အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ

ရိုးရာလေး ပရိသတ်အားလုံး မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍမှ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာ ကျွန်တော်က ခါတိုင်းလို စာအုပ် နှစ်အုပ်၊ သုံးအုပ် စသည်ဖြင့် မညွှန်းတော့ဘဲ စာအုပ်တစ်အုပ်တည်းအကြောင်းကိုပဲ ပြောပြချင်ပါတယ်။ ဒါပေမဲ့ စာအုပ်အကြောင်း မပြောခင် ကျွန်တော် ပုံပြင်လေးတစ်ပုဒ်ကို အရင်ပြောပြပါရစေ…

 

ဒုတိယကမ္ဘာစစ်တုန်းက နာဇီတွေ ဘယ်လောက်ဆိုးသွမ်းခဲ့တယ်ဆိုတာကိုတော့ အားလုံးအသိဖြစ်မှာပါ။ ဂျူးလူမျိုးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာကြောင့် ကမ္ဘာ့သမိုင်းမှာ အဆိုးရွားဆုံး ရက်စက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သေးတာပေါ့.. ဒီဖြစ်ရပ်ဟာ ဒီပုံပြင်လေးရဲ့ အစပါပဲ…

ဂျာမနီနိုင်ငံအတွင်း အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ ဂျူးလူမျိုး မိသားစုတစ်ခုပေါ့.. အဖေရယ်၊ အမေရယ်၊ သမီးလေး နှစ်ယောက်ရယ်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးနေကြသူတွေလေ… အိမ်ထောင်ဦးစီး ဖခင်ကတော့ ပထမကမ္ဘာစစ်တုန်းက ဂျာမနီစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတစ်ဦးပါ… ဟစ်တလာ အာဏာရလာပြီး ဂျူးလူမျိုးတွေကို ရန်ရှာတော့ စစ်မှုထမ်းဟောင်းတွေ ဘာတွေလည်း တွေးမနေတော့ဘူးနဲ့ တူပါရဲ့လေ.. နီးရာဓား နာဇီတွေကို ကြောက်ရတဲ့ ဂျူးလူမျိုးတွေထဲမှာ သူတို့မိသားစုလေးလည်း အပါပေါ့… ကိုယ့်မိသားစု လုံခြုံရေးအတွက် ဟော်လန်နိုင်ငံကို ပြောင်း အမ်စတာဒမ်မှာ အဖေဖြစ်သူက ကုမ္ပဏီထောင် စီးပွားရှာ၊ သမီးလေး နှစ်ယောက်က ကျောင်းတက်ပေါ့….

ဒီလိုနေကြရင်း ၁၉၄၀လောက်မှာ နာဇီတွေက ဟော်လန်ကို ကျူးကျော်လာကြပါပြီ။ အဲဒီမှာ ဒုက္ခရောက်တော့တာပါပဲ.. ဟိုမသွားရ၊ ဒီမလာရ၊ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရတွေကနေ တဖြည်းဖြည်း ပိုဆိုးလာပြီး ဂျူးတွေကို ဖမ်း၊ အော့ဇ်ဝစ် (အကျဉ်းခန်း) ကိုပို့.. ဆိုတော့ ပြေးတဲ့သူကပြေး၊ ပုန်းတဲ့သူက ပုန်းပေါ့လေ… ဟိုမိသားစုလေးကလည်း ဘာနဲ့ထုထားတာမို့လဲ? သူတို့လည်း ပြေးလွှားပုန်းအောင်းဖို့ ကြံစည်ကြရတော့တာပေါ့…

ပြေးလွှားတာထက် ပုန်းအောင်းနေတာက ပိုကောင်းမယ်လို့ ယူဆတဲ့ ဒီမိသားစုလေးဟာ ဖခင်ဖြစ်သူ ကုမ္ပဏီခန်းရဲ့ ထပ်ခိုးလေးမှာ အခြားမိသားစုနဲ့အတူ ပုန်းအောင်းကြပါတော့တယ်.. လူအတိအကျဆိုရင်တော့ ၈ယောက်ပေါ့…. ဒီလိုပုန်းအောင်းနေရတဲ့ အချိန်အတွင်းမှာပဲ သမီးအငယ်လေးက သူခံစားရတဲ့ အဖြစ်တွေကို အဖေလက်ဆောင်ပေးထားတဲ့ ဒိုင်ယာရီ စာအုပ်လေးတွေမှာ ရေးတော့တာပါပဲ…

