ပျင်းတဲ့သူတွေအတွက် သင်ခန်းစာ

yyl-21-022.jpg

ဒေသတစ်ခုကနေ တစ်ခုကို အမြဲတမ်းလှည့်လည်သွားလာနေရတဲ့ ကုန်သည်တစ်ဦးဟာ သူရဲ့ကုန်စည်တွေကို သယ်ယူပို့ဆောင်ဖို့ရည်ရွယ်ချက်နဲ့ မြည်းတစ်ကောင်ကို ဝယ်ယူလာခဲ့ပါတယ်။ ကုန်သည်ဟာ မြည်းလေးကို အစာကောင်းကောင်းကျွေးပြီး ဂရုတစိုက်နဲ့ ထိန်းကျောင်းထားပါတယ်။

တစ်နေ့မှာတော့ ချောင်းတစ်ဘက်မှာရှိတဲ့ နေရာဒေသတစ်ခုကို ဆားအိတ်တွေပို့ဆောင်ဖို့ အကြောင်းကိစ္စဖန်လာပါတော့တယ်။ အဲဒီအခါမှာ ဝယ်ထားတဲ့ မြည်းလေးပေါ်ကို ဆားအိတ်တွေတင်ပြီး အိမ်ကနေထွက်လာကြပါတယ်။ အဲဒီလိုနဲ့ ခရီးဆက်လာကြရင်း ချောင်းတစ်ခုကိုအဖြတ်မှာတော့ မြည်းလေးဟာ ခြေချော်ကျသွားပါလေရော။ ချော်ကျသွားတဲ့အခါ ခန္ဓာကိုယ်ပေါ်မှာတင်ထားတဲ့ ဆားအိတ်တွေက အရည်ပျော်ကုန်ပါတယ်။ မြည်းလေးဟာ သူ့ပေါ်တင်ထားတဲ့ ဆားအိတ်အလေးကြီးတွေဟာ ရေနဲ့ထိတွေ့တဲ့အခါ အရည်ပျော်သွားပြီး အလေးချိန်လျော့ကျသွားတာကြောင့် ပျော်ရွှင်သွားပါတော့တယ်။ ကုန်သည်ကြီးလည်း ဆားအိတ်တွေအားလုံး အရည်ပျော်သွားတာကြောင့် ခရီးဆက်လို့မရတော့ပဲ အိမ်ကိုလှည့်ပြန်ခဲ့ရတော့တယ်။

နောက်တစ်နေ့ ကုန်သည်ကြီးဟာ ထပ်မံပြီး ဆားအိတ်တွေပို့ဖို့အတွက် မြည်းလေးပေါ်တင်ပြီး ခရီးထွက်လာပြန်တယ်။ မြည်းလေးက မနေ့ကအဖြစ်အပျက်အတိုင်း ဆားအိတ်တွေရေစိုသွားရင် အရည်ပျော်သွားပြီး ဆက်ပြီးသယ်ဆောင်စရာမလိုတော့ပဲ လှည့်ပြန်လို့ရတာ သိသွားတာကြောင့် ပထမနေ့ကလို ချော်လဲချင်ယောင်ဆောင်ပြီး ရေထဲကို ဟန်ဆောင်လဲချခဲ့ပါတယ်။ ဆားအိတ်တွေ အကုန်လုံးဟာ ပထမအခေါက်တုန်းကလိုပဲ ရေတွေစိုကုန်ပြီး ပျက်စီးကုန်ပြန်တယ်။ ကုန်သည်ကြီးလည်း ဘာမှမတတ်နိင်တော့ပဲ စိတ်ညစ်ညစ်နဲ့ အိမ်လှည့်ပြန်ခဲ့ရပြန်တယ်။

အိမ်ပြန်ရောက်တဲ့အခါမှာ ကုန်သည်ကြီးဟာ သူရဲ့မြည်း ချော်လဲကျတဲ့ဖြစ်စဉ်ကို သင်္ကာမကင်းဖြစ်ပြီး အလုပ်မလုပ်ချင်တာကြောင့် အခုလိုမျိုးဟန်ဆောင်နေတာပဲဖြစ်နိုင်တယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ နောက်တစ်ရက်မနက်မှာတော့ ကုန်သည်ကြီးဟာ အရင်နေ့တုန်းကလိုမျိုး ဆားအိတ်တွေကို မသယ်သွားတော့ပဲ ဝါဂွမ်းစတွေကို ဆားအိတ်အလေးချိန်နဲ့ ညီမျှအောင်ထည့်ပြီး သူ့ရဲ့မြည်းပေါ်တင်ပါတော့တယ်။ ကုန်သည်ကြီးရဲ့ အကြံအစည်ကိုမသိတဲ့ မြည်းကတော့ ချောင်းကိုဖြတ်အကူးမှာ အရင်အခေါက်တွေတုန်းကလိုမျိုးပဲ ချော်လဲချင်ယောင်ဆောင်ပြီး သူ့အပေါ်မှာတင်ထားတဲ့ ကုန်စည်တွေအားလုံးကို ရေစိုပျက်စီးအောင် ပြုမူပါတော့တယ်။ ဒါပေမဲ့ အရင်အခေါက်တွေတုန်းကလိုမျိုး ရေစိုတဲ့အခါ ပျော်သွားပြီး အလေးချိန်ပေါ့သွားတတ်တဲ့ ဆားများမဟုတ်တော့ပဲ ရေစိုလေ အလေးချိန်ပိုစီးလေ ပိုပြီးလေးလေ ဖြစ်တဲ့ ဝါဂွမ်းစတွေ ဖြစ်သွားမှန်းသိသွားတဲ့အခါမှာတော့ မြည်းလေးဟာ လေးလံနာကျင်စွာနဲ့ပဲ ကုန်းရုန်းပြီး ပြန်ထရပါတော့တယ်။

ဒီအခါမှာတော့ ကုန်သည်ကြီးက “မင်း ဥာဏ်နီဥာဏ်နက်များပြီးပျင်းနေလို့ ငါအခုလိုမျိုး ပညာပေးရတာပါ။ အလုပ်ကိုရေသာမခိုဘဲ ရိုးရိုးသားသားကြိုးကြိူးစားစားနဲ့လုပ်မယ်ဆိုရင် အခုလိုမျိုး အပြစ်ပေးခံရမှာမဟုတ်ပါဘူး”လို့ သူရဲ့မြည်းကို သတိပေးပြီး ဆုံးမလိုက်ပါတယ်။

ဒီပုံပြင်လေးကနေ အဓိကပေးချင်တဲ့ အသိကတော့ သက်တောင့်သက်သာနေနေရလို့ ပျင်းနေမယ်ဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေချာပေါက် နဂိုထက် နှစ်ဆပိုပြီး ပင်ပန်းနိင်ပါတယ်။ အဲဒီလို ရေသာမခိုဘဲ အလုပ်ကြိုးစားမယ်ဆိုရင်တော့ သင်လိုချင်တဲ့ အိပ်မက်တွေက အမြန်ဆုံး အကောင်အထည်ပေါ်လာမှာပါပဲ။

Ref: “Lazy Donkey”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top