သင့်ကလေးကျောင်းမသွားချင်တဲ့အခါ

ကျောင်းမသွားချင်လို့ နေမကောင်းချင်ယောင်ဆောင်တာတွေ၊ ငိုတာတွေနဲ့ သင့်ကိုတွယ်ကပ်ပြီး ဂျီကျနေပြီဆိုတာ ကျောင်းစတက်တဲ့အရွယ်မှာ ကြုံတွေ့ရတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့လွတ်လပ်ချင်စိတ်ကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးရဲ့စိုးရိမ်စိတ်တွေကြောင့် ဖြစ်နိုင်တယ်ဆိုတာကိုလည်း

သတိထားဖို့လိုပါတယ်။ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ မိဘတစ်ယောက်အနေနဲ့ ကျောင်းကို ပြန်ပို့ဖို့အတွက် နည်းဗျူဟာလေးတွေ အများကြီးရှိပါတယ်။

ပထမဆုံးအချက်က ကြောက်ရွံ့မှုကို လျော့ချပေးပါ။ ကျွန်မတို့က သူငယ်တန်းနဲ့ မူလတန်းတွေဟာ မပြင်းထန်ဘူးလို့ ထင်ကြပါတယ်။ ဒါပေမဲ့ ကလေးတွေအတွက်တော့ ကျောင်းဆိုတာ ခက်ခဲတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးကို သူကြိုက်တဲ့အစားအသောက်တွေကျွေးရင်း ထွေးပွေ့ပြီးဖြစ်ဖြစ် အနားယူစေသင့်ပါတယ်။ ကလေးနေမကောင်းဖြစ်တဲ့အခါ ကျောင်းမှာ ခက်ခက်ခဲခဲ စာသင်နေရတာထက် အိမ်မှာပဲ နေချင်စိတ်တွေဖြစ်လာမိမှာပါ။

အသက် ၅ နှစ်ကစပြီးတော့ ကလေးဟာ စိုးရိမ်စိတ်တွေ များလာတတ်တာ သဘာဝပါပဲ။ ကလေးတွေဟာ သူတို့နေထိုင်တဲ့ဘဝနဲ့ ဘယ်လောက်ပဲ နေသားကျပါစေ သေဆုံးမှုတွေ၊ အနာတရဖြစ်တာတွေ ဒါမှမဟုတ် မိဘအနားမှာမရှိတာတွေ အထူးသဖြင့် သတင်းမှာ ကြောက်စရာတစ်ခုခု တွေ့လိုက်ရင် ကြောက်ရွံ့စိတ်တွေ ပိုပြီးဖြစ်လာတတ်ပါတယ်။ သူတို့ကျောင်းမှာရှိနေတဲ့အချိန် သူတို့မိဘ ဒါမှမဟုတ် သူတို့ဆီမှာ အန္တရာယ်တစ်ခုခု ဖြစ်တော့မလားဆိုပြီး စိုးရိမ်နိုင်ပါတယ်။ ကလေးတွေဟာ အဲဒီအသက်အရွယ်မှာ လွတ်လပ်မှုကို ကြိုက်ပေမဲ့ စိုးရိမ်ပြီး ကြောက်ရွံ့နေတတ်ပါတယ်။

အိမ်က ပျော်စရာလေးတွေကို လျော့ပေးပါ။ တစ်ခါတစ်လေ ကလေးတွေဟာ အိမ်မှာနေချင်လို့ ကျောင်းမသွားချင်တတ်ကြပါဘူး။ သင့်ကလေးဟာ မနက်ကျရင် ခေါင်းကိုက်တာ စသဖြင့် သူတကယ် နေမကောင်းသလို ဟန်ဆောင်တတ်ပါတယ်။ ကလေးဟာ တကယ်အဖျားမရှိဘူး၊ မအန်ဘူး၊ တခြားလက္ခဏာတွေလည်း မရှိဘူးဆိုရင် ကျောင်းသွားဖို့ ကြိုးစားပြီး ပြောကြည့်ပါ။ ကလေး အိမ်မှာရှိတဲ့နေ့ဆိုရင် ကလေးကို စောင့်ကြည့်သင့်ပါတယ်။ ဒါပေမဲ့ သူ့ကို တီဗွီအကြာကြီး မကြည့်ပါစေနဲ့။ ဂရုလည်း အရမ်းမစိုက်ပါနဲ့။ ကလေးဟာ နေမကောင်းချင်ယောင်ဆောင်တဲ့နေ့က ပျော်စရာမကောင်းဘူးဆိုတာ သိသွားရင် ကျောင်းသွားချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။စိတ်သက်သာရာရအောင် လုပ်ပေးပါ။ သင့်ကလေးဟာ ကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုးတွေရှိနေတယ်၊ မပြောပြတတ်ပေမဲ့ သူဘာကို ရှောင်လွှဲချင်တယ်ဆိုတာ သူနားလည်နေတတ်ပါတယ်။ ဥပမာ ကလေးက ဗိုက်အောင့်လို့ ကျောင်းမသွားချင်ဘူးလို့ပြောတယ်ဆိုပါစို့။ အဆက်အစပ်ရှိတာလေးတစ်ခုကို ပြောပြပြီး ကလေးကိုယ်တိုင်ဖွင့်ဟပြောနိုင်ဖို့ ကြိုးစားကြည့်ပါ။ ‘သားသိလား၊ ဟိုတစ်ခါ မေမေဗိုက်အောင့်တုန်းကလေ အပြင်သွားဖို့ နောက်ကျမှာကို အရမ်းစိတ်ပူနေတာ…ဒါပေမဲ့ ဘယ်လိုအချိန်မီအောင်လုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေရင်း ဗိုက်အောင့်တာပျောက်သွားရော၊ သားရော ဘာတွေစိုးရိမ်နေတာလဲ’ လို့ ကလေးကို ချော့ပြီး မေးကြည့်ပါ။ ဒီလိုမေးတာတောင်မှ သူမပြောဘူးဆိုရင် သူ့ဆရာမနဲ့ ဆွေးနွေးကြည့်ပါ။

နောက်ဆုံးတစ်ချက်ကတော့ ပြဿနာတွေကို ဖြေရှင်းပါ။ သင့်ကလေးဟာ ကျောင်းမသွားချင်ဘူးလို့ပြောပြီး ငိုတာကို ချော့လို့လည်းမရတာမျိုး ဒါမှမဟုတ် အိပ်မက်ဆိုးကြောင့် စိုးရိမ်စိတ်တွေရှိနေတာမျိုး ဒါမှမဟုတ် တစ်ယောက်တည်းနေရလို့ ကြောက်နေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ကလေးတွေမှာ ဖြစ်တတ်တဲ့စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ ကလေးအထူးကုနဲ့ တွေ့ပြီးဆွေးနွေးသင့်ပါတယ်။

 

Ref: www.parents.com “When your children doesn't want to go to school”

Wint Wah (ရိုးရာလေး)