ဒီကလေးမကလေးဟာ သူတွေးမိသလောက်ကလေးနဲ့ စစ်ကြီးပြီးသွားဖို့၊ မိသားစုတွေ အေးချမ်းဖို့ မျှော်လင့်ခဲ့ပေမဲ့ ၁၉၄၄၊ ဩဂုတ်လ ၁ရက် အင်္ဂါနေ့အတွက် ဒိုင်ယာရီရေးပြီး အဲဒီနေ့မှာပဲ သတင်းပေးတွေကြောင့် အဖမ်းခံရပြီး အော့ဇ်ဝစ်ကို အပို့ခံလိုက်ရပါတယ်။ မိခင်ဖြစ်သူကတော့ အဲဒီမှာပဲ အစာပြတ်တဲ့ဒဏ်နဲ့ သေဆုံးသွားခဲ့ပြီး ညီအစ်မလေးနှစ်ယောက်ကတော့ Bergen Belsen အကျဉ်းစခန်းကို ရောက်သွားတော့တာပေါ့.. အဲဒီ အကျဉ်းစခန်းမှာပဲ ညီအစ်မနှစ်ယောက်လုံး တိုက်ဖွိုက်နဲ့ သေဆုံးခဲ့ရပါတယ်…

ကလေးမလေး ရေးခဲ့တဲ့ ဒိုင်ယာရီကိုတော့ သူတို့နဲ့ အတူ ပုန်းအောင်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်က သိမ်းဆည်းထားပေးခဲ့ပါတယ်။ စစ်ကြီးပြီးလို့ အသက်ရှင်သန် လွတ်မြောက်ခဲ့တဲ့ ဖခင်က သမီးဖြစ်သူ ဒတ်ခ်ျဘာသာနဲ့ ရေးထားတဲ့ ဒိုင်ယာရီ စာအုပ်လေးတွေကို အင်္ဂလိပ်ဘာသာကို ပြန်ဆိုပုံနှိပ်ပြီး ထုတ်ဝေခဲ့ရာက ကမ္ဘာကျော်သွားပါတော့တယ်.. ဟုတ်ပါတယ်… ပုံပြင်ထဲက ကလေးမလေးက Anne Frank (အန်နီဖရန့်ခ်- အန်းဖရန့်ခ်လို့လည်း ခေါ်ကြပါတယ်) ပါ။ သူပုန်းခိုနေရတဲ့ ထပ်ခိုးလေးကို Secret Annexeလို့ သူကလေးကပဲ နာမည်ပေးထားပြီး ဒိုင်ယာရီကို စရေးတဲ့အချိန်တုန်းက အသက် ၁၃နှစ်သာသာပါ။ စရေးတဲ့နေ့ကတော့ ၁၉၄၂ ဇွန်လ ၁၃ရက်၊ စနေနေ့ဖြစ်ပြီး နောက်ဆုံးရေးခဲ့တာကတော့ အပေါ်မှာ ပြောခဲ့တဲ့ သူအဖမ်းခံရတဲ့ နေ့အထိပါပဲ… သူတို့ ပုန်းအောင်းခဲ့ရတဲ့ အချိန်ဟာ နှစ်နှစ်လောက် ကြာခဲ့ပြီး ရေးသားခဲ့တဲ့ ဒိုင်ယာရီပေါင်း ၈ဝရှိခဲ့ပါတယ်….

