားမှာ ဧရာမ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို မိတ်ဆက်ပြသနေတုန်း ပြုံးရွှင်နေခဲ့တဲ့ ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံ စီးပွားရေးအခက်အခဲတွေ ကြုံရတာဟာ နိုင်ငံတကာ အရေးယူပိတ်ဆို့မှု၊ ကိုဗစ်-၁၉ ကပ်ဘေး၊ တိုင်ဖွန်းမုန်တိုင်းနဲ့ ရေကြီးရေလျှံမှု အစရှိတာတွေကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Ref: Reuters and Guardian

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top