စစ်ကြီးအတွင်း သူတို့လေးတွေ ကြုံတွေ့ရတဲ့ ဘဝတွေ၊ ကျီးလန့်စာစား အခြေအနေတွေနဲ့ ဘယ်အချိန်မှာများ အဖမ်းခံလိုက်ရမလဲ.. ဘယ်အချိန်များအသတ်ခံလိုက်ရမလဲ တွေးကြောက်ခဲ့ရတဲ့ အချိန်တွေ၊ သေနတ်သံတွေ၊ ယမ်းငွေ့တွေ၊ မီးခိုးတွေ၊ ဗုံးတွေ ကြားက သနားစရာလူတွေရဲ့ ဘဝတွေကို သူ့ရဲ့ ဒိုင်ယာရီလေးမှာ အတိုင်းသားတွေ့နိုင်ပါတယ်။ စိတ်ကူးယဉ်ရေးသားထားတာမဟုတ်တဲ့ သူ့ရဲ့ ဒိုင်ယာရီထဲက စကားတွေ၊ စာသားတွေဟာ ကြေကွဲစရာ၊ သနားစရာ၊ ခြောက်ခြားစရာ တစ်ခါတလေတော့လည်း စိတ်ကစားတတ်တဲ့ ကလေးမလေးရဲ့ ချစ်စရာဟန်လေးတွေ ထင်ဟပ်နေတာပါပဲ..

ဒါကြောင့်ပဲ သူကလေးကို လူတွေကတော့ “Author of Diary” လို့ တင်စားခဲ့ကြပါတယ်… အင်း အသက်အငယ်ဆုံး ကမ္ဘာကျော် စာရေးဆရာမကလေးလို့ပဲ ခေါ်ရမလားမသိပေမဲ့ သူ့စာအုပ်လေး ကမ္ဘာကျော်ချိန်မှာ သူဟာ လောကကြီးက နှုတ်ဆက်ထွက်ခွာပြီးခဲ့ပါပြီ.. ဘယ်လောက်တောင် ကြေကွဲစရာကောင်းလဲနော်… ရိုးရာလေး ပရိသတ်ကြီး ဖတ်ချင်တယ်ဆိုရင်တော့ဖြင့် “The Diary of a Young Girl” ဆိုတဲ့ နာမည် ဒါမှမဟုတ် “The Diary of Anne Frank” ဆိုတဲ့ နာမည်နဲ့ မူရင်းစာအုပ်ကို ဖတ်ရှုနိုင်ပါတယ်။

ဒီအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်တွေလည်း အများကြီးရှိသလို ဘာသာစကားပေါင်းများစွာနဲ့လည်း ဘာသာပြန်ခဲ့ပြီးကြပါပြီ။ မြန်မာဘာသာပြန်ဆိုရင်တော့ "အမှောင်ထဲက မှတ်တမ်း" နာမည်နဲ့ ရှိပါတယ်။ သူတို့ပုန်းအောင်းခဲ့တဲ့ နေရာလေးနဲ့ မူရင်း ဒိုင်ယာရီကို ဟော်လန်အစိုးရက အမွေအနှစ်အဖြစ် ထိန်းသိမ်းထားပါတယ်တဲ့...

စစ်ဆိုမှဖြင့် ဘယ်သူမှ မကြုံချင်ကြသလို ဘယ်သူမှလည်း တိုက်ချင်ကြမယ် မထင်ပါဘူး။ ဘာကြောင့်ပဲ စစ်ဖြစ်ဖြစ် လူတွေရဲ့ အသက် သွေးတွေ စတေးရတော့တာပါပဲ… စစ်ဖြစ်တဲ့ ဒေသတွေမှာ နေထိုင်နေရသူတွေလည်း အန်နီဖရန့်ခ်လို အဖြစ်မျိုးတွေ ကြုံခဲ့ရမယ်ထင်ပါတယ်။ မျှော်လင့်ချက်တွေ ထားခဲ့ကြမယ်ထင်ပါတယ်။ စစ်ကြီးပြီးဆုံးစေလိုတဲ့ ဆန္ဒကိုယ်စီ ရှိကြမယ်ထင်ပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကြီး ငြိမ်းချမ်းရေးရဖို့ အခရာ အကျဆုံးက လူသားတွေပဲ မဟုတ်လား…

“We are luckier than millions of people. It is quiet and safe here. We have money to buy food”

(Anne Frank)

ကျွန်မတို့က သန်းပေါင်းများစွာသော လူတွေထက် ကံကောင်းနေပါသေးတယ်။ ဒီနေရာက တိတ်ဆိတ်လုံခြုံတယ်လေ.. စားစရာတွေ ဝယ်ဖို့ ပိုက်ဆံတွေလည်း ကျွန်မတို့မှာ ရှိနေသေးတာမဟုတ်လား”

Angelic Demon (ရိုးရာလေး)

www.yoyarlay.com